ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမှုရေးလုပ်ငန်းများ.....

ပညာကုန် ပေးဆပ်မှု

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်” ဓါတ်ပုံသင်တန်းအား ၃/၂၀၁၀ အဖြစ် သင်ကြား ပို့ချလျှက်ရှိရာ ၂၂.၇.၂၀၁၀ နေ့မှစတင်၍ ဓါတ်ပုံပညာရပ် အကြောင်း အခြေခံကို စာတွေ့သင်ကြားခြင်း၊ ပရိုဂျက်တာဖြင့် ပြသသင်ကြား ပို့ချခဲ့ရာ သင်တန်း တတိယအပါတ်တွင် ဓါတ်ပုံပညာရှင် TV သက်မွန်နှင့် ဓါတ်ပုံပညာရှင် ကိုမြင့်သန်းတို့မှ Indoor ဓါတ်ပုံရိုက်နည်း၊ မီးအလင်းအမှောင် အယူအဆများကို သင်တန်းသူ/သားများအား လက်တွေ့ရိုက်ကူးခြင်းတို့ကို သင်ကြားပို့ချခဲ့သည်။ ထိုသို့ လက်တွေ့ သင်ကြားပို့ချရာတွင် ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်၊ ဒေါ်သန်းမြင့်အောင်တို့နှင့် သင်တန်းသူ/သား အချို့မှ အလှည့်ကျ သရုပ်ပြ ရိုက်ကူးခြင်းကို ကူညီပေးခဲ့ကြသည်။

ထို့နောက် Outdoor နာရေးသတင်း ဓါတ်ပုံရိုက်ကူးခြင်းကိုလည်း လက်တွေ့ကွင်းဆင်း၍ နာရေးပို့ဆောင်ရာ လမ်းကြောင်း တို့တွင် လိုက်ပါ၍ သင်ကြားပို့ချခဲ့သည်။ ထို့ပြင် မျိုးဆက်သစ် ကလေးငယ်တို့၏ “အဖြူထည် ပန်းချီပြပွဲ”တွင်လည်း ပေါ်ပြူလာ အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ) အကူအညီဖြင့် အင်တာဗျူး (အမေးအဖြေ) ရိုက်ကူးခြင်း ပညာရပ်ကို လည်း လက်တွေ့ သင်ကြားပေးခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စ၊ ဆေးဝါးကုသမှုတို့အပြင် လူမှုရေးသင်တန်း များ မျိုးဆက်သစ်ကလေးငယ်တို့၏ ပညာရေး သင်တန်းများ၊ အဖြူထည်တို့၏ ပန်းချီသင်တန်းများ အပြင် မျိုးဆက်သစ် လူငယ်/ရွယ်တို့အတွက် ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက် ဓါတ်ပုံပညာသင်တန်း အစရှိသည့် သင်တန်း အသီးသီးတို့အား ပို့ချသင်ကြား ပေးဆပ်ရာတွင် မိမိတို့ တတ်စွမ်းသော ပညာရပ် အသီးသီးတို့အား မချွင်းမချန် ပညာကုန် သင်ကြားပို့ချ ပေးဆပ်လျှက် ရှိပါသည်။

အမျိုးသားများတန်းတူ ပေးဆပ်မှု

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စဆောင်ရွက် ပေးဆပ်ရာတွင်၎င်း၊ ဆေးဝါး ကုသပေးခြင်း ဆောင်ရွက်ရာတွင်၎င်း၊ လူမှုရေးလုပ်ငန်းရပ်များနှင့် ပတ်သက်သော ပေးဆပ်မှု အသီးသီးတို့တွင် အမျိုးသားများတန်းတူ အမျိုးသမီးများသည်လည်း တက်တက်ကြွကြွ ပေးဆပ်လျှက် ရှိပါသည်။
ပေါ်ပြူလာဂျာနယ် အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ) ၏ အဒေါ်ဖြစ်သူ၏ နာရေးဈာပန လမ်းကြောင်းတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေး မှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့ ဦးဆောင်၍ အသင်းသူ/သားများနှင့် လိုက်လံသယ်ယူ ပို့ဆောင် သင်္ဂြိုလ်ပေးခဲ့သည်။ ဘ၀တစ်ပါးသို့ ပြောင်းလဲသွားသောသူသည် အသက် (၈၀) ကျော် ဖြစ်ပြီး တိုက်ရိုက်သင်္ဂြိုလ်ခြင်း ဖြစ်သည့်အတွက် ဂျပန်နိုင်ငံရောက် မြန်မာလူမျိုး ကိုဗညား လှူဒါန်းထားသော အထူးနိဗ္ဗာန်ယာဉ်ကို ဒေါ်ရွှေဇီးကွက်မှ နာရေးနေအိမ်မှ မောင်းနှင်ကာ ရေဝေးသု ဿန်သို့ ပို့ဆောင် သင်္ဂြိုလ်ပေးခဲ့သည်။
ထို့ကြောင့် လူမှုရေးလုပ်ငန်း လုပ်ဆောင်ရာတွင် ပေးဆပ်မှုအသီးသီးတို့သည် မည်မျှပင် ခက်ခဲခြင်း၊ ကြမ်းတမ်းခြင်း၊ အနှောက်အယှက်များခြင်း၊ ရာသီဥတုဒဏ် ပြင်းထန်ခြင်း ရှိစေကာမူ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးသမား အမျိုးသမီးများသည် အမျိုးသားများတန်းတူ ကိုယ်ကျိုးစွန့်၍ အများပြည်သူတို့အတွက် ပေးဆပ်ဆောင်ရွက်လျှက် ရှိပါသည်။


ပညာရွှေအိုး လူမခိုး

နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်တွင် မျိုးဆက်သစ် ကလေးငယ်များအတွက် အင်္ဂလိပ်စာ သင်တန်း ဖွင့်လှစ်ပေးလျှက် ရှိသလို လူလတ်ပိုင်းများမှ တောင်းဆိုမှုတို့ကြောင့် လူလတ်တန်း မျိုးဆက်သစ်တို့ အတွက် အင်္ဂလိပ်စာ 4 – Skills သင်တန်းအား ၁၁.၈.၂၀၁၀ (ဗုဒ္ဓဟူး) နေ့တွင် စတင်၍ ဖွင့်လှစ်ခဲ့ပါ သည်။ အဆိုပါ 4 – Skills သင်တန်းအား တက်ရောက်ကြသည့် သင်တန်းသူ/သားများ၏ ပညာအချင်း မှာ တက္ကသိုလ်ဝင်တန်းနှင့် အထက်ဖြစ်ပြီး ဘွဲ့ရပြီးသူများပါ တက်ရောက်ကြပြီး သင်တန်းချိန်များမှာ (ဗုဒ္ဓဟူး၊ သောကြာ၊ စနေ) တစ်ပါတ်လျှင် (၃) ရက် ဖြစ်ပြီး သင်တန်းကာလမှာ (၄) လ ကြာမြင့်မီ ဖြစ်ပါသည်။ စာသင်ချိန် စုစုပေါင်း (၁၀၀) နာရီ ဖြစ်ပါသည်။ ဗုဒ္ဓဟူးနေ့တွင် နံနက် (၈း၀၀) နာရီ မှ (၁၀း၀၀) နာရီထိ Grammar နှင့် Vocab ကို ဆရာ ဦးဝင်းကိုမှ သင်ကြားပို့ချပမည်။ သောကြာနေ့တွင် နံနက် (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီထိ Speaking, Listing ကို ဆရာမ ဒေါ်နီနီအေးမှ သင်ကြားပို့ချ ပါမည်။ စနေနေ့တွင် နေ့လည် (၁း၀၀) နာရီမှ (၄း၀၀) နာရီထိ ဆရာ ဦးတင်ဝင်းနှင့် ဆရာ ဦးသက်ထွဋ်နိုင်တို့မှ Reading, Writing ကို သင်ကြားပို့ချပါမည်။ ယခု လက်ရှိ တက်ရောက် နေကြသော သင်တန်းသူ/သား စုစုပေါင်း (၂၅) ယောက် တက်ရောက်သင်ကြားနေသလို ထပ်မံ၍ သင်တန်းတက်ရောက်လိုသူများကလည်း စာရင်းပေးသွင်းလျှက် ရှိပါသည်။

ပညာရေးကို လိုလားတောင့်တနေကြသော သူတို့အဖို့ အသက်ကြီးငယ်မရွေး ကုသိုလ်ဖြစ် ပညာဒါန အခမဲ့ သင်ကြားပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)သည် “ပညာရွှေအိုး လူမခိုး” ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြု၍ ပေးဆပ်လျှက် ရှိပါသည်။