ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

“လူမှုရေးကို ခုတုံးလုပ်ပြီး ငြိမ်းချမ်းရေးကို ရအောင်ယူ” (နာရေးကူညီမှုအသင်း)


“လူမှုရေးကို ခုတုံးလုပ်ပြီး ငြိမ်းချမ်းရေးကို ရအောင်ယူ”

သုံးလူ့ထွဋ်ထား ဂေါတမ မြတ်စွာဘုရားရှင်၏ တရားဦးဖြစ်သော ဓမ္မစကြာဒေသနာတော် မြတ်ကြီးသည် ဗုဒ္ဓသာသနာတော်ကြီး၏ အခြေခံ မူလအုတ်မြစ်ကြီးဖြစ်သည်။ ဗြဟ္မာအပေါင်းနှင့် နတ် အပေါင်းတို့ အလွန်နှစ်သက် ကြည်ညိုဝမ်းမြောက်ကြ၍ သောင်းသောင်းဖြဖြ ကောင်းချီးပေးကြပြီး ကြွေးကြော်ကြသည့် ဒေသနာတော်ကြီးလည်း ဖြစ်သည်။ ထိုကဲ့သို့ ထူးခြား၊ မြင့်မြတ် တန်ခိုးကြီးလှ သည့် ဓမ္မစကြာတရားဒေသနာတော်ကို ၀ါဆိုလပြည့်တွင် ဟောကြားခဲ့သည့်အတွက် ၀ါဆိုလပြည့်နေ့ ကို (ဓမ္မစကြာ) နေ့အဖြစ် သတ်မှတ်ပြီး ၀တ်အသင်းများ ဖွဲ့စည်းကာ ရွတ်ဖတ်ပူဇော်မှုများ ပြုလုပ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အခမဲ့ နာရေးကိစ္စ၊ အခမဲ့ ဆေးကုသမှုကိစ္စ၊ အခမဲ့ ပညာဒါန ကိစ္စရပ်များကို အများပြည်သူအတွက် လူမှုရေးနှင့် ပတ်သက်သော လိုအပ်ချက်များ၊ တိုင်းပြည်တပြည်တွင် နေထိုင်လျှက်ရှိသော အများပြည်သူတို့အတွက် ဖြည့်ဆည်းပေးနိုင်သော လူမှုရေးကိစ္စရပ်များကို ဗြဟ္မစိုရ်တရား လက်ကိုင်ထား၍ ပေးဆပ်လျှက်ရှိရာ အများပြည်သူအတွက် ငြိမ်းချမ်းမှုကို ရရှိစေခဲ့သည်။ ထိုသို့ အများပြည်သူ ငြိမ်းချမ်းမှုရရှိစေရန် လူမှုရေးကိစ္စရပ် တစ်ခုတည်း ကိုသာ ပေးဆပ်နေ၍ မရပေ။ လူမှုရေးနှင့် ဘာသာရေး အတူဒွန်တွဲသော ပေးဆပ်မှုက ပိုမို၍ ထိရောက်မှု ရှိတော့သည်။ အများအတွက်သာမက မိမိအတွက်ကိုပါ ကောင်းကျိုးချမ်းသာ ရရှိစေမည်။ သို့အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ယခုဆိုလျှင် “၀တ်အသင်း” ဖွဲ့စည်း ထူထောင်ခဲ့ပြီ ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်ပူဇော်မှုအသင်းတွင် ဓမ္မစကြာတရား ရွတ်ဖတ်ပူ ဇော်ခြင်း၊ ပဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်းတို့အပြင် သံဝေဂလင်္ကာများ ရွတ်ဖတ်ခြင်း တို့ကို ကုသိုလ်ဖြစ်ပေးဆပ် ထမ်းဆောင်ကြမည် ဖြစ်ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်ပူဇော်မှုအသင်းတွင် ယခုဆိုလျှင် အဖွဲ့ဝင် လူဦးရေ (၂၀) ဦးခန့် ကုသိုလ်ယူလျှက် ရှိနေပြီ ဖြစ်ပါသည်။ အပါတ်စဉ် တနင်္လာနေ့တိုင်း ၀တ်ရွတ်ပူဇော်ခြင်း ကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဘုရားခန်းမထဲတွင် အသံနေ အသံထား မှန်ကန်မှု ရှိစေရန် အတွက်၎င်း၊ သံပြိုင်ရွတ်ဖတ်ပူဇော်ရာတွင် ညီညာမှုရှိစေရန်၎င်း၊ ကြားနာရသူ နတ်လူအပေါင်း စိတ်နှလုံးချမ်းမြေ့ ပီတိဖြစ်စေရန်၎င်း လေ့ကျင့်မှုများ ဆောင်ရွက်လျှက် ရှိပါသည်။ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ၀တ်ရွတ်ပူဇော်မှုအသင်းသည် လေ့ကျင့်မှုများ ပြီးဆုံးသွားပါက အများပြည်သူတို့ ၏ နာရေးလမ်းကြောင်း ကိစ္စရပ်များတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မော်တော်ယာဉ်တစ်စီးဖြင့် လိုက်လံ ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ပေး၍ အများပြည်သူတို့အတွက် ကုသိုလ်ရေးကိစ္စရပ်များကို ပေးဆပ် အမျှဝေခြင်းများကို ပြုလုပ်တော့မည်ဖြစ်သည်။

သဒ္ဒါတရားပွားများစွာ လေးနက်ယုံကြည်စွာဖြင့် ရွတ်ဖတ်ပူဇော်ခြင်းကြောင့် နာကြားရသူတို့နှင့် ရွတ်ဖတ်ပူဇော် အားထုတ်သူတို့အတွက် ခံစားရမည့်အကျိုးများမှာ -

(၁) ကိလေသာအပူမီးများ ငြိမ်းအေးချမ်းသာခြင်း။
(၂) သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ခြင်း။
(၃) ပစ္စုပ္ပန်နှင့် တမလွန်ကောင်းကျိုးချမ်းသာ ရရှိစေခြင်း။
(၄) ဇာတိ+ဇရာ+ဗျာဓိ+မရဏ ဆိုသည့် ဒုက္ခဆင်းရဲမှ လွတ်ထွက်နိုင်ခြင်း။
(၅) ခန္ဓာဥာဏ်ပွင့်စေ၍ အာဏာစက်ထက်မြက် ကျော်ဇောစေခြင်း။
(၆) ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ (သစ္စာလေးပါး) ဆိုက်ပြီး တရားထူး တရားမြတ် ရရှိနိုင်စေခြင်း။
(၇) သံသရာ အဆက်ဆက်မှာလည်း ယခုကဲ့သို့ သာသနာတော်ကြီးနှင့် ပြန်လည်တွေ့ဆုံပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ဘာသာရေးလုပ်ငန်းများဖြစ်သည့် (ပရိပတ္တိ၊ ပရိယတ္တိ၊ ပရိဝေဓ) ဆိုသော သာသနာတော်သုံးရပ်နဲ့အညီ ဆောင်ရွက်နိုင်သည့် ပုဂ္ဂိုလ်မြတ်ဖြစ်စေနိုင်ခြင်း၊ အကျိုးကျေးဇူးများခံစား စံစားနိုင်သော ပုဂ္ဂိုလ်ထူးဖြစ်စေနိုင်ခြင်း။
(၈) သစ္စာလေးပါး တရားမြတ်ကို သိမြင်ပြီး ဇာတိချုပ်ငြိမ်းရာ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်၊ နိဗ္ဗာန်ချမ်း သာကို ရရှိစေနိုင်မည် ဖြစ်ပါသည်။
ထို့ကြောင့် သာသနာတော်ကြီး မပျောက်ကွယ်၍ အဓွန့်ရှည်တည်တံ့ ခိုင်မြဲစေရန် ရည်ရွယ်ကာ ဖွဲ့စည်းလိုက်သည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်ပူဇော်မှုအသင်း၏ ကုသိုလ်စိတ် ဖြင့် သံပြိုင်သီဆို ပူဇော်မှုတို့သည် နတ်လူအပေါင်း ဘေးဥပါဒ်အန္တရာယ် အသွယ်သွယ်တို့မှ လွတ်မြောက်ကာ သောကကင်းဝေး ငြိမ်းချမ်းသာယာမှု အပေါင်းတို့ကို ရရှိကြပါစေဟု . . . .
“လူမှုရေးကို ခုတုံးလုပ်ပြီး ငြိမ်းချမ်းရေးကို ရအောင်ယူ၊
ငြိမ်းချမ်းရေးကို ခုတုံးလုပ်ပြီး လူမှုရေးကို ထမ်းဆောင်ကြ”

ကျော်သူ