ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမှုရေးလုပ်ငန်းများ.....

ကျော်သူ၏ “ဇွတ်”

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သြဂုတ်လ လပါတ်အစည်းအဝေးအား ၁.၈.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ကျင်းပခဲ့ရာ အမှုဆောင်များ၊ ကော်မတီဝင်များ၊ အသင်းသူ/သားများ တက်ရောက်ခဲ့ကြသည်။ ယင်း အစည်းအဝေးတွင် နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အမှာစကားပြောကြားခြင်း၊ တွဲဖက် အတွင်းရေးမှူး ဦးဇင်ထွန်းအောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်တို့မှ အသင်း၏ ရှေ့ဆက်လုပ် ဆောင်ပေးဆပ်ရမည့် လုပ်ငန်းစဉ်များ၊ အသင်းသူ/သားများ လိုက်နာရမည့် စည်းကမ်းများနှင့် သီလလုံရန် ကိစ္စရပ်များကို ပြောကြားခဲ့ကာ၊ အသင်းသူ/သားများထံမှ တွေ့ကြုံ ရင်ဆိုင်ရသည့် အခက်အခဲများကို တင်ပြခြင်းများအပေါ်၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌနှင့် ဘဏ္ဍာရေးမှူးတို့မှ တွေ့ကြုံ ရင်ဆိုင်ရသည့် အခက်အခဲများကို သီလလုံစွာ၊ လိပ်ပြာသန့်စွာနှင့် ရှင်းလင်းပုံ ရှင်းလင်းနည်းများကို ပြောကြားကာ ဗုဒ္ဓသာသနံ စီရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ အစည်းအဝေးအား ရုတ်သိမ်းလိုက်သည်။
ယင်း အစည်းအဝေးတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ပြောကြား ရာတွင် … “ မိမိတို့ အသင်းတွင် အသင်းသူ/သား အင်အား (၃၀၀) ကျော်ရှိကြောင်း၊ သို့သော် လူများပြီး ပွဲမစီသော အသင်းအဖွဲ့ကို ညွှန်ပြပါဟု ဆိုပါက မိမိတို့ အသင်းပင်ဖြစ်ကြောင်း၊ အချို့သော သူတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းဝင် တစ်ယောက်ဖြစ်ခြင်းကို မိမိတို့နေထိုင်ရာ ရပ်ကွက်၊ မြို့နယ်များတွင် ဂုဏ်ယူ ၀င့်ကြွားနေကြကြောင်း၊ မိမိတို့ တာဝန်ကျသည့် လုပ်အားပေး ရမည့် နေ့ရက်၊ အစည်းအဝေး တက်ရောက်ရမည့် နေ့ရက်များတွင် လာရောက်ကြောင်း လက်မှတ် ရေးထိုးပြီး ပြန်လည်၍ ထွက်ခွာသွားကြောင်း၊ မိမိတို့အသင်းသည် မည်သူတစ်ဦး တစ်ယောက်ကိုမှ အသင်းဝင် အသင်းသားဖြစ်ရန် စည်းရုံးခြင်း၊ တိုက်တွန်းခြင်း၊ မဲဆွယ်ခြင်း မပြုလုပ်ကြောင်း၊ မိမိတို့ စိတ်ဆန္ဒအရ လာရောက်၍ လူမှုရေးလုပ်အားပေးကြကြောင်း၊ ထို့ကြောင့် အသင်းသား အသင်းဝင် လူမှုရေးသမားဖြစ်သွားပါက အသင်းမှချမှတ်ထားသော လူမှုရေး စည်းကမ်းချက်များကို လိုက်နာ ရမည်ဖြစ်ကြောင်း၊ မိမိတို့ လုပ်အားပေးနိုင်မည့် နေ့ရက်များကို မိမိတို့ ဆန္ဒအလျှောက် ရွေးချယ် ထားသည့်အလျှောက် ထို့နေ့ရက်များတွင် မှန်မှန်ကန်ကန် လာရောက်လုပ်အားပေးမှုများကို ပြုလုပ် ရမည်ဖြစ်ကြောင်း၊ စည်းမျဉ်းစည်းကမ်းများ ပေါ်ပေါက်လာရခြင်းသည် လူသားတို့၏ အကျင့်စာရိတ္တနှင့် သီလများ ချိုးဖောက်မှုကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။ နိဂုံးချုပ်တွင် … မိမိတို့ ဆန္ဒနှင့် “ဇွတ်” ၀င်ရောက်ပြီး လုပ်အားပေးကြသူများ အနေနှင့် အသင်းမှချမှတ်ထားသော စည်းကမ်း၊ တာဝန်ယူပေးဆပ်ရမည့် လုပ်ငန်းစဉ်များကို တိကျစွာ ပေးဆပ်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ အကယ်၍ မလုပ်ခဲ့သည်ရှိသော် အသင်းမှ မိမိတို့သည် “ဇွတ်” တာဝန်ပေးရမည်ဖြစ်ကြောင်း၊ အကယ်၍ တာဝန်ပေးအပ်မှုကို မလုပ်ခဲ့ပါက မိမိတို့မှ “ဇွတ်” ထုတ်ပစ်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
လူမှုရေးအသင်းဟု ဆိုရာ၌ … အသင်းသည် မိမိအတွက် မဖြစ်စေရ မိမိကသာလျှင် အသင်းအတွက် ဖြစ်စေရမည်။
လူမှုရေးအသင်းအဖွဲ့၌ လူမှုရေးဖောက်ပြန်မှုဟာ အယုတ်ညံ့ဆုံး အဆိုးဝါးဆုံး ပေးဆပ်မှုဘဲ။
(ကျော်သူ)

မျိုးဆက်သစ်တို့ မွေးဖွားခြင်း

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေးမျိုးဆက်သစ်များအား ဈာပနပို့ဆောင်ရေး သင်တန်း ၄/၂၀၁၀ ကို ၃၀.၇.၂၀၁၀ (ကြာသပတေး) နေ့တွင် ထပ်မံ၍ ဖွင့်လှစ်ပို့ချ သင်ကြားခဲ့သည်။ ယင်း သင်တန်းတွင် လူမှုရေး မျိုးဆက်သစ်များမှ မိမိတို့ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပူးပေါင်း၍ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်လိုသည့် ဆန္ဒများကို ဦးစွာ တစ်ဦးချင်း ထုတ်ဖော် ရင်ဖွင့် မိတ်ဆက်စကား ပြောကြားပြီး တွဲဖက်အတွင်းရေးမှူး ဦးဇင်ထွန်းအောင်၊ ပြန်ကြားရေးမှ ဒေါ်မေဇွန်ဦး၊ ဒေါ်ကြည်ကြည်စိန်နှင့် ဒေါ်ဝင်းဝင်းတင်တို့မှ ဈာပန ပို့ဆောင်ရာတွင် တွေ့ကြုံရမည့် အခက်အခဲများကို ရှင်းလင်းခြင်း၊ နာရေးရှင်တို့နှင့် တွေ့ဆုံရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီပံ့ပိုး ပေးမှု များအား ရှင်းလင်းပြောဆိုခြင်း၊ ကိုယ်နှုတ်အမူအရာ ယဉ်ကျေးသိမ်မွေ့စွာဖြင့် ပြောဆိုဆက်ဆံခြင်း စသည့် အချက်အလက်များကို အသေးစိတ် သင်ကြား ပို့ချခဲ့သည်။
လူမှုရေးလုပ်ငန်းများကို နေ့စဉ်နှင့်အမျှ စိတ်ဝင်တစား လုပ်ဆောင်လိုသော မျိုးဆက်သစ်များ များပြားလာသည့်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လစဉ် မျိုးဆက်သစ် လူမှုရေးသမားများ ကို စနစ်ကျစွာဖြင့် မွေးထုတ်ပေးလျှက် ရှိပါသည်။

ပုံရိပ်ပြတ်သားမှု လက်တွေ့သင်တန်း

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်” ဓါတ်ပုံသင်တန်းအား ၃/၂၀၁၀ အဖြစ် သင်ကြား ပို့ချလျှက်ရှိရာ ၂၂.၇.၂၀၁၀ (ကြာသပတေး) နေ့တွင် ဓါတ်ပုံပညာရပ်အကြောင်း၊ ဓါတ်ပုံသင်တန်း ဖွင့်လှစ်ရခြင်းအကြောင်းတို့ကို ဥက္ကဌ ဦးကျော်သူနှင့် ဓါတ်ပုံပညာရှင် TV သက်မွန် တို့မှ ရှင်းလင်းပြောကြားခြင်း၊ စာတွေ့ သင်တန်း ပို့ချခြင်းများကို ပြုလုပ်ခဲ့သည်။ ယခု ၂၉.၇.၂၀၁၀ (ကြာသပတေး) နေ့တွင်လည်း ဓါတ်ပုံပညာရှင် TV သက်မွန်မှ ကင်မရာကိုင်ပုံ နည်းစနစ်၊ မိမိ ရိုက်ကူးသော ပုံရိပ်များ ကြည်လင်ပြတ် သားမှုရှိရေး စသဖြင့် လက်တွေ့ သင်တန်းပေး ပို့ချခဲ့သည်။

မျိုးဆက်သစ်တို့အတွက် မဲပေးပြီ

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မျိုးဆက်သစ် ကလေးငယ်များအတွက် တစ်ဦးနှင့်တစ်ဦး လူငယ်ပီပီ အားကျမခံ စစ်မှန်သော ပြိုင်ဆိုင်မှုကို ဖော်ထုတ်ပေးခြင်း၊ ပညာရပ်တစ်ခုကို ထိရောက်စွာ တတ်ကျွမ်းမှုရှိရေး၊ ပန်းချီပညာရပ်သည် လူသားတို့၏ စိတ်ထား နူးညံ့မှုရှိခြင်း၊ မျိုးဆက်သစ် လူငယ်များအား အမှန်တရားကို ဖော်ထုတ်ပေးသော ပန်းချီပညာရပ်ကို ကျွမ်းကျင်မှုရှိရေး၊ လောက အလှကို ဖော်ထုတ်ပေးသော ပန်းချီပညာရပ်အား စိတ်ဝင်စားမှုရှိစေရေး ဟူသော ရည်ရွယ်ချက် များဖြင့် ဖွင့်လှစ်သင်ကြားပေးထားသော ပန်းချီသင်တန်း နောက်ဆုံးနေ့တွင် သက်ငြိမ် ရေဆေးပန်းချီ ပြိုင်ပွဲတစ်ရပ် ကျင်းပပေးခဲ့ရာ ကလေးငယ်များ ရေးဆွဲထားသော ရေဆေးပန်းချီ ကားချပ် (၁၆) ကားချပ်အား ပန်းချီဆရာကြီးများဖြစ်ကြသော ပန်းချီဆရာကြီး - ဦးမြသောင်း၊ ပန်းချီဆရာကြီး - ဦးထွန်းကျော်၊ ပန်းချီဆရာမ - ဒေါ်နုနု၊ သင်တန်းနည်းပြ ပန်းချီဆရာ - ဦးဝင်းကြည်နှင့် နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူတို့မှ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆုတို့အား ချီးမြှင့်ရန် အတွက် ရေဆေးပန်းချီကားများအား အမှတ်ပေးမဲစနစ်ဖြင့် မဲပေးရွေးချယ် ပြီးစီးပြီ ဖြစ်ပါ၍ ဆုပေးပွဲအား သင်တန်းဆင်းပွဲ ကျင်းပမည့်နေ့၌ ချီးမြှင့် ဂုဏ်ပြုသွားမည် ဖြစ်ပါသည်။