ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

သူရဲကောင်းစိတ်ဓါတ်များ မွေးမြူပေးကြပါ...

သူရဲကောင်းစိတ်ဓါတ်များ မွေးမြူပေးကြပါ

" ငါတို့ ဗမာပြည်ဝယ် မိဘတိုင်းက ကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ် " ထိုသီချင်းစာသား လေးကို အလွန်ကြိုက်၏ ။ လူတော်တော်များများလည်း လွန်စွာ ကြိုက်နှစ်သက်လှသည် ကို တွေ့ရတာဘဲ ။ ငယ်ငယ်တုန်းက တော့ သူရဲကောင်းဆိုတာ မွေးကတည်းက အလွန်သတ္တိရှိသော သူဟု ထင်မြင်ယူဆခဲ့တာလည်း အမှန်ပါ ဘဲ ။ နောက်ပိုင်းစာတွေ များများဖတ်မိလာသော အခါ သူရဲကောင်းဆိုသော သဘာဝကို ပိုမိုသိရှိနားလည် သဘောပေါက်လာမိသည် ။ လူတိုင်းလူတိုင်း သူရဲကောင်းစိတ်ဓါတ်ကို မွေးမြူကြရင် ကိုယ်တိုင် သူရဲကောင်း ဖြစ်လာနိုင်တယ်ဆိုတာကို တကယ်နားလည် သဘောပေါက်လာတယ် ။

ဒါပေမယ့် ဒီနေ့မြန်မာနိုင်ငံလက်ရှိအနေအထား ကိုကြည့်လိုက်ရင်တော့ အဲဒီ သီချင်းကို ရင်ထဲက စိတ်ပါလက်ပါ ဆိုခဲ့ကြတဲ့လူကြီးတွေ မိဘနေရာကို ရောက်နေကြပါပြီ ။ဒါပေမယ့် ကျွန်တော့ မိဘ အပါအ၀င် တော်တော်များများက သူတို့ သားသမီးတွေ သူရဲကောင်းဖြစ်မှာကို မသိစိတ်က စိုးရိမ်နေကြတယ် ။ ဒါကြောင့် နိုင်ငံရေးဆိုတာကို သားသမီးတွေ နဲ့ မပက်သက်အောင် တဖြည်းဖြည်းပုံသွင်းလာကြာတာကို တွေ့ရတော့ သူတို့ တွေ ငယ်ငယ်က ဆိုခဲ့တဲ့ သီချင်းလေးဘဲ ပြန်ဖွင့်ပြပြောဆိုရမလို ဖြစ်နေပြီ ။ သားသမီးတွေ ကို တကယ်ချစ်တဲ့ မိဘဆိုရင် လမ်းမှန်ပြပေးရမယ်လို့ဘဲ ထင်ပါတယ် ။ သူတို့တွေ သားသမီးတွေကို စိုးရိမ်စိတ်နဲ့ ပြောကြလို့ နိုင်ငံရေးဆိုတာ လူငယ်တွေ အနနဲ့ မသီစရာ ကြောက်စရာ သဘောမျိုးခံယူလာကြတာတော့ မကောင်းပါဘူး ။

သူတို့ တွေ တကယ်တန်းပြောပြသင့်တာက သူတို့တွေရဲ့ ငယ်ဘ၀တွေ နဲ့ အခုချိန်နဲ့ နှိုင်းယှဉ်ရင် ဘယ်လို ကွာခြားသွားပြီ ။ဟိုအရင်ခတ်က ၀န်ထမ်းတစ်ယောက်လုပ်စာကို တစ်မိသားစုလုံး ထိုင်စားလို့ရတယ်။ အခုအနေအထားက တစ်အိမ်လုံးလုပ်နိုင်ကိုင်နိုင်တွေလုပ်နေကြတာတောင် ၀မ်းဝရုံဘဲရှိတော့တာ။ ဒီလိုပြောင်းလဲလာရတဲ့ အဓိကအကြောင်းတွေကို ပြောပြရမှာ ။ အခုတော့အကြောက်တရားတွေ ကို ပြောကြား ကိုယ့်သားသမီးကို သူရဲကောင်းမဖြစ်စေချင်တာ မိဘတွေ ချစ်တာ မဟုတ်ဘူး ၊ နှစ်သလိုဖြစ်နေပြီဆိုတာ ဆင်ခြင်ကြည့်ကြဖို့ကောင်းပါပြီ ။ ကိုယ့်သားသမီး သူရဲကောင်းပါ ဆိုတာ ဂုဏ်ယူချင်တဲ့မိဘတွေ များလာမှ အာဏာရှင်စံနစ်ဆိုးအောက် ကလွတ်မြောက်ပြီး တိုင်းပြည် တိုးတက်ထွန်းကားလာမှပါ ။ သူရဲကောင်းဆိုတာ ပြည်သူလူထုက အမြဲတမ်လေးစားချစ်ခင် ယုံကြည်မှုကို ခံရတယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းကို ကိုကြည့်လိုက်တာနဲ့ သိသာပါတယ်။ အဲဒီလိုပါဘဲ ကိုယ်တိုင် သူရဲကောင်းဖြစ်လာရင် ပြည်သူလူထု ကလေးစားချစ်ခင်ကြမှာဘဲ ။

ကျွန်တော်တို့ နိုင်ငံဟာ အခုအချိန်မှာ နိုင်ငံတကာအလယ်နဲ့ နိုင်းယှဉ်ကြည့်ရင် အရမ်းကို အောက်တန်းကျနေပါပြီ ။ စိတ်ဓါတ်တွေလည်း ပျက်ပြားကုန်ကြပါပြီ ။ သာသနာဆိုတာလည် ရစရာ မရှိတော့ဘူး ။ နိုင်ငံတကာက လူတွေက မြန်မာလူမျိုးဆိုရင် ဗုဒ္ဓဘာသာနဲ့ တွဲမြင်လေ့ရှိတယ် ။ အခုတော့ရတနာ သုံးပါးမှာ တစ်ပါး အပါအ၀င်ဖြစ်နေတဲ့ သံဃာကို စော်ကားလည်း ထိုင်ကြည့်နေရတာဘဲ ။ အာဏာရှင်တွေ စော်ကားသမျှ ခေါင်းငုံ့ခံနေကြတာ ပြည်သူလူထုမှာ အကြောက်တရားတွေ ဖုံးလွှမ်းနေကြလို့ပါဘဲ ။ အခုချိန်မှာတောင် ရယက ဥက္ကဌလောက်ကို မျက်နှာချိုသွေးနေကြရတဲ့ မြန်မာလူမျိုးတွေ ၊ နောင်ဆို ဘာတွေဆက်လက် ဖြစ်ပွားလာနိုင်လဲ အနည်းငယ်စဉ်းစားပြီး အသိတရားရဖို့ ချိန်တန်နေပါပြီ။ အဲဒီလို အကြောက်တရားတွေ ဖုံးလွှမ်းလာလေ သူတို့ပိုမိုစော်ကားလေ ဆိုတာ မမေ့ကြပါနဲ့ ။ နိုင်ငံအရေး ကို အတိုကောက်နဲ့ အဆင်ပြေအောင် နိုင်ငံရေးလို့ ခေါ်ကြတာပါ ။ နိုင်ငံအရေးဆိုတာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်ပါတယ် ဆိုတာတော့အားလုံး သိပြီးသားပါ ။ ဒါဆို ကျွန်တော်တို့ တစ်တွေ နိုင်ရာတာဝန်ထမ်းသင့်ကြတယ်လို့ ပထမဆုံး အနေနဲ့ ဆုံးဖြတ်ချက်တွေ ချလိုက်ကြရင်မကောင်းဘူးလား ။

ရွေးကောက်ပွဲဆိုတာ နိုင်ငံတကာ ဖိအား (၀ါ) ပြည်ပရောက်မြန်မာ့ဒီမိုကရေစီ အင်အားစုသယ်ဆောင်လာတဲ့မုန်တိုင်း ကို ကာကွယ် ဖို့ ဟန်ပြလုပ်နေတယ်ဆိုတာ အားလုံး အသိပါဘဲ ။ သူတို့တွေမှာ ကြိုတင်စီစဉ်ပြီးသား ။ ဒါပေမယ့် လူထုကို သေနတ်ပြခြိမ်းခြောက်ပြီး တစ်အိမ်တစ်ယောက် မလာ မနေရ စနစ်နဲ့ အတင်းသဘောတူခိုင်းခဲ့တဲ့ အခြေခံဥပဒေဆိုတာ သူတို့ တွေမေ့နေကြတာလား ၊ ဒါမှမဟုတ်ရင် အခြေခံဥပဒေလိုဘဲ ပြည်သူလူထုကို အနိုင်ကျင့်မဲပေးခိုင်းမယ်လို့ သူတို့တွေ တွေးထင်ထားကြတာလား မသိပါဘူး။ တစ်သွေးတစ်သံ တစ်မိန့် ဆိုတဲ့ စကားအောက်မှာ ဒုက္ခရောက်နေကြတဲ့ တပ်မတော် များ အပါအ၀င် ပြည်သူ့ဝန်ထမ်းတွေ များစွာ ရှိပါတယ် ။ သူတို့တစ်တွေလည်း အာဏာရှင်လက်အောက် က ရုန်းထွက်ချင်နေကြတယ်ဆိုတာ ကို အတွင်းစကားတွေနဲ့ တော်တော်များများကြားသိထားရတယ် ။ တကယ်တမ်းလည်း ဟုတ်ပါတယ် အာဏာရှင်တွေရဲ့ အုပ်ချုပ်ရေး ယန္တယားကို အဓိက မောင်းနှင်ပေးနေတာကလည်း တပ်မတော်သားတွေနဲ့ ၀န်ထမ်းတွေပါဘဲ ။ အာဏာရှင်တွေ စည်းစိမ်ချမ်းသာ အမျိုးမျိုးခံစားနေကြပေမယ့် သူတို့တွေဘ၀ကတော့ ပြည်သူများနဲ့ မခြား နင်းပြားတွေပါဘဲ သူတို့တွေကို အမှန်တရားဆိုတာ နားလည် သဘောက်ပေါက်လာအောင် ပြောဆိုပေးကြပါ ။

ကိုယ့်ရဲ့ရန်သူကို တိုက်မယ်ဆိုရင် ဟာကွက် ပျော့ကွက်ကို အရင်ဆုံးရှာဖွေကြရမယ်။ အင်နည်း အနည်းဆုံး အချိန်မှာ ၀င်ရောက်တိုက်ခတ်တတ်ရမယ်ဆိုတာ တဲ့ အခြေခံသဘောတရားကို တော့ လူတော်တော်များများ သိရှိနားလည်ပြီးသားပါ ။ အာဏာရှင်လူတစ်စု အတွင်းမှာတောင် စစ်မှန်တဲ့ ယုံကြည်မှုနဲ့ တည်ဆောက်ထားတာမဟုတ်ကြလို့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုမရှိကြပါဘူး။ သူတို့ အစီအမံက ၀န်ကြီးချုပ် အပါအ၀င်အုပ်ချုပ်ရေး ပိုင်းက အရာရှိတော်တော်များများကို လူဝတ်လဲပြီး ရွေးကောက်ပွဲ ၀င်ခိုင်းမယ် ။ ပြီးရင် ဦးသန်းရွှေက အာဏာကို ဆက်လက်ထိမ်းသိန်းကြမယ်လို့ ကြံစည်ခဲ့ကြတယ် ။

တကယ်လည်းလူဝတ်လဲခိုင်းမယ်ဆိုတော့ သိတဲ့အတိုင်း အချင်းချင်း မယုံကြည်မှုက ပြဿနာ စလာကြမှာပါဘဲ ။ ယူနီဖောင်းချွတ်လိုက်တာနဲ့ သူတို့ရခဲ့သမျှ အာဏာတွေ ရုပ်သိန်းခံရတာ နဲ့တူတူပါဘဲ ။ သူတို့လောက ကလည်းအာဏာမရှိတာနဲ့ တပြိုင်နက်ထဲ ချောင်ထိုးပြီးသားဆိုတာ ပြည်သူလူထုအားလုံး သိပြီးသားဖြစ်မှာပါ ။ အဲဒီအချိန်ဟာ ကျွန်တော်တို့ ပြည်သူလူထု လုပ်ရှားဖို့ အကောင်းဆုံး အချိန်ပါဘဲ ။ အတွင်းအက်နေတဲ့ အချိန်မှာ အပြင်ကတစ်ချက်လောက် ၀ိုင်းပြီး ထုနှက်လိုက်တာနဲ့ အားလုံးလိုချင်တဲ့ အာဏာရှင်စနစ်ဆိုးကြီးကို ဖြိုခွင်းနိုင်မှာပါ ။

ဒီမိုကရေစီကို လိုချင်ရင် ဒီမိုကရေစီ ရနိုင်မည့် နည်းလမ်းကို ချဉ်းကပ်ကြတာ အမှန်ဆုံးပါဘဲ ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဒါနပြုတဲ့ နေရာမှာ အားနည်းချက် တစ်ခုရှိပါတယ် ။ ဘုရားပုထိုးစေတီ ကျောင်းကန် ဇရပ်တွေ ဆောက်လုပ်လှူဒန်းဖို့ဆို စိတ်အားထက်သန်ကြပေမယ့် လူမှုရေး အလှူဆို အားနည်းကြသေးတယ်။ အခုတော့ ဆရာတော် ဦးဥာဏိဿရ ၊ ဦးသုမင်္ဂလ ၊ ရွေပြည်သာ ဆရာတော်နှင့်တကွ သံဃာတော်များ ၊ ကိုကျော်သူ ၊ လမ်းပြကြယ်ဦးအေးမြင့် အစရှိသည့် ပြည်သူ့ အကျိုးဆောင် များကြောင့် လူမှုရေးအလှူတွေ ကို လှူတတ်လာကြပြီ ။ ဒါပေမယ့်လည်း အားရကျေနပ်နိုင်တဲ့ အဆင့်တော့ မဟုတ်သေးပါဘူး ။ နိုင်ငံအကျိုးသယ်ပိုးနေတဲ့လူတွေကို ၀ိုင်းဝန်းကူညီကြတာဟာ အမျိုးဘာသာ သာသနာ အားလုံးကို လှူဒန်းတာနဲ့ အတူတူပါဘဲ ။ အာဏာရှင်စနစ်ဆိုးကို ဖြုတ်ချဖို့ကြိုးစားတာဟာ မြန်မာလူမျိုးတွေကို ဒုက္ခဆိုးကြီးထဲက ကူညီလိုက်တာနဲ့တူတူပါဘဲ ။ မီးလောင်တယ်ဆိုရင် ကြားတာနဲ့ ကူညီပေးသင့်တယ်။ ငါအိမ်နဲ့တော့ဝေးပါသေးတယ် ဆိုတဲ့အတွေးနဲ့ နေလိုက်လို့အဲဒီလောင်တဲ့ မီးအားကြီးလာရင် ကိုယ်အိမ်လဲ မီးထဲပါသွားနိုင်တယ်ဆိုတာ ဥပမာထား စဉ်းစားစေလိုပါတယ် ။ အဲဒီတော့ စစ်မှန်တဲ့ ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်တဲ့ သူရဲကောင်းတွေ ရှိနေတဲ့ အချိန်အခါလေးမှာ မိမိတို့ တတ်နိုင်တဲ့ ဘက်က ပါဝင်ကူညီကြပါလို့ ရိုးသားစွာဘဲ မေတ္တာရပ်ခံ အပ်ပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ မိမိတို့ နိုင်ရာတာဝန်ကို ထမ်းဆောင်ပေးကြပါ။ လူကြီးမိဘများအနနဲ့ သားသမီးများတွေ ရင်ဘတ်ထဲက အကြောက်တရားကို မောင်းထုတ်ပြီး သူရဲကောင်းများ စိတ်ဓါတ်များ ဖြစ်ပွားလာအောင် သွန်သင်ဆုံးမပေးကြပါ ။ တစ်ဦးရဲ့ အမှားကို တစ်ဦးက ပြစ်တင်ပြောဆိုနေကြမည့် အစား လမ်းမှန်ပြပေးကြပါ ။ တစ်ယောက်နဲ့ တစ်ယောက် လုပ်နိုင်တာချင်း မတူတာကို အားလုံးနားလည်ပေးကြပါ ။ ကိုယ်တိုင်ဦးဆောင် ဆန္ဒမပြရဲကြပေမယ့် လက်ခုပ်တီးပြီး အားပေးတယ် ဆိုရင်တောင် ခဲနဲ့ပေါက်တာမဟုတ်တဲ့အတွက် သူရဲ့လုပ်ရပ်ကို ချီးကြူးရမှာပါ ။ လူကိုယ်တိုင် မပါဝင်နိုင်လို့ငွေအားနဲ့ကူညီရင်လည်း ချီးကြူးပေးကြရမှာဘဲ ။ အားလုံးရဲ့ဦးတည်ချက်က အာဏာရှင်စနစ်ဖြုတ်ချရေး ဖြစ်တာကြောင့် တစ်ဦးနဲ့ တစ်ဦး အဖွဲအစည်း တစ်ခုနဲ့ တစ်ခု ပူးပေါင်းဆောင်ရွက်ကြပါလို့ အသိပညာရှင် အတတ်ပညာရှင်တွေကို မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။

မြန်မာလူမျိုးတွေဟာ အင်မတန်သတ္တိရှိကြပါတယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ် ။အမှန်တရားမှာ အင်အားရှိတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ အာဏာရှင်လူတစ်စု အရမ်းကြောက်နေ ကြတာကိုသာ ကြည့်ကြပါ ။ တကယ် ဒီမိုကရေစီဆိုတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ တိုင်းပြည်ကို ရောက်ချင်တယ်ဆိုရင် ကိုယ်နိုင်ရာ တာဝန်ကို ထမ်းဆောင်ပေးကြပါ ။ ပြည်ပရောက် မြန်မာလူမျိုးတွေဟာ ပြည်တွင်းအင်အားစုတွေနဲ့စာရင် အစစအရာရာ အားသာချက်တွေရှိပါတယ် ။ အဲဒီတော့ ပြည်ပရောက် မြန်မာလူမျိုး ညီအစ်ကို မောင်နှမ များအားလုံးကို မေတ္တာရပ်ခံချင်တာကတော့ ကျွန်တော်တို့ တစ်တွေ သူများတိုင်းပြည်မှာ ကျွန်သက်ရှည်ရှည် မနေကြရအောင် ကျွန်တော်တို့ တတ်နိုင်တဲ့ ငွေအားနဲ့ နည်းပညာကို အသုံးချပြီး ပြည်တွင်းအင်အားစုတွေ အကောင်းဆုံးနဲ့ အထိရောက်ဆုံးလုပ်ရှားနိုင်ဖို့ ၀ိုင်းဝန်းကူညီကြပေးကြပါလို့ အလေးအနက် တိုက်တွန်းပြောကြားချင်ပါတယ်။ ကျွန်တော်တို့ အတွေ စည်းလုံးညီညွတ်စွာ နဲ့ သူရဲကောင်းစိတ်ဓါတ်တွေ မွေးမြူပြီး အာဏာရှင်စနစ်ဆိုးအောက် က လွတ်မြောက်ပြီး ခေတ်မှီလှပသော ငြိမ်းချမ်းသာယာသော ဒီမိုကရေစီနိုင်ငံကြီးသို့ အမြန်ဆုံးချီတက်ကြပါစို့ ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး