ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရွှေစက်တော်သွား တောလား (၂) (အမိမြန်မာပြည် အမှတ်တရ ဓာတ်ပုံ)

အထက်စက်တော်ရာ..
စန္ဒကူး ကျောင်းတော်ရာ ဘုရား
ဘုရားရှင်ရဲ့ ခြေတော်ရာရှိရာ အောက်စက်တော်ရာဖွင့်ပွဲပါ.. ရှေ့ဆုံးမှာ နေခွင့်ရသူတွေ ဘယ်သူတွေ ဆိုတာ ခန့်မှန်းနိုင်ပါတယ်..။ 
မိုးတွင်းတစ်ရာသီလုံး တောင်ကျချောင်းရေတွေကြောင့် အောက်စက်တော်ရာ အတွင်းမှ ရွံ့နွံ့များကို ပြန်လည်ဆေးကြော သန့်စင်ကြပါတယ်..။ ထိုသို့ ဘုရားရှင်ရဲ့ ခြေတော်ရာအား ဆေးကြော သန့်စင်ရာမှ ထွက်လာတဲ့ ရွံ့နွံ့များကို အန္တရာယ်ကင်းစေရန် အတွက် အဆောင်အဖြစ် တောင်းယူနေကြတာပါ။
တောင်ပေါ်က လှမ်းမြင်ရတဲ့ မန်းချောင်းနဲ့ ဘန်ဂလိုတွေရဲ့ ရှုခင်းအလှမြင်ကွင်း 
၈ပေပတ်လည် ဝါးတဲ ဘန်ဂလို အခန်းတွေက တစ်ရက်တည်းခ ယနေ့အချိန်မှာ ဘန်ဂလိုပေါ်မူတည်ပြီး တစ်ရက် တစ်သောင်းကနေ နှစ်သောင်းထိရှိပါတယ်..
ပတ်ဝန်းကျင် တောင်ပေါ်က ဒေသခံပြည်သူတွေရဲ့ ဘဝ
ရွှေစက်တော်ကို ရန်ကုန်ကနေ မကွေးဘက်က သွားလို့ရသလို အရင်ကတော့ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း ပုသိမ် မုံရွာလမ်းကနေလည်း သွားလို့ရပါတယ်.။ အဟမ်း ဆက်ပြောရရင်တော့ နိုင်ငံတော်ရဲ့ စေတနာကြောင့် လမ်းတွေပေါက် တံတားတွေ ဆောက်ပေါ့..။ နအဖခေတ် မြန်မာပြည်မှာ တံတား၁စင်းစာ ဆောက်ရင်.. ၂စင်းစာ ကုန်ပါတယ်...။ ပိုမိုခိုင်ခံ့အောင်လို့ လူကြီးတွေရဲ့ စေတနာပါ..။ တစ်စင်းစာက တံတားဖြစ်သွားပြီး နောက်တစ်စင်းစာက ကားတို့ အိမ်တို့ တိုက်တို့ ဖြစ်သွားပါတယ်..။ နတ်ရေကန်ထဲ ချလိုက်သလိုပေါ့..။ စကားမစပ် ကျွန်တော်တို့ ရန်ကုန်က သုဝဏ္ဏနဲ့ သာကေတကူးတဲ့ တံတားကို မဆလခေတ်က ဂျပန်တွေ ဆောက်ပေးတာ (၃)နှစ်ကြာပါတယ်..။ ဂျပန်တွေ လက်ဖျားခါပေါ့.. ဘာကြောင့်ဆိုတော့ ဂျပန်မှာ အဲ့ဒီ့တံတား အရှည်လောက်ကို ဆောက်ရင် (၃)လနဲ့ ပြီးပါတယ်တဲ့.. မြန်မာပြည်မှာ ၃နှစ်ကြာသလို ကုန်ကျစားရိတ်ကလည်း ပိုများတယ်ဆိုပဲ..။ နအဖခေတ်မှာ ဆောက်ကြည့်ပါဦးလို့ ၃ရက်နဲ့ ပြီးပါတယ်လို့ ပြန်ပြောလိုက်ပါတယ်..။ ဈေးညှိတာကိုပါ..
 ကျေနပ်မှုမရှိက တိုင်ကြားပါဆိုလို့ မကျေနပ်လို့ ရေးလိုက်ပါတယ်..

ဒီပို့စ်ကိုတင်နေတုန်း ပေးပို့လာတဲ့ အီးမေးလ်တစ်ခုထဲ မှာတော့ ကိုဒီမိုရေ သွားရတဲ့ ခရီးလမ်းမှာတော့ မင်းတုန်း တံတား၊ မန်းချောင်းတံတား၊ ဒေါင်းသေချောင်း တံတားတွေက ကြောက်ဖို့ကောင်းပါတယ်။ တံတားကြေးသာ စွတ်ကောက်တာ တံတားတွေကျတော့ မပြုပြင်ဘူး။ ရန်ကုန် ကနေ ရွှေစက်တော်အထိ ဘုရားဖူးကားကြီးတွေ လမ်းမှာ တံတားကြေး ၊ မြို့ဝင်ကြေး၊ ဘီးခွန် အသွား ၈သောင်း အပြန် ၈ သောင်းကုန်ကျပါတယ်။ တံတားတစ်စင်းကို ဖြတ်သန်းခ ၅၀၀၀ ကျပ်ပေးရပါတယ်။ မြန်မာပြည်က လူတွေ ဒီလိုမြင့်မားတဲ့ အခွန်အတုပ်တွေကို အလူးအလဲခံနေရတာပါ..။ ကားသေး ရင်တော့  ၂၀၀၀ကျပ် ပေးရပါတယ်။ မြို့ဝင်ကြေးကတော့  ၅၀၀ ကနေ ၁၀၀၀ ရှိပါတယ်။ ရွှေစက်တော် သွားတဲ့လမ်းက ဖုန်လမ်း ဘယ်ဟုတ်တော့မလဲ နိုင်ငံတော် အစိုးရ ရဲ့စေတနာ မေတ္တာ တွေကြောင့် အင်မတန်မှနက်ရှိုင်းလှတဲ့ ချိုင့်တွေပေါသော ကားလမ်းမကြီးများ အမြောက်အများ ပေါ်ပေါက်ခဲ့ပါသည်။ နိုင်ငံခြားက မြန်မာပြည်သူတွေ ပြည်တွင်းက ပြည်သူတွေ အခွန်အတုတ်တွေ ပိနေတဲ့ ဘဝကို သိအောင် ထည့်ရေးပါ ခင်ဗျား တဲ့....

အောက်မှာတော့ ရွှေစက်တော်၊ ကျောင်းတော်ရာပုံတွေကို အမိမြေကို အကြောင်းကြောင်းကြောင့် ခွဲခွါ ရောက်ရှိနေကြရတဲ့ မြန်မာပြည်သားတွေအတွက် အမှတ်တရ အမိမြန်မာပြည် အလွမ်းပြေ တင်ဆက်လိုက်ရပါတယ်..။

ဓာတ်ပုံ .. ဒီမိုဝေယံ