ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

တချိန်က ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

တချိန်က ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

မြန်မာတွေရဲ့ ရွှေခေတ် ၁၉၅၄ခုနှစ် သြဂုတ်လ (၃၀)ရက်နေ့ထုတ် TIME မဂ္ဂဇင်းမျက်နှာဖုံးရှင် ဝန်ကြီးချုပ်ဦးနု
ဖေ့စ်ဘွတ်ပေါ်မှာ ဗိုလ်နေ၀င်း နှစ်အစိတ်လောက် အုပ်ချုပ်လိုက်တာ အာရှမှာ မြန်မာဆိုပြီး အာဆီယံ ဟောင်ကောင်တို့က မြန်မာဆိုရင် အထင်တကြီး မော်ကြည့်ရတာ ကနေ့ အာဆီယံ နိုင်ငံတွေမှာ မြန်မာလား အမေးခံရမှာ စိတ်မလုံနေရတဲ့ဘ၀ ရောက်နေရတော့ ကနေ့ မြန်မာလူငယ်လေးတွေကို တချိန်က အာရှမှာ မြန်မာဆိုပြီး အားလုံးက အထင်ကြီးကြ ရတယ်ပြောပြရင် ယုံနိုင်ပါ့မလားလို့ ဟုတ်ပါတယ်။ ဖေ့စ်ဘွတ်ပေါ်မှာ ပါလာတာ တကယ့် အခြေအနေ အမှန်တွေပါ။ Croon Pyai တင်ထားတာပါ။

၁၉၅၉.ခုနှစ်မှာ စင်ကာပူဟာ လွတ်လပ်ရေး (အစမ်းသဘော အကြိုလွတ်လပ်ရေး)ရတဲ့ လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ စင်ကာပူနိုင်ငံရဲ့ ဖခင်ကြီးလို့ ပြောရမယ့် မစ္စတာလီကွမ်ယူက လွတ်လပ်ရေး အကြိုမိန့်ခွန်း ပြောရာမှာ ကျနော်တို့ အစွမ်းကုန် ကြိုးစားကြရင် မြန်မာနိုင်ငံကို ဆယ်နှစ် အတွင်းမှာ မှီစေရမယ်လို့ သူက ဆယ်နှစ်ကိုတောင် အစွမ်းကုန် ညီညီညွှတ်ညွှတ် ကြိုးစားကြရင်လို့ ပြောခဲ့တာပါ။ ကနေ့ရှရှားပြန် အသုံးချခံ စစ်ဗိုလ် ငတုန်းလေးတွေကို အခုကျနော်ပြောတာ မဟုတ်ဘူးထင်ရင် ဒီလွတ်လပ်ရေးနေ့ မိန့်ခွန်းကြီးကို စင်ကာပူသံရုံးမှာ မေးကြည့်ပါ။ အင်တာနက် ပေါ်မှာတောင်ရှာလို့ ရပါမယ်။ စင်္ကာပူရောက် မြန်မာတွေ ရှာဖွေပြီး တင်ပေးကြပါအုံး။ သမ္မတ အသစ်စက်စက်ကြီး ဦးသိန်းစိန်နဲ့ ကြံ့ ဖွတ်အမတ်မင်းတို့  သိရအောင်ပါ။
တစ်ခေတ် တစ်ခါက Union Of Burma Airways ကြော်ငြာ
၁၉၅၉-ခုနှစ်မှာ ယခု ရန်ကုန်လေဆိပ်ကြီးကို သမ္မတကြီးမန်းဝင်းမောင်မှ ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီအချိန်က ရန်ကုန်လေဆိပ်ဟာ အာရှမှာ (ဂျပန်နဲ့ ဟောင်ကောင်မပါ)အကြီးဆုံးလေဆိပ်ကြီးဖြစ်ပါတယ်။ အဲဒီအချိန်က ယနေ့ ကျနော်တို့ ငေးမောပြီး အားကျနေရတဲ့ THAI AIRWAYS ဆိုတာ ရှိတောင် မရှိသေးပါဘူး။ SINGAPORE AIRWAYS လည်း မပေါ် သေးပါဘူး။ THAI AIRWAYSကို ၁၉၆၁ ဒီဇင်ဘာလ မှာမှ ဖွင့်လှစ်ခဲ့တာပါ။ အခုသူတို့ ဒီနှစ်မှာ ရွှေရတု လုပ်ကြပါမယ်။ အဲဒီ ဖွင့်လှစ်စတုန်းက သူတို့ခမျှာ DC-3 ခေါ်တဲ့ ဒါကိုတာ DAKOTA လေယာဉ်လေး -နှစ်စီးနဲ့ စတင်ခဲ့ရတာပါ။ နှစ်ကုန်ကြရင် ထိုင်းလေကြောင်း သမိုင်း စာစောင်တွေ ထွက်လာမှာပါ။ မြင်ကြရပါမယ်။

အဲဒီအချိန်က မြန်မာပြည်မှာ DC-3 ဒါကိုတာ လေယာဉ်က (၁၈-စီး) နဲ့ ဗိုင်းကောင့် ခေါ်တဲ့ ပန်ကာ လေးလုံးတပ် လေယာဉ်ကြီးတွေက (၄စီး သို့မဟုတ် ၆-စီး) ရှိနေပါတယ်။ ဒါကိုတာလေယာဉ်က လူ-၂၁ -ယောက်ပဲ စီးနိုင်တာပါ။ ဗိုင်းကောင့်က လူ ၆၂ -ယောက် စီးနိုင်ပြိး ဟောင်ကောင်လို ခရီးဝေးကို တိုက်ရိုက် ပျံသန်းနိုင်ပါတယ်။ အခုစာထဲပါတဲ့ ဟောင်ကောင် ခရီးကို အဲဒီလေယာဉ်ကြီး တွေနဲ့ ပျံသန်းခဲ့တာပါ။ အဲဒီခေတ်ရဲ့ ဘိုရင်း- ၇၄၇ ပေါ့ဗျာ။

ဒါပေမဲ့ဗျာ အဲဒီစင်ကာပူ ၀န်ကြီးချုပ်လီကွမ်ယူကို ကျနော် တော်တော် အခဲမကြေဘူးဗျာ။ သူမိန့်ခွန်းထဲ ဗမာပြည် ထည့်ပြောပြီး ဗမာပြည်ကို ပြိုင်မယ် သူပြောလိုက်တာနဲ့ ကျနော်တို့နိုင်ငံက ရှေ့မဟုတ်တော့ဘဲ BACK GEAR အထိုးခံလိုက်ရတာ သူ့စကားကြောင့်များလား။ သူ့ပါးစပ်က တော်တော် စီးတယ် ပြောရလေမလား။
မြန်မာ့တပ်မတော်လေတပ်ရဲ့ C-47 Dakota လေယာဉ်တစ်စီး ၁၉၆၁ခုနှစ်က စင်ကာပူ ချန်ဂီလေဆိပ်သို့ ဆိုက်ရောက်လာစဉ်
(၁၉၆၁စင်ကာပူ လေဆိပ်မြင်ကွင်းပါ.. ထိုစဉ်က မင်္ဂလာဒုံလေဆိပ်နဲ့ နှိုင်းယှဉ်ကြည့်ကြပါ)
နောက်တခု အခုဂျပန်မှာ စာကြည့်တိုက်ကြီးတွေ ရှိပါတယ်။ ၁၉၆၀-၀န်းကျင်လောက်က DIGEST / TIMES / NEWSWEEKSစတဲ့ မဂ္ဂဇင်း ဟောင်း တွေကို ကြည့်ပေးကြပါဦး။ အဲဒီအချိန်က အာရှလေကြောင်းလိုင်းပြ ကြော်ငြာတွေမှာကနေ့ဆို လေကြောင်း လိုင်းတွေက ဘန်ကောက်နဲ့ စင်ကာပူကို ဗဟို ချက်ပြထားသလို အဲဒီအချိန်က ရန်ကုန်ဟာ လေကြောင်း လိုင်းတွေရဲ့ ဗဟိုချက်မ ဆိုတာတွေ့ ရပါမယ်။ ကျေးဇူးပြု ရှာဖတ်ကြပြီး တင်ပေးကြပါဦး။
၁၉၅၅ခုနှစ်က ဝန်ကြီးချုပ်ဦးနုနှင့်ဇနီး ဒေါ်မြရီတို့ နိုင်ငံပိုင် လေယာဉ်ဖြင့် ဆိုဗီယက်ယူနီယံ (ယခုရုရှား) သို့ အလည်အပတ် ရောက်ရှိစဉ်...
အဲဒီထက်လူတွေ မသိကြသေးတာ ရှိပါသေးတယ်။ လက်ရှိ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လက်ကိုင်ဖုန်း အသုံး အနည်းဆုံး တိုင်းပြည်ဖြစ်နေပါတယ်။ ရာခိုင်နှုန်း အနည်းဆုံးတိုင်းပြည်ပါ။ ဦးနုခေတ်က ဘယ်နှစ်မှာ စတင် တပ်ဆင်တယ်တော့ ကျနော် မမှတ်မိတော့ပါဘူး။ ဆက်သွယ်ရေးက ၀န်ထမ်းတွေ မေးကြည့်ကြပါ။ သူတို့ သိနိုင်ပါမယ်။ ဒါပေမယ့် ကျနော်တို့ဟာ ဂျပန် ကိုတော့မသိဘူး အာရှမှာ ပထမဆုံး AUTO DIALING အော်တို လက်လှဲ့ဖုန်း တပ်ဆင်ခဲ့သလို ကမ္ဘာမှာ- ၁၂-ခု မြောက် နိုင်ငံအဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ အီတလီနိုင်ငံတောင် ကျနော်တို့ထက် နောက်ကျပါတယ်။
ငွေစက္ကူထုတ်ရာဋ္ဌာနတိုင်း၌ လဲလှယ်ခွင့် ရှိခဲ့ပြီး အင်မတန် အဖိုးတန်ခဲ့တဲ့ ဗိုလ်ချုပ်ပုံပါ တရာတန်ငွေစက္ကူ….
အဲဒီခေတ်က မြန်မာကျပ်ငွေကို ဂျပန်ပြည်မှာ ယခုအမေရိကန် ဒေါ်လာလို ဂျပန်တွေကတန်ဖိုး ထိပ်ကထားပါတယ်။ အခုဆို Australia ဒေါ်လာဆို အခုရက်ပိုင်း အမေရိကန် ဒေါ်လာထက် နိုင်ငံတကာ ဈေးကွက်မှာ ဈေးပိုမြင့်နေပေမယ့် မြန်မာနိုင်ငံမှာ အော်ဇီ ဒေါ်လာက အမေရိကန် ဒေါ်လာထက် ဈေးနည်းနေပါတယ်။ ဟိုတုန်းက မြန်မာကျပ်ငွေဟာ ဂျပန်မှာ တန်ဖိုးအမှန်ကို ရခဲ့ အလေးထားခံခဲ့ရပါတယ်။
မ.ဆ.လခေတ်က မြန်မာ့အား/ကာက အရာရှိကြီးတစ်ဦး (နာမည်မပြောချင်ပါ) က ပြောဖူးပါတယ်။ ၁၉၆၀မတိုင်ခင်က ငါကွာ ဂျပန်မှာ နိုက်ကလပ်မှာ အကီင်္ျအိတ်ထဲ မြန်မာငွေလေး မြင်အောင် ထည့်ထားရင် ဂျပန်မတွေ ၀ိုင်းနေတာပဲတဲ့။ ဘန်ကောက်မှာဆို မြန်မာငွေ၁၀-တန် တရွက်ပေးလိုက်ရင် ယိုးဒယား မငယ်ငယ်လေးတွေ တညလုံး စိတ်ထင်တိုင်း ကြဲဘဲတဲ့။ အော်အခုများ မြန်မာငွေ တစ်သိန်းပေး ဘာလုပ်ရမှာလဲ အပြောခံရပါမယ်။
မေမြို့စစ်တက္ကသိုလ် ကျောင်းရှေ့က အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား ရုပ်တုများ...
ရေးထားတဲ့ တပ်မတော် အဓိဋ္ဌာန်ကတော့
အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား ဦးအောင်ဇေယျတို့ တည်ထောင်ခဲ့သည့် ထက်မြက်သော တပ်မတော်များ၏ လက်ဆင့်ကမ်းအမွေကို ခံယူလျှက် ပိုမိုအင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်သော တပ်မတော်ကြီးအဖြစ် တည်ဆောက်ကြကုန်အံ့ (အဟမ်း...)
မြန်မာပတ်စ်ပို့ ကိုင်ထားရင် အာရှမှာ ကြိုက်တဲ့ နိုင်ငံသွား ရင်ကော့ပြီး ၀င်ရပါတယ်။ ကနေ့ စစ်ဗိုလ်လေးများ သူတို့တပ်မတော်ထဲမှာ ဗိုလ်ချုပ်တွေ တချိန်ကရွှေထီး ဆောင်းခဲ့တာကို ဂုဏ်ယူပြီး ယိုးဒယားကို ဘယ်လို နိုင်ခဲ့တာနဲ့ အတိတ်ကို ဂုဏ်ယူ လက်မထောင် တတ်ကြပါတယ်။ သမိုင်းမသိဘဲ ပါးစပ်ပြော တဆင့် ကြားသမိုင်းနဲ့ အလောင်းမင်းတရားကြီးက ယိုးဒယားကို ဘယ်လို နိုင်ခဲ့တယ် အာနေတတ် ကြပါတယ်။

မန္တလေးထောင်ထဲမှာ တပ်ကြပ်တွေ စစ်ဗိုလ်တွေ ကလာ အာတတ်တယ်။ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားထဲ ကလည်း သမိုင်းကိုတောင် နည်းနည်း ပါးပါးလေး ဖတ်ဖူးသူက ရှာမှရှား။ အထက်က ဆောင်းပါးထဲကလို အစပိုင်း နည်းနည်း၊ အလယ် နည်းနည်း အဆုံးပိုင်း နည်းနည်း၊ သမားတွေ ဖြစ်ပါမယ်။ အဲ အခမ်းအနား လုပ်ပြီး အာတော့ ကျနော်က နောက်နေ့မှာ ထောက်ပြောပြတော့ ကျနော်ကို ခင်ဗျားက ဘယ်လောက် သိလို့လည်း အများအားနဲ့ ဝေဖန်ကြပါတယ်။ ကျနော်က ရှင်းပြပါတယ်။ အလောင်းမင်း တရားကြီးဟာ သူ့ကို သူသိပ်အထင်ကြီးမှု လွန်နေတော့ ဗေဒင်တွေ အခါပေးတွေက တားကြတဲ့ ကြားက ယိုးဒယားကလည်း မဆုံးမရင် မဖြစ်တော့အောင် မွန်တွေနဲ့ ရှမ်းတွေ ရခိုင်တွေကို မြန်မာကို တိုက်ဖို့ ကိုဆွပေး စစ်ကူပေးနေတော့ ရန်တိုက် တိုက်ပေးနေတော့ မြန်မာ စစ်သည်တော်တွေ စစ်ပန်းနေတဲ့ ကြားကရယ် ရာသီဥတုကလဲ မကောင်းတဲ့ ကြားက ယိုးဒယားကိုချီပါတယ် ။

သူကသန်းရွှေနဲ့က ပြောင်းပြန် ကြောက်စိတ်ဆိုတာ မင်းတရားကြီးမှာ တစက် ကလေးမှ မရှိတာပါ. တိုက်ပွဲတိုင်းမှာ ရှေ့က ဦးစီးတိုက်ခဲ့သူ ဖြစ်ပါတယ်။ အယုဒ္ဓယကို ၀ိုင်းထားစဉ် ရာသီဥတုကြောင့် မြန်မာစစ်သည်များစွာ ဖျားနာ ကျဆုံးခဲ့ရသလို မင်းတရားကြီး ကိုယ်တိုင် အဖျားပျင်းထန်လာလို့ ပြန်ဆုတ်ခဲ့ ရပါတယ်။ ငယ်ရဲဘက် သွေးသောက် မင်းကောင်း နော်ရထာကို ခံစစ်ထားပြီး ဆုတ်ခဲ့ရပါတယ်။ သထုံခရိုင် ကံရွာမှာ နတ်ရွာစံပါတယ်။ ဒါပေမယ့် ရန်ကုန်ကိုရောက်မှ ကံကုန်တာကို နေပြည်တော် ပြည်ရွှေဘိုကို အကြောင်းကြားခဲ့တာပါ။

မင်းတရားကြီးရဲ့ သားတော် ဆင်ဖြူရှင် လက်ထက် ၁၇၆၇-ခုနှစ် မတ်လ ၂၈- ရက်နေ မှာ အယုဒ္ဓယမြို့ကို အောင်နိုင်တော်မူတာပါ။ အဲဒီမတ်လ- ၂၈-ရက်နေ့ဟာ နောင်တော့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြိး စတင်ခဲ့တဲ့နေ့ပါ..။ ကျနော် လူမိုက်ကလဲ အဲဒီမတ်လ-၂၈-ရက်နေ့ ရွှေဘိုမြို့မှာ မင်းတရားကြီးရဲ့ မြို့ဒေါင့်စေတီနဲ့ မျက်နှာချင်းဆိုင် ကျုံးတဖက်ကမ်းမှာ မွေးခဲ့သူပါ။ ကျနော်က ငယ်ငယ်လေး ကတည်းက လှန်တတ်တော့ အမေက ရွှေဘိုစစ်သား သေလို့ ဝင်စားတဲ့အကောင်လို့  ပြောတတ်ပါတယ်။

အဲဒီမှာ သမိုင်းစိတ်ဝင်စားသူ ထောင်ဝန်ထမ်းလေး တဦးနဲ့ သိရတော့ သူက အယုဒ္ဓယမြို့ တိုက်ပွဲ အပြည့်အစုံကို ခိုးသွင်း ပေးလာတော့မှ အာလုံး လက်ခံကြပါတော့တယ်။ အဲဒီလို သမိုင်းကြေကြတာပါ။ သမိုင်းမသိရင်လဲ အပြစ် မပြောလိုပါဘူး။ ကျနော်က အယုဒ္ဓယမြို့ကျတဲ့နေ့လည်း ကျနော့်မွေးနေ့ ပါလို့ပြောတော့ ဟားတိုက် ဟာသ လုပ်နေကြပါသေးတယ်။ လူငယ်လေးများကို ပြောချင်ပါတယ်။ အုပ်စုဖွဲ့ ကိုယ့်အပိုင်းနဲ့ကိုယ် တာဝန်ယူပြီး သမိုင်းကိုဖတ် သူငယ်ချင်းတွေကို အတိုချုပ်ရှင်းပြလုပ်ကြပါ။ သမိုင်းသိရင် သိလာပါမယ်။ ဘယ်လိုခံစားရတယ်ဆိုတာ။
ရုရှားပြန် စစ်ဗိုလ်လေးများ ရုရှားမှာ ရုရှားမလေးများကို မြန်မာကျပ်ငွေ လက်ဆောင် အဖြစ်ပေးရင် ဘယ်လို တုန့်ပြန်မယ်ဆိုတာ သိရအောင် လက်တွေ့ပေးပြီး စမ်းကြည့်ပေးပါလို့ တောင်းဆိုပါတယ်ဗျာ။

ဦးနေ၀င်းလက်ထက်မှာ ကျနော်တို့တတွေ ဆင်းရဲစပြုလာပေမယ့် အိမ်နီးချင်း ထိုင်း၊ မလေးရှာထွက် တရားမ၀င် ကျွန်ခံရတဲ့ ဘ၀ မရောက်ခဲ့သေးပါဘူး။ မြန်မာကျပ်ငွေ တစ်ကျပ်ဟာ ၆၂-ခုနှစ်က မြန်မာငွေ တကျပ်ကို ထိုင်းလေးဘတ်ရပါတယ်။ ၈၈မတိုင်ခင်လေးမှာ ဘတ်တိုက် ကျပ်တိုက်ပါ။ ငွေတန်ဖိုးချင်း တူနေပါတယ်။ မ.ဆ.လ ၂၆-နှစ် အုပ်ချုပ်တာမှာ မြန်မာငွေ (၄ဆ) ကျသွားပါတယ်။ န.အ.ဖ ၂၃-နှစ် အုပ်ချုပ် လိုက်တာ တစ်ကျပ်ကို တစ်ဘတ် ရနေရာကနေ အခု တစ်ဘတ်ကို မြန်မာငွေ - (၃၀)ပေးရတော့ အဆ-၃၀ -ကျသွားတာပါဘဲ။

န.၀.တ အာဏာသိမ်းခါစ (၁၉၈၉)မှာ တစ်ဒေါ်လာကို- ၃၅ကျပ် ပေါက်ပါတယ်။ ၂၀၀၂ ခုနှစ်ကဆိုရင် ၁၄၅၀-လောက်အထိ တန်ဖိုးကျသွားတာဆိုတော့ ဆယ်နှစ်အတွင်း အဆ (၄၀) ကျသွားတာပါ။ ၁၉၉၁-ခုနှစ် နိုဝင်ဘာလ လယ်လောက်မှာ ခင်ညွှန့် ကုန်ဈေးနှုန်းတက်တာနဲ့ ပတ်သက်ပြီး ကုန်သည်ကြီးတွေကို တီဗွီပေါ်ကနေ ကြိမ်းဝါးတာလေးပါ (အခု ပုဇွန်တပိသာ ၅၅၀-ကျပ် ကျနော်တို့ မစားနိုင်ဘူး ဘယ်သူတွေ ၀ယ်စားနေကြလဲမသိဘူး။ တစ်ဒေါ်လာ- ၇၁- ကျပ် ဘယ်သူတွေ သုံးနေကြလဲမသိဘူး ) အခုပုဇွန်တပိသာ ၂၀၀၀၀/ အထက်မှာပါ။ အနှစ်-၂၀ အကွာ ဘယ်လောက် ကွာသွားသလဲ။ သူတို့ကြိမ်းလိုက်ရင် လူတွေက ငြိမ်သွားတတ်ပေမဲ့ ငွေဈေးက ပိုတောင် တက်ပြတတ်တယ်။ ၁၉၉၁- နိုဘယ်ဆု ပေးတဲ့နေ့မှာ ဒေါ်လာဈေးဟာ မှတ်မှတ်ရရ ၉၁ကျပ် ဖြစ်သွားပါတယ်ခင်ဗျာ။ နှစ်ပတ်အတွင်း ၂၀- ခုန်တက်သွားတာပါ။

အဲဒီရက်ပိုင်းလေးပေါ့။ ကျနော်က ငယ်သူငယ်ချင်းလဲဟုတ် ယောက်ဖတ၀မ်းကွဲ အခု ဒု-တိုင်မှုးလုပ်နေသူ (အဲဒီတုန်းကဗိုလ်မှုး)  အိမ်သွားတော့ ကျနော်ကို ပုဇွန်ထုပ်ဟင်းနဲ့ ထမင်းကျွေးတယ်။ သူက တခါတခါကျရင် ဆရာကြီးလုပ်ြပီး ကျနော်နိုင်ငံရေးထဲ ပါနေတာ ဆုံးမတတ်တာအမြင်က ကပ်နေတော့ ပုဇွန်ထုပ်ဟင်းမစားဘဲ ချဉ်ပေါင် ကျော်လေးဘဲ စားပြီး ပုဇွန်ထုပ်ဟင်းကို အတင်းစားခိုင်းတော့ (ငါက အာဒိန္နာဒါနာ) မစားဘူး ကောထဲ့လိုက်တာ အခုထက်ထိ မခေါ်ကြတော့ဘူး။

သူ့ယောက္ခမ ကျနော့်အဒေါ်အရင်းက သူ့သားသမီး အရင်း လေးယောက်ထက် ကျနော့်ကို ပိုချစ်တာ။ သူ့သားမက်ကို ဆုံးမခဲ့တာ ကျေးဇူးတင်လို့ ကောင်းတယ် ပြောသာပြောနဲ့ အားတောင်ပေးသေးတယ်။ ရီရတယ်။ အထက်တန်းကျောင်းတုံးက ကျနော်တို့က တခြားအတန်းသားတွေနဲ့ အတန်းလိုက် ထိုးကြ ရန်ဖြစ်ကြရင် သူက တုန်နေအောင် ကြောက်နေတာ။ အဲဒီရန်ပွဲတွေမှာ အခု စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဖြစ်နေတဲ့ ကျွန်တော့် ငယ်သူချင်း ဗိုလ်ချုပ်သာအေးလည်း တခါမှ မပါဖူးဘူး။ သူတို့တွေက အခုစစ်ဗိုလ်တွေ လုပ်ကြတယ်။ ငယ်သူငယ်ချင်းတွေ ဆုံဖြစ်ရင် အဲဒါကို ခဏခဏ ပြောဖြစ်ကြတာ။

အဲဒါပါဗျာ။ မမြင်ဘူးမူးမြစ်ထင် ဆိုတာလို မရောက်ဘူး ရုရှားကို နိဗ္ဗာန်ထင်နေတဲ့ တစ်ချို့သောငနုံ စစ်ဗိုလ်လေးတွေ မယုံရင် စင်ကာပူ လွတ်လပ်ရေး မိန့်ခွန်းကို နားထောင်ကြည့်ပါဦးလို့။

လေးစားလျှက်

လှိုင်မြင့်