ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

စန်းလပမာ ချမ်းမြသာယာစေသော သီတဂူ..


စန်းလပမာ ချမ်းမြသာယာစေသော သီတဂူ

အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြုအဖွဲ့မှ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (D.Litt) (Ph.D) သည် နာရေးကူညီမှု၊ ဆေးကူညီမှု၊ ပညာရေးကဏ္ဍများအား စဉ်ဆက်မပျက် ပေးဆပ်လျှက်ရှိသော နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် ရုပ်ကလပ်(အလောင်း)အား ပြင်ဆင်ထားရှိချိန်တွင် အသုံးပြုထားရှိရန်အတွက် လေအေး စနစ်သုံး လက်တွန်းလှည်း (၄) စီးအား လှူဒါန်းပေးခဲ့ပါသည်။ ယင်း လေအေးစနစ်သုံး လက်တွန်း လှည်းအား ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော ဆရာတော် သံဃာတော်များနှင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားသော လူပုဂ္ဂိုလ်များအတွက် ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များ၌ ခေတ္တခဏ ထားရှိနိုင်ရန် ကူညီဖေးမ ပေးနိုင်တော့မည် ဖြစ်ပါသည်။

ယင်း လှူဒါန်းပွဲတွင် သီတဂူဆရာတော်ကြီးမှ ထပ်မံ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)အတွက် ဆေးရုံသုံး ပစ္စည်းကိရိယာများ၊ အရေးပေါ်ကယ်ဆယ်ရေး တွင် အသုံးပြုရသည့် အောက်ဆီဂျင်အိုးလွယ်သိုင်းများ၊ ကျောပိုးများအပါအ၀င် အရေးပေါ်လူနာတင် မော်တော်ယာဉ် (Ambulance) TOYOTA အမျိုးအစား ကားတစ်စီးအား သဒ္ဒါတရား ကြည်လင်စွာ အများပြည်သူတို့အတွက် မေတ္တာ၊ ဂရုဏာထားရှိကာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၆.၅.၂၀၁၁ (သောကြာ) နေ့တွင် လှူဒါန်းမှုကို ပြုလုပ်ခဲ့ပါသည်။

ပေးဆပ်မှုမှတ်တမ်း
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူတို့အား နေ့စဉ်နှင့်အမျှ ပိတ်ရက်မရှိ (အခမဲ့) ထမ်းဆောင်ပေးဆပ်နေကြသည့် ၀န်ထမ်းများအား တွေ့ဆုံအစည်းအဝေးပွဲကို ၂.၅.၂၀၁၁ (တနင်္လာ) နေ့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးပွဲ၌ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်က ၀န်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအချို့နှင့် ဒေါ်ဧရာမောင်မောင်ကလည်း ၀န်ထမ်းများအတွက် ငွေစုငွေကြေးကိစ္စများအား ရှင်းလင်းပြောကြားခဲ့သည်။ တွဲဖက်အတွင်းရေးမှူး ဦးတင်မောင်အေးမှလည်း ၂၀၁၁ ခုနှစ် သင်္ကြန်ရက်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ၁၀ နှစ်ပြည့် အခမ်းအနား ပြင်ဆင်ရာတွင် ရက်ပိုဆင်း၍ တာဝန်မရွေး အင်တိုက်အားတိုက် လုပ်အား ပေးခဲ့ကြသော ၀န်ထမ်းများအား မှတ်တမ်းတင် ဂုဏ်ပြုကြောင်းပြော ကြားခဲ့ပြီးနောက် ဥက္ကဋ္ဌ ဦးကျော်သူမှ ဂုဏ်ပြုလက်ဆောင်မွန်များအား - 

- ရုံး/ပြန်ကြားရေး ၀န်ထမ်းများ၊
- သုခ ကုသိုလ်ဖြစ်ဆေးခန်း ၀န်ထမ်းများ၊
- သုခ အဟာရ စားသောက်ဆိုင် ၀န်ထမ်းများ၊
- သန့်ရှင်းရေး ၀န်ထမ်းများ၊
- မော်တော်ယာဉ်စက်ပြင် ၀န်ထမ်းများ၊
- မော်တော်ယာဉ်မောင်း ၀န်ထမ်းများ၊
- ခြံဥယျာဉ်မှူး စသည့် ၀န်ထမ်း စုစုပေါင်း (၂၄) ဦးတို့အား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မင်္ဂလာမည်၏။


အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်..။ မသူတော်တွေ ဘယ်လောက်ပင် နှောင့်ယှက် နှောင့်ယှက် ဖျက်ဆီး ဖျက်ဆီး သူတော်ကောင်းတွေ အသိအမှတ်ပြုတာ ချီးမွှမ်းတာ မင်္ဂလာတစ်ပါးပါ အကိုကြီး ကိုကျော်သူခင်ဗျား...