ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၈.၉ မဂ္ဂနီကျုစကေးရှိတဲ့ ငလျင်ဒဏ်နှင့် နောက်ဆက်တွဲ ဆူနာမိရေလှိုင်းဒဏ်ကြောင့် လူအသေအပျောက်နှင့် ပျက်ဆီးဆုံးရှုံးမှု များပြား...


ငလျင်ဒဏ်နဲ့ ဆူနာမိဒဏ် ခံခဲ့ရတဲ့ မြင်ကွင်းများ...
ဒီနေ့ နေ့လည် ၂နာရီ ၄၇က ဂျပန်နိုင်ငံသမိုင်းမှာ ပြင်းအားအကြီးဆုံး ငလျင်လှုပ်တယ်ဗျာ..။ တော်တော် စိတ်မကောင်း စရာပါပဲ.. အခုလက်ရှိအထိ အသေအပျောက် တော်တော်များနေတယ်ဗျာ..။ ပြင်းအားကြီးတဲ့ ငလျင်လှုပ်ပြီး မကြာခင်မှာပဲ နောက်ဆက်တွဲ ဆူနာမိ ရေလှိုင်းတွေ ဂျပန်နိုင်ငံ တစ်နိုင်ငံလုံးကို ပတ်သွားတယ်လေ...။ ခုထက်ထိ တစ်မြို့လုံးမီးလောင်နေတဲ့ မြင်ကွင်းတွေ.. ဆူနာမိကြောင့် တရွာလုံး ပျောက်သွားတဲ့ သတင်းတွေ..။ နောက်လူတစ်ရာကျော် တင်ဆောင်ထားတဲ့ သဘောင်္ပျောက်နေတဲ့ သတင်း၊ ရထားနှစ်စင်း ပျောက်သွားတဲ့ သတင်း၊ မီးတွေတောက်လျှောက် လောင်နေတဲ့ မြင်ကွင်းတွေ.. နောက်ဆူနာမိကြောင့် တစ်ရွာလုံးရေထဲပါသွားပြီး လူ၃၀၀ကျော်ရဲ့ အလောင်းတွေနဲ့ လူရာပေါင်းများစွာ ပျောက်ဆုံးသွားတဲ့  သတင်းတွေကတော့  စိတ်မကောင်းစရာပါပဲ.။ လောလောဆယ်  ကျောင်းတစ်ခု ခေါင်မိုးပေါ်မှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ဂျပန်ကာကွယ်ရေးတပ်က ရဟတ်ယာဉ် လေးစီးနဲ့ ကယ်တယ်သွားတာ ကြေငြာသွားပါတယ်..။ ဆုနာမိဒဏ် အပြင်းထန်ဆုံး ခံရတဲ့ ဆန်းဒိုင်ဘက်မှာတော့ လေယာဉ်ကွင်းက အသေးစား လေယာဉ်အချို့ပါ ရေထဲ မျောပါကုန်ပါတယ်..။

တိုကျိုမှာလည်း ကျွန်တော် လက်ရှိနေခဲ့တဲ့ ခုနှစ်တွေအတွင်း အပြင်းဆုံး အကြာဆုံးငလျင် လှုပ်ခတ်မှုပေါ့။ လောလောဆယ် တိုကျိုမှာ ငလျင်ဒဏ်ကြောင့် ၃ဦးသေဆုံးပါတယ်..။ နယ်ဘက် မာယာဂီနဲ့ ဆန်းဒိုင်ဘက်က သေဆုံး၊ ပျောက်ဆုံးသူတွေ စာရင်းနဲ့ဆို ထောင်ဂဏန်း ရောက်တော့မလားပဲ။  လောလောဆယ် သိရသလောက်ပေါ့.. တိုကျိုမှာ မီးလောင်တဲ့ နေရာတွေလည်း ရှိတယ်..။ ၂မိနစ် ၃မိနစ်ခြား ပြေးဆွဲပေးနေတဲ့ တိုကျိုတစ်မြို့လုံးက ရထားတွေ အကုန်ရပ်ကုန်လို့ အလုပ်လုပ်တဲ့ တိုကျိုကနေ နေအိမ်အထိ ၃နာရီကျော် လမ်းလျှောက် ပြန်ခဲ့ရပါတယ်.. ရာသီဥတုကလည်း ဒီနှစ်မှ ၃လပိုင်းရောက်တဲ့ အထိ အေးတုန်းပဲလေ။  မီးပြတ်တဲ့နေရာတွေလည်း ပြတ်နေတုန်းပဲပေါ့..။  ဖုန်းလိုင်းတွေလည်း အကုန်ပြတ်လို့ နိုင်ငံခြားက လှည့်ခေါ်မှ ရတဲ့ အဖြစ်.။ အိမ်ရောက်တော့ တစ်အိမ်လည်း ပြောင်းဆန်ပေါ့ တီဗီ၊ ကွန်ပြူတာတွေ ကျွမ်းထိုးမှောက်ခုံ ပစ္စည်းတွေ ပြုတ်ကျ တံခါးတွေ ပြုတ်ထွက်နဲ့လေ။ ဝရန်တာက မှန်တံခါး ပြုတ်ထွက်သွားတာ လမ်းပေါ်မကျပဲ အပြင်က အဝတ်တန်းခံနေလို့ပေါ့.. နေတာက ၆ထပ်မှာဆိုတော့ မတွေးရဲစရာပါပဲ..။ ကိုယ်ကြုံခဲ့ရတဲ့ ဒုက္ခထက် တကယ်ဖြစ်ပျက်နေတဲ့ နေရာကလူတွေကို ပိုပြီး ကိုယ်ချင်းစာမိပါတယ်..။ လမ်းလျှောက်ပြန်ခဲ့တဲ့ လမ်းတစ်လျှောက် ကြုံခဲ့ရပုံလေးနဲ့ ဂျပန်အစိုးရ တာဝန်ရှိသူတွေရဲ့ လူသားဆန်တဲ့ အပြုအမူလေးတွေကို နောက်မှ ရေးပြပါဦးမယ်..။ အခုထက်ထိတော့ အသေးစား ငလျင်တွေ လှုပ်နေတုန်းပါပဲ..။ တိုကျို ငလျင်လှုပ်တဲ့ သတင်းကြောင့် ပြည်တွင်း ပြည်ပကမေးမြန်းလာသူ အပေါင်းကို ကျေးဇူးတင်ပါတယ်...။ လောလောဆယ် သတင်းရေးနေတုန်း ငလျင်ထပ်လှုပ်နေပါတယ်.. ဂျပန်စံတော်ချိန် မနက် ၃နာရီ ၁၅မိနစ်ရှိနေပါပြီ။  နောက်နေ့မှ သတင်းအသေးစိတ်တွေ တင်ပေးပါမယ်..။ ဂျပန်မှာရှိကြတဲ့ ဂျပန်ပြည်သူပြည်သားအပေါင်းနဲ့ မြန်မာပြည်သူပြည်သားတွေ သဘာဝ ဘေးအန္တရာယ်တွေကနေ အမြဲကင်းရှင်းကြပါစေ....။
လောလောဆယ် ယခု မနက် ဂျပန်စံတော်ချိန် လေးနာရီခွဲအချိန်အထိ နီဂတခရိုင်၊ တိုကျိုနဲ့ ကပ်လျှက် အိဘာရကိ ခရိုင်တွေမှာ တောက်လျှောက် ငလျင်လှုပ်နေတဲ့ အတွက် အထူးသတိထားကြပါ...။