ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

စားလို့ရတာ အကုန်စား ခိုးလို့ရတာ အကုန်ခိုး (မြန်မာပြည်က လာတဲ့စာ...)

မြန်မာ့ ကြယ်ငါးပွင့် သဘောင်္တစ်စင်း
ကိုဒီမိုရေ ဒီတစ်ခေါက်တော့ ကျွန်တော် သဘောင်္ကျင်းမှာ လုပ်ခဲ့တုန်းက အကြောင်းလေးတွေနဲ့ လမ်းတံတားက အကြောင်းတွေကို ပေးပို့လိုက်ပါတယ်…

ကြယ်ငါးပွင့်နဲ့ ပုဂ္ဂလိက ကုမ္ပဏီ တွေ ပေါင်းပြီး ရိုက်စား လုပ်ကြတာတွေလေ.. ကြယ်ငါးပွင့်က သဘောင်္တွေ ပြင်ဖို့ ကုမ္ပဏီ တွေကို တင်ဒါခေါ်ပါတယ်။ အဲ့ဒီမှာကြယ်ငါးပွင့်က ဘယ်ကုမ္ပဏီကို ပေးမယ်ဆိုတာ ကြိုပြီးရိုက်ပြီးသားလေ.. ဟန်ပြသတင်းစာမှာ ကြော်ငြာပြပါတယ်။ ပြီးတော့ ကုပ္မဏီနဲ့ ကြယ်ငါးပွင့်နဲ့ ပေါင်းပြီး ရိုက်စားပါတော့တယ်။ ဥပမာ ကုမ္ပဏီ က သဘောင်္ပြင်တာပေါ့ ဒီဟာ ဒီဟာပြင်မယ်ပေါ့ သိန်း၅၀၀ လောက်ပဲ ကျမယ့်ပေါ့ ဒါကို ဋ္ဌာနဆိုင်ရာက သိန်း၈၀၀လို့ တင်လိုက်တယ်… အဲ့ဒီအထဲက ဝန်ကြီးကို လက်သိပ်ထိုး ၁၀ရာခိုင်နှုန်းပေးရတယ်.. သိန်း၅၀လေ။ အဲ့ဒီတော့ လူကြီးက လက်မှတ်ထိုးပြီး ပါမစ်ချပေးလိုက်တယ်ပေါ့။ အမှန်တကယ်ကျတာ အလုပ်သမားခအပါအဝင် အားလုံးကုန်တာ သိန်း ၂၀၀တောင် ကျတာမဟုတ်ဘူး…. အဲ့တော့လူကြီးလက်မှတ် ကျလာပြီးတာနဲ့ အဲ့ဒီလူကြီးမိန်းမကို ၁၀ရာခိုင်နှုန်း အကြေသွားပေးရတာပေါ့..။ အဲ့လိုအကြေပေးပြီးလို့ ကုမ္ပဏီ ကတော့ အဆင်ပြေသွားပြီလို့ မထင်ပါနဲ့ အဲ့ဒါပြီးတော့ ဋ္ဌာနဆိုင်ရာက ငွေရှိမရှိပေါ်မူတည်ပြီး.. ညစ်ပါတော့တယ်.. ငွေအပြည့်မပေးနိုင်လို့ ခွဲပေးတာတို့ ဘာတို့ပေါ့ နောက်ပိုင်း အကြေရတာရှိသလို မရတာရှိတာပေါ့…။ အစကတည်းက တစ်ဦးနဲ့ တစ်ဦးမမှန်မကန် မရိုးမသားနဲ့ စကြတော့ ဒီလိုပဲ ပြသနာတွေနဲ့ အဆုံးသတ်ပေါ့။ တကယ်တန်း အမြတ်ထွက်သွားတာက ကြယ်ငါးပွင့်က လူကြီးတွေပေါ့… ၁၀ရာခိုင်နှုန်း အစတည်းက ယူထားပြီးသားလေ..။ အဲ့တော့ ကုမ္ပဏီကလည်း ငွေအကြေရမရကို အဆုံးမခံနိုင်တဲ့ အတွက်ကြောင့် ပုံမှန်ကုန်ကျတာထက် လေးငါးဆလောက် တင်လိုက်တာလေ… နောက်ဆုံးငွေတွေက ပြည်သူ့ဘဏ္ဍာငွေတွေ ပဲဆုံးရှုံးတာ.. ဒီငွေတွေကို အကျိုးရှိလိုအပ်တဲ့ နေရာတွေမှာ သုံးလိုက်ရင် အင်မတန်အကျိုးရှိမှာလေ….

နောက်ပုဇွန်တောင်မှာ စက်မှု(၁)က အစိုးရပိုင် မြေကွက်ကို ရောင်းတာ သိန်း(၅၀၀)လောက်တန်တာကို Smart Company ကို သိန်း(၁၀၀)ကျော်နဲ့ ဝန်ကြီးကလက်မှတ် ထိုးပေးပြီး.. ရောင်းတာလေ မတန်တရာ ဈေးနဲ့ ဦးအောင်သောင်းပေါ့ သူ့သူငယ်ချင်းမို့လို့တဲ့ .. စဉ်းစားသာကြည့် ကိုဒီမို ပြည်သူပိုင်မြေကို သူ့အမေလင် ပိုင်တဲ့မြေအတိုင်း လုပ်တာလေ…။ ဒါတွေက တကယ့် အဖြစ်အပျက်တွေ တစ်နေ့ ပြန်တရားစွဲရမယ်။ မြန်မာပြည်မှာ စစ်အစိုးရနဲ့ ပတ်သတ်တဲ့သူတွေ ချည်းပဲအလုပ်ဖြစ်နေကြတာလေ..။ မိသားစု ပါတနာတွေချည်းပဲ.. ကျွန်းဆိုရင်လည်း အရင်တုန်းကလို လက်နှစ်ဖက်စာ အကြီးကြီးတွေ နှစ်တစ်ရာ ကျွန်းတွေ မဟုတ်တော့ဘူး သက်တမ်းမပြည့်တဲ့ လက်တစ်ဖက်စာတောင် မရှိတော့တဲ့ သေးသေးလေးတွေလေ ခုတ်လိုက်ကြတာ သက်တမ်းမပြည့်ပဲ တောင်ကတုန်းတွေ ဖြစ်တဲ့အထိ။

ဒါတွေက နေရာတကာမှာ ဖြစ်ပျက်နေတာလေ… သူငယ်ချင်းတစ်ယောက် အင်ဂျင်နီယာနဲ့ စကားပြောကြတော့ ပြောပြတာက အင်ဂျင်နီယာမှုးကြီးတွေ Project တစ်ခုရဖို့ ဥပမာ လမ်းတံတား တစ်ခုခုအတွက် ဝန်ကြီးကို သိန်း ၃၀၀ အထက်ပေးရတယ်..။ အဲ့မှာလည်း ယူလိုက် ခိုးလိုက်ကြတာ အဆင့်ဆင့် နောက်ဆုံး ကားမောင်းတဲ့သူက အစပေါ့။ ဥပမာတစ်ခုပြောရရင်.. လမ်းအောက် မြေသားကျစ်ဖို့ လမ်းကြိတ်စက်နဲ့ ၁၀ခေါက်လောက် ကြိတ်ရမယ့် ဟာကို ၅ခေါက်လောက်ပဲကြိတ်ပြီး တာဝန်ကျတဲ့သူက ၁၀ခေါက်ကြိတ်တယ်ဆိုပြီး လက်မှတ်ထိုးပေး ပြီးတော့ ကျန်တဲ့ဆီကို ရောင်းစားမျှဝေယူကြတာ။ တစ်ချို့ဝန်ထမ်းတွေက လခမလောက်လို့ မလောက်လို့ ဆိုပြီးအကျင့် ပျက်ရာကနေ ..ချမ်းသာဖို့ အမျိုးကောင်းစားဖို့ ဖြစ်လာပြီး လောဘကို အသောမတတ်နိုင်ကျတော့တာ အထက်က ဝန်ကြီးကစပြီးလာဘ်ယူတော့ အောက်ခြေကလည်း လုပ်ပေါ့.. နောက်ဆုံး တံတားတစ်စီး လမ်းတစ်လမ်းက ပုံမှန်ထက် ၂ဆကုန်ပြီး ကောင်းလား ခံလားဆိုတော့လည်း တစ်မိုးတောင်မခံ လမ်းပျက် တံတားပြိုတာ ခဏခဏလေ။ တစ်ချို့ ပရိုဂျက်မှာ ပါတဲ့နိုင်ငံခြား ပညာရှင်တွေဆို လက်ဖျားခါတယ်…။ သူတို့ဆီမှာ ၆လလောက်နဲ့ ပြီးတာ ဒီမှာ အကုန်ခိုးယူနေတော့ မပြီးနိုင်ပဲ နှစ်ချီကြာနေတာပေါ့။
မြန်မာပြည်က ကားရထားတစ်စင်း
နောက်ကျွန်တော် ၂၀၀၂ခုနှစ် မိုးတွင်း လောက်တုန်းက ထားဝယ်ဖက်ကို ခရီးထွက်တော့ လမ်းတစ်ဘက်မှာ ငါးကို အရိုးထွင်ထားသလို မြင်ကွင်းတစ်ခုကို တွေ့ရတယ်..။ ကားနဲ့ အဲ့ဒီနေရာနဲ့ အပြိုင်အနီးအနားကို ယှဉ်မောင်းတော့မှ ရထားလမ်း ဖြစ်နေတယ်..။ နယ်ခံတွေ မေးကြည့်တော့ ရေး-ထားဝယ် ရထားလမ်းတဲ့.. အောက်ကမြေသားတွေ မရှိတော့ပဲ သံလမ်းချည်းပဲ ကျန်တာလေ.. ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်သီဟသူရ စစ်မောင်ခေတ် ရေးထားဝယ်.. ရထားလမ်းဖောက်တော့ အနီးအနားက ရွာတွေကို အတင်းအကြပ် လုပ်အားပေးခေါ်တယ်.. တစ်အိမ်ထောင်ကို သတ်မှတ်ထားတဲ့ ရထားလမ်းအတွက် မြေကျင်းတစ်ကျင်း ဖို့ရမယ်ပေါ့.. ရွာသားတွေကို အလကားခိုင်းပြီး အလုပ်သမားခဆိုပြီး စာရင်းလိမ်ပြီး အထက်တင်ပြီး ခုတ်စားတယ်လေ.. အဲဒီတော့ တစ်ချို့အိမ်ထောင်စုတွေက အလုပ်လည်းပျက် အလကားလည်း လုပ်ပေးရတော့.. မြေဖို့တဲ့နေရာမှာ မြန်မြန်ပြီးအောင် အောက်က ငှက်ပျောတုန်းတွေခံပြီး မြေဖို့တော့တာပဲ.... အဲ့ဒီရထားလမ်းစဖွင့်တုန်းက ကားရထားပြေးတာ ရထားလမ်းချော်လို့ ဝန်ကြီးတွေ အကုန်ဆင်းပြေးတော့ ဗိုလ်ချုပ်စစ်မောင်က ဝန်ကြီးတွေကို ကလော်တုတ်တော့တာလေ။ စေတနာ အကျိုးပေးဆိုတော့ မတရားလုပ်အားခတွေ ဖျက်စားချင်တာကိုး မိုးတွင်းရောက်တော့ ရထားလမ်းက မြေတွေ ပျော့အိလာပြီး နောက်ဆုံး ဟိုနေရာတစ်ကွက် ဒီနေရာတစ်ကွက်နဲ့ ငါးအရိုးလို သံလမ်းချည်းပဲကျန်တာလေ...။ ပြုတ်လိုက်ကျတာ... ပြောမနေနဲ့...။ အာဏာရှင်တွေ နလပိန်းတုန်း အမိန့်ပေးပြီး မပြီးပြီးအောင် လုပ်ချင်တိုင်းလုပ် ခိုင်းချင်းတိုင်းခိုင်းတာကိုး။ နောက် ၁၀နှစ် ၁၅နှစ်အတွင်း ခုငတုန်းစစ်အစိုးရ ဆောက်ထားတဲ့ လမ်းတံတားတွေ အရည်အသွေး ကောင်းမကောင်းဆိုတာ အဖြေပေါ်လာလိမ့်မယ်။

နောက်ရန်ကုန်မြို့က လမ်းတွေ နှစ်စဉ်ပြင်လိုက် ပျက်လိုက် ဖြစ်နေရတာလည်းဆိုတော့ လမ်းအင်ဂျင်နီယာက လမ်းတွေကို မပျက်အောင် သေချာလုပ်လိုက်ရင် နောက်နှစ်အတွက် ဘတ်ဂျက်မကျမှာ စိုးလို့တဲ့ ပြင်စရာမရှိလို့ ဘတ်ဂျက်မကျရင် အောက်ခြေဝန်ထမ်း ငယ်တွေကအစ အပိုဝင်ငွေ မရှိမှာစိုးလို့တဲ့ ကိုဒီမိုရေ ကောင်းကြသေးရဲ့လားဗျာ… သောက်သုံးမကျတဲ့ နအဖ စစ်အာဏာရှင်တွေ လက်ထက် ကျွန်တော်တို့ရဲ့ ဒါတို့တိုင်းတို့ပြည် တို့မြန်မာပြည်ပါပဲ ကိုဒီမိုရေ…


စာတွေ ပြန်စီပြီးတင်ပေးတာ ကျေးဇူးတင်ပါတယ် … နောက်လည်း အများသိအောင် ထပ်ပို့ပေးပါမယ်။

လေးစားလျှက်
ပြည်သူ့ဝန်ထမ်းတစ်ဦး