ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဂျပန်နိုင်ငံ နာဂိုယာမြို့မှာ ကျင်းပသည့် ၆၄ နှစ်မြောက် မွန်အမျိုးသားနေ့အောင်ပွဲ... (သတင်း၊ ဓာတ်ပုံ)


နာဂိုယာမြို့မှာ ကျင်းပသည့် ၆၄ နှစ်မြောက် မွန်အမျိုးသားနေ့အောင်ပွဲ
နာဂိုယာ၊ ဖေဖေါ်ဝါရီ (၂၀)

မွန်တိုင်းရင်းသားတို့၏ ၆၄နှစ်မြောက်နှင့် ဂျပန်နိုင်ငံတွင် ၁၉ ကြိမ်မြောက်အဖြစ် ကျင်းပသည့် မွန်အမျိုးသားနေ့ အခမ်းအနားအား ယနေ့နာဂိုယာမြို့၌ ပုညကာရီမွန်အမျိုးသားအသင်း(ဂျပန်)က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ရွေးကောက်ပွဲပြီးနောက်ပိုင်း တိုင်းရင်းသားတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ယဉ်ကျေးမှု တို့ကို ပိုမိုထိမ်းချုပ်ခံလာရချိန်တွင် လွတ်မြောက်နယ်မြေ ဂျပန်နိုင်ငံ၌ မိမိတို့ယဉ်ကျေးမှု၊ ဓလေ့စရိုက် များနှင့် မကျေနပ်ချက်များကို အမျိုးသားနေ့အခမ်းအနား၌ ထုတ်ဖော်ပြောဆို နိုင်ခြင်းအတွက် အတိုင်းမသိ ၀မ်းသာမိကြောင်း ပုညကာရီ မွန်အမျိုးသားအသင်း၏ ဥက္ကဋ္ဌဦးမင်းမျိုးချစ်က ပြောပြသည်။

“ဒီလောက်တောင် ဖိနှိပ်နေတဲ့ မြန်မာပြည်တွင်းက စစ်ခေါင်းဆောင်အာဏာရှင်တွေရဲ့လက်အောက်မှာ မပြောနိုင်တဲ့ အရာတွေကို ဒီနေရာမှာ လွတ်လာစွာ ဖွင့်ပြောနိုင်ခဲ့တယ်၊ အာဏာရှင်အဆက်ဆက် ကျနော်တို့ တိုင်းရင်းသားတွေအပေါ်မှာ ဖိနှိပ်ခဲ့မှုတွေကို ထုတ်ဖော်နိုင်ခဲ့တယ်။ မွန်အမျိုးသားတွေ အပါအ၀င် အခြားသော တိုင်းရင်းသားတွေကို ဖိနှိပ်နေမှုတဲ့ မကျေနပ်ချက်တွေကို ဖွင့်ပြောနိုင်ခဲ့တဲ့အတွက် ကျေနပ်မိတယ်”ဟု ယင်းဥက္ကဋ္ဌက ပြောပြသည်။

အခမ်းအနား ပထမပိုင်းအစီအစဉ်တွင် မွန်အမျိုးသား အလံတော်ကိုအလေပြုခြင်း အပါအ၀င် သဘာပတိများ စကားပြောခြင်းနှင့် ပြည်တွင်းအခြေစိုက် မွန်ပြည်သစ်ပါတီမှ ပေးပို့သော ၆၄ နှစ်မြောက် မွန်အမျိုးသားနေ့ သ၀ဏ်လွှာ အပါအ၀င် ပလောင်ဝ်၊ ကရင်နှင့်အခြားသောတိုင်းရင်းသား ကိုယ်စားပြု ကိုယ်စားလှယ်များ၏ အမှာစကား ပြောကြားခြင်းများ ပါဝင်ခဲ့သည်။

ပြည်တွင်း၌ လွတ်လပ်စွာကျင်းပခွင့် မရတောသည့် မွန်အမျိုးသားနေ့ အခမ်းအနားကို ယခုလို ပြည်ပ တနေရာတွင် လွတ်လပ်ပွင့်လင်းစွာ ပြောဆို ဆွေနွေးမှုများ၊ မိမိတို့ ယဉ်ကျေးမှုကို ပကတိအတိုင်း ထုတ်ဖော် ပြသနိုင်မှုများဖြင့် ကျင်းပနိုင်ခြင်းကြောင့် လူများစွာ မလာရောက်နိုင်လင့်ကစား အမျိုးသားရေး လက္ခဏာအမှန်များကို တွေ့မြင် သိရှိခံစားရသည့်အတွက် နိုင်ငံရေး အနှစ်သာရ ပြည့်ဝသည်ဟု ပလောင်အမျိုးသားနှင့် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု ဂျပန်ကိုယ်စားလှယ် ကိုမိုင်ကျော်ဦးက ပြောပြသွားသည်။

သမိုင်း အစစ်အမှန်ကို ခေတ်ကာလ အလိုက် အပိုင်းအခြားဖြင့် မွန်လူမျိုးတို့၏ ဖြစ်တည်မှု အကြောင်း၊့ မွန်တိုင်းရင်းသားးများ ဆင်းသက်ဖြစ်တည်လာပုံနှင့် အမျိုးသားရေး လှုပ်ရှားမှုများကို ကိုမင်းဝင်းတေဇ မှလည်ကောင်း၊ အိုဆာကာတက္ကသိုလ်တွင် ပညာသင်ယူနေသော ဂျပန်လူငယ်တဦးဖြစ်သည့် Wada Sanမှ မွန်ဘာသာ စာပေနှင့် ယဉ်ကျေးမှုများကို ထိုင်းနှင့် မြန်မာနိုင်ငံ တို့တွင် ကိုယ်တိုင်သွားရောက် လေ့လာခဲ့သော ရှာဖွေတွေ့ရှိချက်များကို powerpoint ဖြင့် ရှင်းလင်း တင်ပြခဲ့ကြသည်။

ဂျပန်နိုင်ငံတွင် ကျင်းပလေ့ရှိသည့်တိုင်းရင်းသားများ၏ အမျိုးသားနေ့များ ထုံးစံအတိုင်း ရိုးရာ အစားအသောက်များကို ဧည့်ခံ ကျွေးမွေးခဲ့ပြီး အခမ်းအနား ဒုတိယပိုင်းတွင် မွန်အမျိုးသားရေး စိတ်ဓါတ်ကို တက်ကြွစေသော မွန်အမျိုးသား သီချင်းများကို ဖျော်ဖြေတင်ဆက် သီဆိုမှုများဖြင့် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 

ဓာတ်ပုံ၊ သတင်းရေးသား ပေးပို့သူ - သန့်မျိုးထွေး(မိုးသောက်ကြယ်)