ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

စားမှာပဲ စားမှာပဲ... (မြန်မာပြည်က လာတဲ့စာ..)

ချင်သီးပင်အောက် ချင်သီးပျောက်နေတဲ့ လှိုင်သာယာက မြန်မာပြည်သူတွေ ဘဝ (ပုံ.. Daylife)

ကိုဒီမိုရေ ဒီမှာ လူတွေက အခုချိန်ထိတော့ မလှုပ်ဘူးအစ်ကိုရ ငြိမ်နေတယ်...။ တော်တော်ငြိမ်တယ်.... ပြောရရင်.. ရွေးကောက်ပွဲဆိုတာ ကိုစိတ်မ၀င်စားဘူး... ရွေးချင်တဲ့သူရွေး ကောက်ချင်တဲ့သူ ကောက်ပေါ့ ကိုယ့်အလုပ်ကလေး ကိုယ်လုပ်နေမယ်... ကိုယ်သွားစရာရှိတာသွားမယ် လုပ်စရာရှိတာလုပ်မယ်.... တိုင်းပြည်ကြီး ဘာဖြစ်ဖြစ်ပေါ့... အဲလိုမျိုးတွေများတယ်... ပြီးတော့ နိုင်ငံခြားထွက်တဲ့သူ သိပ်များလာပြီ မြန်မာပြည်အနှံ့... တောဘက်တွေက အစ ကျွန်တော်သံသယ တစ်ခုရှိတာတော့ ဒီကောင်တွေ ရွေးကောက်ပွဲကို ဖျက်ချင်နေလား ဒါမှမဟုတ် ရွေးကောက်ပွဲ မောင်ပိုင်စီး မှာလားပေါ့ ရွေးကောက်ပွဲကြီးကို မောင်ပိုင်စီးမဲ့ အကြံတွေရှိမယ်... ထင်တယ် ...။ ရွေးကောက်ပွဲ မောင်ပိုင်စီးမရရင်တော့ မင်းလဲမစားနဲ့ ငါလဲမစားဘူး ဆိုပြီး ဖျက်စီးပြစ်မယ်ထင်တာပဲ။

တအားကြီးကို ငြိမ်နေတာက ထူးခြားနေတဲ့အရာပေါ့... မှန်းဆကြည့်နေတာလဲ မှန်းဆမရအောင်ပဲ အစ်ကိုဒီမို.. နိုင်ငံရေးပါတီတွေဟာ ဘယ်လမ်းကနေ ဘယ်လို သွားကျမှာလဲ ဆိုတာ လမ်းကိုမရှိတဲ့ လမ်းထဲ ၀င်လျှောက် နေကျသလိုပဲ ရှေ့လဲမရောက် နောက်လဲမဟုတ်နဲ့... အလယ်ကောင်မှာ ပြွတ်သိပ်နေတာ.. တစ်ခါထဲ သူတို့က ကျုံးထဲထည့်ထားတာ တစ်ကောင်ခြင်းလား.. ပိုက်နဲ့အကုန် ကျုံးဆွဲခြင်းလား အေးဆေးပဲ... အဲလိုအခြေအနေ...။

လာဘ်ပေးလာဘ်ယူ အကြောင်း ပြောရရင် ... လာဘ်မစားဘူးလေ အစ်ကိုကလဲ အခုဒီမှာက လာဘ်မစားတော့ဘူး.. ဒါက ဘော်ကြေး ဒါမှမဟုတ် သိတတ်တာ ဒါမှမဟုတ် ထုံးစံ အဲလို ခေါင်းစဉ် အောက်ကနေ ပေးရတာ... ခက်တယ်အစ်ကို... ပြောရရင် အမှိုက်သိမ်းတဲ့ စည်ပင်ပေါ့ဗျာ...။ လက်ဖက်ရည်ဖိုး ၁၀၀ ၊၂၀၀ လောက်ပေးဖြစ်တယ်..။ ဒါက သနားတာပါ ... တကယ့်ကို သနားလို့ပေးဖြစ်တာ.. သူတို့က နေပူမိုးရွာလေ... လုပ်နေရတာ ... ။ ရတဲ့နေ့စားခ က ၈၀၀ ကနေ ၁၀၀၀ လောက်ပဲရတာလေ... တစ်ရက်လုပ်ခ တစ်ဒေါ်လာတောင် ရတာမဟုတ်ဘူး .. ဒါကျတော့ လာဘ်စားတယ် ပြောလို့ ဘယ်ရမလဲဗျာ.. ကျွန်တော်တို့တွေက.. တတ်နိုင်တဲ့ဘက်က ပံ့ပိုးပေးတာပေါ့ဗျာ... အဲဒီက နောက်တစ်ဆင့်ကျတော့ မော်တော်ပီကယ် တွေပေါ့..။ သူတို့ကျတော့လဲ အဆင်ပြေတဲ့သူရှိတယ်.... အဆင်မပြေတဲ့သူရှိတယ်.. ပွိုင့်ကလူကျတော့ အဆင်မပြေဘူး... အဲဒီတော့ လိုင်းကားတွေက ၁၀၀ ပေး ၂၀၀ ပေး... ဒါလဲထုံးစံလို ဖြစ်နေတာပေါ့..။

ဒီထက်ကြီးသွားမှ လာဘ်စားတယ် ပြောလို့ရမယ် ထင်တယ်... ရာဂဏန်း ထောင်ဂဏန်းလောက်က ထုံးစံဖြစ်နေပြီပေါ့.. သောင်းဂဏန်း လောက်ကျမှ စားတယ်ပြောရမယ် ထင်တယ်... အနှိပ်ခန်းတို့ ဘာခန်းညာခန်းတို့ ပေါ့ဗျာ VCD ဆိုင်တွေ လမ်းဘေးမှာ ရောင်းတာလေ ...အဲဒါတွေကျတော့ သောင်းဂဏန်းပေါ့... ဆက်ကြေးသဘောပေါ့....။ အဲဒါလောက်ဆို စားတယ် စခေါ်ရမယ်ထင်တယ်.... အဲဒီအပေါ် ဆက်တက် သွားရင်တော့... ပါးစပ်နဲ့ မစားတော့ဘူး... ပါးစပ်က ကျင်းလို့ မျက်စိနဲ့စားတယ်...။ မြင်တာအကုန်စားတယ်... လက်ညှိုးနဲ့စားတယ်...။ မျက်စိတစ်ဆုံးစားတယ်... လမ်းပရော့ဂျက်တို့ဘာတို့ ... ဘာအဆောက်အဦး ညာအဆောက်အဦးတို့ဆို အကြီးကြီးတွေ.. ပါးစပ်နဲ့မဆန့်ဘူး.... မျက်စိနဲ့စားမှရတာလေ...

နောက်တစ်ခုက ဒီလို ပြည်သူပိုင် ပစ္စည်းတွေကို... နိုင်ငံတော်က ရောင်းချင်တိုင်းရောင်းလို့ရလား.. နအဖမှာရောင်းပိုင်ခွင့်ရှိလား သူတို့ ကရောင်းပြီး ရတဲ့ငွေကိုဘယ်မှာသုံးမှာလဲ.. မရောင်းပဲဒီတိုင်းထားပြီး နောက်တက်မယ့် အစိုးရသူ့ဟာ သူစီစဉ်ပစေပေါ့.. မရဘူးလား... မေးလိုက်ချင်တယ် လူတွေက အဲ့လိုမေးရင် ဖမ်းမှာလားလို့လဲ မေးလိုက်ချင်တယ်.. ၈၈ တုန်းကမင်းမဲ့စရိုက်တဲ့ အခု သူတို့လုပ်နေတာတွေလဲမင်းမဲ့စရိုက်ပဲ ... မင်းမရှိတဲ့ အချိန် မှာဖြစ်ပျက် နေတာတွေလေ ပြောရင်မကုန်ပါဘူး အစ်ကိုရာ သေးသေးလေးကနေ.. အကြီးကြီးထိ အကုန်မင်းမဲ့စရိုက်ပဲ... သူတို့ပြောသလို ၂၀၀၈ ဥပဒေကလဲ အသက်မ၀င်သေးဘူး ဆိုတော့ကာ.. စစ်ဥပဒေနဲ့ အုပ်ချုပ်နေတယ်.. ဆိုရင်လဲဗျာ.. အဲဒီဥပဒေမှာ ပါလို့လား လာဘ်စားရမယ်တို့.. ရောင်းစားရမယ်တို့ ခုတော့ဗျာ ရှိသမျှ အကုန်ရောင်းစားနေတာ... ဘာမှကို မကျန်တော့ဘူး...။

နောက်တစ်ခုလောက် မေးချင်သေးတယ်.. သူတို့ကိုလေ တိုင်းပြည်ကို ခေါင်းဆောင်မယ့် ပါတီတွေကနေ တက်လာမဲ့... လွတ်တော်အမတ်တွေဖြစ်လာမယ့်.. အဲဒီလူတွေလူတွေ.. တိုင်းပြည်အတွက်... လွှတ်တော်တက်မှာလား သန်းရွှေအတွက် လွှတ်တော် တက်ကျမှာလားပေါ့.. မေးစရာမလိုတဲ့ ၂၅ ရာခိုင်နှုန်းက သန်းရွှေအတွက် လွှတ်တော်တက်မှာလေ... (၇၅) ရာခိုင်နှုန်းကိုမေးရမယ်... တကယ်လို့ (၇၅) ရာခိုင်နှုန်းက. တိုင်းပြည်အတွက်ဆို.. တိုင်းပြည်အတွက်ရယ် သန်းရွှေအတွက်ရယ်.. လွတ်တော်မှာချကျမယ်. အဲဒီပွဲကြည့်မယ် ..။ လောလောဆယ် ကျွန်တော် မြင်တာကတော့ အခုရွေးကောက်ပွဲ ဝင်မယ့် ပါတီတွေအဆင့်က သန်းရွှေအတွက် ကစားပွဲ ဖြစ်ဖို့ လူမပြည့်လို့ ဝင်ကစားပေးနေရတဲ့ ထမင်းသိုး ဟင်းသိုး အဆင့်ပဲရှိတယ်.. ကိုဒီမိုရေ.... လွှတ်တော်ဆိုတာက ဝေလာဝေးပေါ့... ရွှေပြည်တော် မျှော်တိုင်းဝေးလေ.. ။

ကိုဒီမိုရေ နောက်အားမှ ကျွန်တော် မြန်မာပြည်က အင်တာနက် ဆိုင်တွေ အကြောင်းရေးပို့လိုက်ပါမယ်..။ ဘယ်နိုင်ငံမှာမှ မရှိတဲ့ ငွေပေးရင် အင်တာနက်လိုင်း မြန်အောင်လုပ်လို့ ရတဲ့ အကြောင်းပေါ့..။

KSL

အမြဲပေးပို့ ပေးနေတဲ့ KSL ပေးပို့လာတာကို တင်ပြလိုက်ပါတယ်။ နောက်ထပ်ပေးပို့လာတဲ့ ပည်သူ့ဝန်ထမ်းတစ်ဦးရဲ့ သတင်းကို ဆက်လက် ဖော်ပြပေးပါ့မယ်။