ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဓာတ်ပုံတွေ ပြောင်းဦးမလား...???

ဒီနေ့ မနက်စောစော နိုးထဖြစ်တယ်။ မနက် ၇း၀၀ နာရီခွဲလောက်ဘဲ ရှိဦးမယ်။ ရ၀တရုံးရှေ့က ဖြတ်လျှောက်တော့ ညက သတင်းတွေ နားထောင်ထားတဲ့အရှိန်နဲ့ ရုံးဆိုင်းဘုတ်ကို မော့ကြည့်လိုက်ပါတယ်။ ဆိုင်းဘုတ်ပြောင်းသွားပါပြီ။ ညကတည်းက ပြောင်းထားလိုက်တယ်လို့ ယူဆရပါတယ်။ ထို့အတူပါဘဲ။ မြို့နယ်ရုံးလည်း ဆိုင်းဘုတ်ပြောင်းထားတာ တွေ့ရပါတယ်။ “ စမ်းချောင်းမြို့နယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှုးရုံး ” လို့  အမည်ရ ပါတယ်။ ခရိုင်တို့ တိုင်းတို့လည်း ဆိုင်းဘုတ်တွေ ပြောင်းလိုက်ပြီ ထင်ပါတယ်။ ညနေပိုင်းက စပြီး သတင်းဌာနတွေရဲ့ အဆိုအရ “ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ” ဆိုတာ နိတ္ထိတံခဲ့ပြီလို့ သိရပါတယ်။ ရပ်ကွက်ရုံးတွေထဲမှာ အရင် နအဖဥက္ကဌရဲ့ ဓာတ်ပုံကြီးတွေကို ဒီနေ့ညအထိ တွေ့နေရ ပါသေးတယ်။ ဘယ်လိုသဘော သက်ရောက်တယ်ဆိုတာ မသိနိုင်ပါဘူး။ ညွှန်ကြားချက် ရောက်မလာလို့ မဖြုတ်သေးတာ ဖြစ်နိုင်သလို တခြား အကြောင်းအရာ အမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်နေ့ တွေကို စောင့်ကြည့်ရပါဦးမယ်။ ကာကွယ်ရေးဦးစီးချုပ်လည်း အသစ်ခန့် အပ်လိုက်ပါပြီ။ သမ္မတသစ်လည်း ကျမ်းကျိန်ပြီးပါပြီ။ 

ယနေ့ မှစ အရပ်သားအစိုးရ အုပ်ချုပ်ပါပြီ။ ကြိုက်မကြိုက် ခဏထား၊ ဖြစ်နေသည်ကို လက်ခံရပါမယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ပထမဆုံးသမ္မတ စပ်ရွှေသိုက်ရဲ့ ဓာတ်ပုံကို အာဏာပိုင် အဖွဲ့ အစည်းများရဲ့ ရုံးတွေမှာ ချိတ်ဆွဲခဲ့ပါတယ်။ နောက်သမ္မတတွေ အသီးသီးဖြစ်လာကြတဲ့ ဦးဘဦး၊ မန်းဝင်းမောင်တို့ရဲ့ ပုံတွေကိုလည်း ရုံးတွေမှာ တွေ့ခဲ့ရပါတယ်။ သန့်ရှင်းအစိုးရ လက်ထက် ပါလီမန်က လျာထားတဲ့သမ္မတ သမ္မတ ဆမားဒူးဝါးဆင်ဝါးနောင်ရဲ့ ဓာတ်ပုံကိုတော့ မြင်ခွင့်မရလိုက်ကြပါဘူး။ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းသွားလို့ ဖြစ်ပါတယ်။ ဒီသမ္မတတွေအားလုံး နဲ့အတူယှဉ်ပြီး အမြဲမြင်ရတာက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံဖြစ်ပါတယ်။ နောက်ဆုံး မဆလခေတ်အထိ ဗိုလ်ချုပ်ဘေးမှာ ဦးနေ၀င်း ရှိခဲ့ရပါတယ်။

ဒီအကြောင်းတွေကို သက်ကြီးစကား သက်ငယ်ကြားလို့ သိခွင့်ရတာပါ။ ဒီကနေ့ သမ္မတသစ်ရဲ့ ဓာတ်ပုံကို ဌာနဆိုင်ရာရုံးတွေနဲ့ အာဏာပိုင် အဖွဲ့အစည်း အသီးသီးမှာ ချိတ်ဆွဲ ထားသင့်တယ်လို့ ပြောကြပါတယ်။ အရင် နအဖဥက္ကဌရဲ့ ဓာတ်ပုံကို ဆက်ပြီးထားမယ်ဆိုရင် အဓိပ္ပါယ် မရှိပါဘူး။ ပြည်သူတွေရဲ့အမြင်မှာ မေးခွန်းတွေ ထုတ်လာနိုင် ပါတယ်။

ထို့အတူပါဘဲ အရင်ပါလီမန်ခေတ်တွေကလို ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ယှဉ်ပြီး အခုသမ္မတသစ်ရဲ့ပုံကို ရုံးတွေမှာ ချိတ်ဆွဲပြလိုက်ရင် ဘာတွေဘယ်လိုတုန့် ပြန်ကြမလဲဆိုတာ စိတ်ဝင်စားစရာပါ။

အောင်မျိုးထွန်း

၃၀- ၃-၂၀၁၁