ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမိအဖကျေးဇူး ဆပ်လို့မကုန်နိုင်ဘူး (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

အမိအဖကျေးဇူး ဆပ်လို့မကုန်နိုင်ဘူး

ကျနော် အခုရက်ပိုင်းလေး ပိုပြီးအလေးရေးချင်နေတာကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတာကို အချက်အလက် အများကြီးနဲ့ထောက်ပြချင်တဲ့ ဆောင်းပါးပါ။ ယခင်က ရေးထားဘူးတာ ပြန်ရှာကြည့်ရပါဦးမယ်။ AAPP မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ကို  ပို့ပေးဖူးပါတယ်။ ဧရာဝတီ RFA စတာတွေကို ၂၀၀၅ / ၂၀၀၆ လောက်တွေကပို့ ပေးဖူးပါတယ်။ မြန်မာလို မရိုက်တတ်သေးတော့ လက်ရေးနဲ့ရေး စကင်ဆွဲပို့ ပေးခဲ့တာပါ။

ဒါပေမဲ့ အခုတလော (အချိန်မကျဘဲ ကြေမွသွားတဲ့ ပန်းတပွင့် Click ) ဆောင်းပါးက အတော်လေး ပြန့်အား ကောင်းလာတော့ ကျနော်အမြင်ကတော့ စာရေးသူကို ဝေဖန်လိုစိတ်မရှိပေမဲ့ ကျနော် ခံယူချက် ကျနော့်ယုံကြည်ချက် ကျနော့်ဘ၀ အတွေ့ အကြုံတွေနဲ့ ရေးဖို့ လိုအပ်လာပြီလို့ ယူဆလို့  ယခုဆောင်းပါးကို နိုင်ငံရေးအကျဉ်းသား creteria ထက် အရင်ဦးစားပေး ရေးလိုက်ရတာပါ။ ဒီဆောင်းပါးကို မရေးချင်တာ အကြောင်းတွေ များပါတယ်။

တစ်က ကျနော်ဆောင်းပါးတွေမှာ ကျနော်အကြောင်းတွေ ထည့်ထည့်ပြီး ရေးလာရတော့ တချို့လူတွေ (န.အ.ဖ ဘက်သားလို့ သံသယရှိထားသူတွေက) ကျနော်မိတ်ဆွေတွေကို ဒီလူက နိုင်ငံရေးဆောင်းပါးရေးပြိး ပုဂ္ဂိုလ်ရေး အမြတ်ထုတ်နေတယ်ပေါ့။ မိတ်ဆွေ နှစ်ဦးကတော့ ဖြစ်နိုင်ရင် ခင်ဗျား အကြောင်းမထည့်ပဲ ရေးပါလားပေါ့။ စေတနာနဲ့ ပြောလာတာပါ။ ကျနော်သူ့ကို မေးလိုက်ပါတယ်။ အခုကျနော်ရေးထားတာကို ခင်ဗျားပြန်ပြင်ပြီး ရေးကြည့်ပေးပါ။ လေးနက်မှု မလျော့သွားဘူးဆိုရင် နောင်ကျနော် ဆောင်းပါးရေးပြီးရင် ခင်ဗျားဆီ အယ်ဒစ်လုပ်ပေးပြင်ပေးဖို့  အရင်ပို့ လိုက်မယ်ပေါ့။

ကျနော်က မြန်မာစာက တော်တော်လေး အားနည်းပါတယ်။ ညံ့တဲ့အဆင့်မှာရှိတာပါ။ စာရေးဆရာလဲ မလုပ်ချင်ပါဘူး။ အဲဒီတော့ ရေးစရာက ဘ၀မှာတကယ်ကြုံတွေ့ ခဲ့ရတာလေးတွေဘဲ ရှိတာပေါ့။  ဘ၀အသိ ဘ၀အတွေ့အကြုံ တွေပဲရှိတာပေါ့။ ကျနော်က ဗွီဒီယို ရုပ်ရှင် စတာတွေလဲ မကြည့်တတ်ဘူး။ TOM CRUISE တို့ ANGELINA JOLIE နဲ့ BRAD PITT လား(မှားရင်ခွင့်လွှတ်) တို့ဆို ကျနော်လူရုပ်ပုံနဲ့ နာမည်နဲ့ တွဲသိတာ ၂၀၀၇ လောက်ကျမှသိတာပါ။ ကြော်ငြာတွေမှာ လှတယ်လို့တော့ မြင်နေတာ။

နောက် နိုင်ငံရေးထဲလဲ လုံးဝမပါချင်ဘူး။ မပါချင်လို့လဲ ဘယ်အဖွဲ့ထဲမှ မပါခဲ့ဘူး။ ၁၉၈၉- မှာ ဒေါက်တာဌေးကြွယ် (အဖွဲ့ချုပ်) ကတစ်ဆင့် နှစ်ကြိမ် ဒေါ်စုက  အဖွဲ့ ချုပ်ထဲ ၀င်ပါပေးဖို့ ပြောလာပါတယ်။  ကျနော် တစ်ကြိမ်တော့ ဒေါ်စုကိုသွားတွေ့ပြီး ပါတီထဲမပါပေမယ့် ပါတီထဲ မ၀င်တဲ့ (ကိုယ်ပျောက် အမာခံပါတီဝင်) လို့သာ မြင်ထားပေးပါ ပြောခဲ့ပါတယ်။ နောက်တချက်က အမေ(အသက်-၆၀ ကျော်) ရယ် ညီ(ဒေါက်တာဂျိုးဇက်)ရယ်/ ညီမ (ဒေါက်တာအေးအေးမူ) တို့ကိုဖမ်းထားတော့ ပြန်လွှတ်မယ် မျှော်ကြရတာတော့ ထုံးစံပေါ့လေ။ မလွှတ်ဘဲ ချလိုက်ရင် (ကိုကိုကြောင့်) အကိုက နိုင်ငံရေးပါတီထဲ ပါလို့ မဲပြီး ချလိုက်တယ် ဖြစ်ကြပါမယ်။
နောက်တခုက ကျနော်က ကိုမင်းကိုနိုင်တို့အဖွဲ့ထဲ ၀င်ပါနေရတော့ ကျနော်ကို သူတို့အဖွဲ့ထဲကို အတိုင်ပင်ခံအနေနဲ့ ထည့်သူက ကိုမင်းကိုနိုင်။ တခါ ညပိုင်း(တညလုံးပါ) အရေးကြီး ဆုံးဖြတ်ဖို့ ဆွေးနွေးကြရင် မိုးသီးနဲ့ လူငယ်တွေ အများစုနဲ့က သဘောထား မတိုက်ဆိုင်ကြဘူး ဖြစ်ကြတယ်...။ ဒီတော့ ကျနော် ဒိုင်သူကြီး လုပ်ရတယ်။ မိုးသီးက ကျနော်အပေါ် မင်းကိုနိုင်ဘက် ပါတယ်။ ဘက်လိုက်တယ်ဆိုတဲ့ အသံရှိလာတော့ ကျနော် သူတို့အားလုံးကို (ငါက နိုင်ငံရေး ပြေလည်သွားရင် နိုင်ငံရေးထဲ မပါတော့ဘူး)  ဆိုပြီး အပြတ်ပြောထားတာ ရှိနေတော့ မပါခဲ့တော့ဘူး။ (ရီရတယ်... အခုကျတော့ မိုးသီးက ကျနော့်ကို မမှတ်မိဘူးလို့ ပြောနေတယ်)
ပထမ ရက်ပိုင်းတွေမှာ အစည်းအဝေးတွေမှာ လက်မှတ်ထိုးကြတော့ ကျနော်ကို အထူးအကြံပေးပေါ့။  ထိပ်ဆုံးကနေ ကျနော်ထိုးရတယ်။ ၃ -ခါလောက် ထိုးပြီးနောက်တော့ နည်းနည်းကြောက်တာနဲ့ (ပေါ်ဦး မင်းတို့က နာမည်ရှိ PROMINENT FIGURES တွေတကယ်လို့ ဖမ်းရင် မင်းတို့ကို ထိမှာမဟုတ်ဘူး။ ငါက ဘာကောင်မှ မဟုတ်တော့ အရေခွာခံရမယ်။ ငါ့နောက်က လူဖေါ်ပါဆိုရင်လဲ ငါ့မှာလဲ ဘယ်သူတဦး တယောက်နဲ့မှ အဆက်အသွယ်မရှိတော့ သေလုနီးပါးခံရမှာကွ။ လက်မှတ်မထိုး ပါရစေနဲ့ကို တောင်းပန်မိပါတယ်)။ သူတို့က ဆရာလက်မှတ်မထိုးရင် မဖြစ်ဖူးဆိုတော့ အောက်ဆုံးကဘဲ ထိုးပါတော့တယ်။ ဧည့်သည်ပေါ့။ လုပ်ရတာလဲ တော်တော်ကြောက်ပါတယ်ဗျာ။ ပြီးတနေရာ ပုန်းအိပ် ကြရတယ်ပေါ့။ မိန်းခလေးတွေကအစ ပင်ပန်းနေတော့ အချိန်တိုအတွင်း (ခေါခေါနဲ့) ဟောက်နေကြပြီ။  ကျနော်က ကြောက်နေတော့ မိုးအမြန်လင်းပါစေ ဆုတောင်းရင်း အိပ်မပျော်ခဲ့ပါဘူး။ တခါမှ အိပ်မပျော်ခဲ့ပါဘူးဗျာ။


ထားပါတော့ အထက်က ဆောင်းပါးလေးက စာရေးသူက တကယ့်အဖြစ်မှန်လဲ ဖြစ်ချင်ဖြစ်ပါမယ်။  အတော်ကိုလူတွေ ခံစားမိကြပါတယ်။ ကောင်းပါတယ်။ ဒါပေမဲ့ လူငယ်လေးတွေမှာ မိဘလုပ်ကြွေးလို့ အသေဆိုးနဲ့ သေခဲ့ရတယ် မြင်သွားမှာ စိုးလာပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာမှာ အမိအဖ ကျေးဇူးကို အလွန် ဦးထိပ်ထားတာပါ။ (တခြားဘာသာတွေကို ကျနော် မဆွေးနွေးထားပါ မသိလို့ဟုတ်ပါ)။ ဗုဒ္ဓဘာသာမှာက လူ၊သတ္တ၀ါတို့ဟာ ဖန်ဆင်းလို့ ဖြစ်တည် လာရတာမဟုတ်ဘူး။ အမိအဖကြောင့် ဖြစ်တည်လာရတာ။ ပြီးလူမှာက နှစ်အတော်များများ ပြုပြင်သွန်သင် ဆုံးမပြုစုပြီးမှ လူရယ်လို့ ဖြစ်လာရတော့ အမိအဖ ကျေးဇူး ဆပ်မကုန်နိုင်ဘူးလို့  အမိအဖ ကျေးဇူးကို အထူးအလေးထားတာမို့ပါ။

ကျနော်ဟာ အမိအဖကို ငယ်ငယ်က လန်ကဆန်လုပ်တာက တပိုင်း။ အမေဖေ စကားကို အလွန် နားထောင်ပါတယ်။ မျက်ကွယ်မှာ တမျိုးမလုပ်ပါဘူး။ အမိအဖနဲ့ ခွဲနေရရင်လဲ အမြဲလိုလို မှိုင်နေတတ်တာပါ။  အဲဒီအချိန် တဦးဦးက လာဗိုလ်ကျရင် သေပြီသာမှတ်။ လူခန္ဒာကိုယ်က လှီတယ် သေးတယ်။ ဒီတော့ကျောင်းမှာ ဗိုလ်ကျချင်ကြတယ်။ အဲဒီမှာ ကျနော်ပြန်တွယ်ရင် ဆေးရုံပို့ရတဲ့ အထိ တွယ်တော့တာ။ အဲဒီတော့ ၁- တန်း ပြီးကတည်းက ကျနော့်ကို ဘော်ဒါဆောင်တွေက လက်မခံတော့ဘူး။ မိဘတွေလဲ ကျနော်ကြောင့် ဒုက္ခတွေ ပိုရပါတယ်။ ကျနော်လဲ ကျန်မောင်နှမတွေက ဘော်ဒါဆောင်မှာ ကျနော်က ပင်စင်စားအဖိုးကြီးအိမ်မှာ တယောက်ထည်း။ ဘေးနားအိမ်တွေကလည်း အလာမခံဘူး။ နာမည်က ကောင်းတာကိုး။ ကျနော်အဲဒီလောက် အမိအဖ ကိုချစ်တာပါ။ ငယ်ဘ၀ကိုတွေးရင် ထောင်ကျတာထက် ခံစားရတယ်။ တွေးကိုမတွေးချင်တာပါ။

ကျနော်ဟာ ခပ်ငယ်ငယ်ကထဲက ကျောင်းပိတ်ရင် ရွာကိုပြန်တယ်။ မနက်အစောကြီးထ အဖိုးလယ်ထဲ လိုက်ကူပါတယ်။ သိပ်ပြိး အဖေါ်တွေနဲ့ ကစားတာ မလုပ်ဘူး။ အသက် ၁၆- နှစ်လောက်ရလာတော့ (ကိုးတန်း) မှာ သူငယ်ချင်းက ကြက်ပေါက် (ရွှေနီ-ဥစား) လေးတွေ ပေးပါတယ်။  သူတို့က ကြက်ပေါက်လေးတွေ ဖေါက်ရောင်းတဲ့ အလုပ်ရှိတယ်။ မီးအုပ်ဆောင်းပါ ငှားပေးတယ်။ သူ့နာမည် မျိုးသန့်... တသက်လုံး သူ့ကျေးဇူး မမေ့နိုင်ဘူး။ သူ့ကျေးဇူးကြောင့် ကျနော်ဟာ အမိအဖ ကို ၁၆- နှစ်သားကတည်းက ပြန်လုပ်ကျွေးနိုင်ခဲ့တာပါ။ နောက် ဈေးရောင်းရဲတဲ့ သတ္တိပါ ရလာပါတော့တယ်။ ကျောင်းမှာ သူငယ်ချင်းတွေ (တချို့က) နှိမ်ချင်တယ်။ ဈေးသည်ကြီး ဒီနေ့ ရောင်းကောင်းလား ဘာလားပေါ့။ အေး ငါက လမ်းဘေး ထိုင်ရောင်းသူ ဖြစ်ပေမယ့် အမိအဖ ကျေးဇူး ငါလို မင်းတို့ ဆပ်နိုင်ပြီ ဆပ်ဖူးလား မေးထည့်တာပေါ့။


နောက်ဆေးကျောင်းလဲ ပညာသင်ဆုနဲ့ တက်ရတော့ မိဘတွေ အများကြီး သက်သာခဲ့ပါတယ်။  အဲဒီတုန်း က တလကို (၇၅-ကျပ်) ရပါတယ်။ ကျောင်းလခနဲ့ အဆောင်ကြေးသွင်း ပြီးရင်ကို ကိုယ်အတွက်- ၁၆- ကျပ် ပိုပါတယ်။ လက်ဘက်ရည်(ပြား-၂၀)  ခေတ်ကလေ။ ဆီချက်ခေါက်ဆွဲတပွဲ ငါးမူးခေတ်ကပါ။ ရွှေက - တကျပ်သား (၇၀၀) ကျပ်ခေတ်။

နောက် ဆေးကျောင်းတက်ရင်း တတိယနှစ်ကစလို့ မိုးကုတ်ကျောက်နဲ့  ကျောက်စိမ်းရောင်းတာတွေ လုပ်ပြီး အိမ်ကို ပြန်ထောက်ပါတယ်။ အိမ်ပြန်ထောက်ရတယ် ဆိုတာကလည်း ဆေးကျောင်းကို မောင်နှမ လေးယောက် တပြိုင်တည်းတက်ရတော့ မိဖတွေလဲ မတတ်နိုင်ကြတော့ဘူး။ မိဘကို လုပ်ကြွေးရင် ကံက အလိုလို မျက်နှာသာ ပေးလာတာပါ။ ၁၉၇၄ -မှာ ကျနော်က ဆေးကျောင်းက အဆောင် (အခန်း)ကို ငှားစားပြီး အဒေါ်အိမ်မှာ သွားနေပါတယ်။ ငှားစားတော့ တလ- ၅၀ လောက်အပိုရတာပါ။ အဒေါ်အိမ်မှာ ရွှေငါးလေးတွေ မွေးထားပါတယ်။ ဖြစ်ချင်တော့ ၁၉၇၄ -မှာ ဦးသန့် အရေးအခင်း ဖြစ်လာပါတယ်။ မန်းတက္ကသိုလ်က ဆန္ဒပြတဲ့ကျောင်းသားတွေ ဆေးကျောင်းရှေ့ ချီတက်လာတော့ ညီမောင် ဂျိုးဇက်က ၀င်ပါပါတယ်။ ကျနော်က ဆွဲထုတ်တော့ နှစ်ယောက်သား ထိုးကြ ကြိတ်ကြတဲ့အထိ ဖြစ်သွားပါတယ်။  မင်းနေ၀င်း အစိုးရကို ဖြုတ်ချချင်လား။ လာအခု ကချင်ပြည်နယ်ကို သွားတောခိုမယ် လိုက်ခဲ့ပေါ့။ လက်သီးဆုပ် အော်ပြရုံနဲ့  နေ၀င်းပြုတ်မကျဘူးကွ လာငါပါ တောခိုမယ်ပေါ့။ သူ ငြိမ်သွားတယ်။

ဒါပေမဲ့ဗျာ ညပိုင်းတွေကျတော့ မနေနိုင်ပါဘူး။ သပိတ်စခန်းက သကျသီဟ ဘုရားဝိုင်းထဲမှာ။ အဒေါ်အိမ်က (ဒေါင်းရိုးရပ်ကွက်) နဲ့က တလမ်းထဲ ခြားတာလေ။ တခါလမ်းထဲမှာက ပွဲရုံတွေက အများကြီး။ သူတို့က မင်းတို့သွားပို့ ပေးပါလို့ ပြောကြတာပေါ့။ လိမ္မော်သီး၊ ငှက်ပျောသီး / ဆန်/ ဆီ / ပဲ / အသီးအရွက်/ ထင်း အစုံပေါ့။ မနေနိုင်တော့ဘူး။ ညီတ၀မ်းကွဲ (သူလဲဆေးကျောင်းသား)နဲ့ ဘေးတွဲ ဆိုက္ကားတွေနဲ့ ညည ခိုးပို့ပေး တော့တာပေါ့။ သပိတ်စခန်းလဲ ၀င်စီးကော ညီအကိုနှစ်ယောက် မိုးကုတ်ဘက် တောရွာတွေမှာ သွားပုန်းနေကြရတာ။ အဒေါ်က ရွှေငါးလေးတွေက သေသေ ကုန်လို့  မုံရွာက အိမ်ကိုပို့ လိုက်ပါလေရော။

အမိအဖ လုပ်ကျွေး ကျေးဇူးဆပ်ချင်တဲ့စိတ် လုပ်ကျွေးနေတော့ ကံက ဖန်လာတာပါ။ မုံရွာက ခလေးတွေက အိမ်က ရွှေငါးတွေကို အတင်းတောင်း ၀ယ်လာကြတယ်။ အဲဒီတော့ရောင်းခိုင်းလိုက်တယ်။  နောက် ရန်ကုန်ကို ရွှေငါးတွေ ဆင်းရှာတယ်။ ကံက ပံ့ပိုးလာတော့ ရန်ကုန် သိပ်မသွားတတ်တော့ ကားမှားစီးတာ ရွှေငါးအကြီး အကျယ်မွှေးတဲ့ အိမ်ကို သိသူနဲ့ဆုံပြီး လမ်းမှားနေတာ ပြောပြတော့ သူက ရွှေငါးအိမ် ပို့ပေးပါလေရော။ အဲဒီ့ရွှေငါး မွေးသူကလည်း ကျနော်က အမိအဖကို လုပ်ကျွေးနေသူ ဆိုတော့ လိုလေသေးမရှိ ကူညီတော့တာပါပဲ။ ရွှေငါးတွေ ရန်ကုန်ကနေ သယ်ယူတာက အစ သူက ကူညီပါတယ်။ တခြားမွေးတဲ့ နေရာတွေပါ သူကပို့ ပေးပါတယ်။ အခုချိန်အထိလဲ ခင်မင်လို့ ညီအကိုလိုနေကြတုန်း.... ။

ရန်ကုန်မှာ ရွှေငါးတကောင် (၂.၅၀ - ကနေ ၃.၀) ကျပ် ပေးရတာကို မုံရွာရောက်တော့ (၇.၀ - ၈.၀)  ကျပ်ပေါ့။ လမ်းစရိတ် အသေအပျောက် နုတ်ရင် တကောင်ကို (၃.၀) ကျပ်လောက် မြတ်တာပေါ့။  ရွှေဈေး တစ်ကျပ်သား ၁၀၀၀ ခေတ်လေ။ မန်းမှာက ၆.၀ ကျပ်ပေါ့။ မြတ်တယ်ပေါ့။ အဲဒီအမြတ်ထက် အဆပေါင်းများစွာ ပိုမြတ်တာ မကြာခင် ကံက ပံ့ပိုးလာပါတယ်။ ကံဆိုတာ ပံ့ပိုးလာချင်တော့ ကြံဖန်ကို ၀င်လာတာ။ တခေါက်မှာ ရန်ကုန် ရွှေငါးဈေးကွက်မှာ ရောင်းလို့မရတဲ့ (ဇိမ်း) ခေါ်တဲ့ ငါးပေါ့။ ရွှေငါးကနေ ပေါက်တာပါဘဲ။ သူက ဘလက်မိုး (Black-moore) လိုလဲ မဲမနေဘူး။ ရွှေရောင်လည်း မဟုတ်ဘူး။  စစ်ယူနီဖေါင်းကို ရေစိုနေတဲ့အရောင် (စစ်ရောင်မှ မကြိုက်ကြတာ)။ အဲဒီငါးတွေက ခန္ဒာကိုယ် body လှတယ်။ အရွယ် အကြီးကြီးမှ တကောင်ကို တမတ် (၀.၂၅-ပြား) ကျနော်က ၀ယ်လာပါတယ်။  မုံရွာရောက်တော့ ကလေးတွေက ဟင်/ဟာ နဲ့ သရော်နေကြတော့ ရေချိုးခန်းထဲက စဥ့်အိုးထဲ (အမှောင်ထဲ) ၀ှက်ထားလိုက်တယ်။ ရွှေငါးတွေကုန်တော့မှ သူတို့ကို အပြင်ထုတ်လိုက်တော့ သူတို့က အလင်းရောင် (တလလောက်)  မရရှာတော့ အဖြူကွက်လေးတွေ ဖြစ်နေတယ်။
နေရောင်အောက် ရောက်တော့ မကြာပါဘူး အဲဒီ့အဖြူကွက်လေးတွေက နီရဲတောက် တက်လာတယ်။ အရွယ်ကကြီး အရောင်က ရွှေရောင်ကို ရဲတောက်နေတော့ တကောင်ကို (၂၀- ကနေ ၂၅ .၀ ကျပ်) အထိ ရောင်းရတော့တာ။ ရန်ကုန်မှာ အဲဒီငါးတွေက ယူမယ့်သူ လုံးဝမရှိ။ အဲဒီငါးဝယ်ရင် ဘူတာအထိ လိုက်ပို့ပေးကြတာ။ ရန်ကုန်ရွှေငါးသမားတွေက နောက်တော့သိတယ်။ ရွှေရောင်းပြောင်းပြီး ရောင်းတာကို။ ကိုဘီလီ ဘယ်လို ပြောင်းရသလဲပေါ့။ လိမ်ပြောရတာပေါ့။ ဒါ trade secret လေ ဘယ်ပြောနိုင်မလဲ။ ဆေးနဲ့ စိမ်ပြောင်းတာလို့။ သူတို့ (အသေ) ကိုသိချင်ကြတာ။ ၁၉၈၆ လောက်ကျမှ ကျနော်သူတို့ ရှင်းပြလိုက်ပါတယ်။ ဟာ လွယ်လွယ်လေးဘဲ ပေါ့။ ကျနော်နံမည်လဲ ရွှေငါးလောက မှာ နံမည်ကိုကြီးလို့။ အဲဒီမှာ ကျနော် တနှစ် (၇၄ - ၇၅ခုနှစ်) ကပေါ့ စာရင်းချုပ်တော့ ရွှေငါးက တနှစ်ထဲတင် ၂၇၀၀၀- ကျပ် (နှစ်သောင်းခုနှစ်ထောင် ) အမြတ်ကျန်တာပါ။ တွက်ကြည့်ရွှေဈေးက (၁၀၀၀)။ အကုန်မိဘ ကိုပေးတယ် ကျနော့်အတွက်ဆို စွပ်ကျယ်လေး လေးထည်။ ကချင်ပုဆိုး နှစ်ထည် လေယာဉ်မောင်အစ အကျီ်င်္လေးတစ်ထည်။ ဒါဘဲဝယ်တယ်။

ဒါတင်လားဆိုတော့ ကျနော် အထက်ကပြောသလို မိုးကုတ်ကျောက်တွေ ရောင်းတယ်။  ကျောက်သူဌေးတွေကလဲ ကျနော်က လူဖြောင့် ဈေးကို တစ်ခွန်းဘဲ ပြောသူဆိုတော့ အပ်ကြတယ်... ဈေးညွှန့်တင် မပြောဘူး။ ဆေးကျောင်းသားဆိုတော့ ထွက်လည်း မပြေးဘူး။ မလိမ္ဘူး။  စကားကလည်း တခွန်းထဲသမား။ ဒီတော့ ကျောက်ကောင်းတွေရတော့ ရောင်းရတာ မျက်နှာလှတယ်။ လွယ်လွယ် ရောင်းရတော့ ပိုအပ်လာကြပါတယ်။ တလတလကို အိမ်ကို ၁၀၀၀- အထက် ပြန်ပို့နိုင်တယ် ...။ ၁၀၀၀-အောက်ပို့ ရတဲ့လဆိုရင် ကျနော် မပျော်ဘူး။ အိမ်ကိုငွေပြန်ပို့တော့ အဖေက လကုန်ရင် မန္တလေးလာပြီး ကျန်မောင်နှမတွေ ကို ကျောင်းစားရိတ် လာပြန်ပေးရပါတယ်။ အဖေက မင်းကွာ..မင်းအမ ညီ ညီမတွေ ပေးလိုက်ပါလားပေါ့။

ဖေဖေ ကျနော်က ဘာမှ မစားမသောက်ဘဲ ရှာလို့ရထားတဲ့ငွေ လွယ်လွယ်ရတာ မဟုတ်ဘူး  အန္တရာယ်လဲရှိတယ်။ ဖေဖေ လက်ထဲပဲ ပေးမယ် .....။ ဖေဖေ ကြိုက်သလောက် သူတို့ကိုပေး။  တကယ်ပါ ကျနော်မှာ ဘာမှမရှိပါဘူး။ မစားဘူး မသောက်ဘူး။ ဒိန်ချဉ် သိပ်ကြိုက်တတ်တာတောင် တခွက် (၂၅-ပြား) ကို ၀ယ်မသောက်ဘူးဗျာ။ အဖေ ကို အကုန်အပ်တာ။ နောက်ဆုံးကျောက်က ရောင်းမရတဲ့ ထိုင်းနယ်စပ်က ပြန်လာရတဲ့ကျောက် ကျနော် ကိုင်ရင် ထွက်တယ်ဗျာ။ အဲဒီကျတော့ ပိုင်ရှင်တွေက ပွဲခကို နှစ်ဆ သုံးဆ ပေးတော့တာ။ သူဌေးတွေက ကျနော်ဘာမှ ၀ယ်မစားတာသိတော့ ကျွေးကြ ပြုစုကြပါတယ်။ ပိုလဲခင်မင် လေးစားကြပါတယ်။ နောက်သူတို့ ကျောက်မျက် ဆိုတာ ရတနာ။ အဲဒီကရတဲ့ငွေကို မိဘကျေးဇူး ဆပ်တာကို သိပ်မင်္ဂလာယူကြတာ။ အဲဒီငွေနဲ့ အပျော်အပါးလုပ်တာသူတို့က မကြိုက်ကြဘူး။ ကျနော်က သူတို့  သိပ် ကြိုက်တဲ့လူ ဖြစ်နေတော့ ကျောက်ကောင်းတွေ ကို ကျနော့်ကိုအပ်တယ် ။

တခါ ၁၉၇၅-ခုနှစ်မှာ ဦးနေ၀င်းက (စားဆီ) မှောင်ခိုရောင်းဝယ်ရင် အနိမ့်ဆုံး- ထောင်ဒါဏ် (၁၅ -နှစ်) ကနေ သေဒါဏ် အထိ ကြေငြာလိုက်ပါတယ်။ ရန်ကုန်က စားဆီဈေးဟာ တပိသာ ၂၅-ကျပ်ကနေ ဈေးပါ ပျောက်သွားပါတယ်။ ကြေငြာတာမှ သတင်းစာမှာ မျက်နှာဖုံးမှာ စာလုံးအမဲကြီးတွေနဲ့။ အဲဒီတော့ မုံရွာမှာ ဆီဈေးက ၂၀ ကနေ .ရှစ်ကျပ်အထိ ထိုးကျသွားတယ်။ ရန်ကုန်မှာက ဆီရှိရင် ဈေးက ပါးစပ်ထဲ ကြိုက်သလိုခေါ်ပေါ့ ။

ကျနော်က ငါကမိဘအတွက်လုပ်တဲ့သူ။ ကံဆိုးကျစရာ အခွင့်နည်း တယ်ဆိုပြီး အမေအဖေ ကိုတောင် အသိမပေးတော့ဘူး။ ဦးလေးကလည်း ကားဂိတ်လုပ်တော့ ဆီတွေခိုးတင်တယ်။ လေးဒေါင့်ဆီပုန်း (ဆယ်ပိသာဝင်) ကိုသေတ္တာ စပါယ်ရှယ်အထူ၊ သော့အထူးနဲ့ခတ်ပြီး သူငယ်ချင်း (ဝင်းမြင့်..ယခု Sydney) သူ့အကိုက နေ၀င်းကိုယ်ရံတော်တပ် (တပ်ရင်း-၄) က ကိုတင်ဝင်းနာမည်နဲ့  (ဗိုလ်ကြီးတင်ဝင်း- တပ်ရင်း-၄ ပေါ့) အိမ်ထောင်ပြောင်းပုံစံရိုက် ကားပေါ်မှာ အပေါ်ဆုံးက တင်တာ။ ဘီဒိုတွေ ကုလားထိုင်တွေက အစပေါ့။  လမ်းမှာ ရှာဖွေရေးတွေက အပြတ်သောင်းကျန်း အကုန်ချရှာတာ။ သုံးနေရာရှာတယ်။ စစ်ကိုင်း ယခုကောင်းမှုတော်အနီး။ မန်းအထွက် (ပုလိပ်) နဲ့တောင်ငူမှာ... ရှာဖွေရေးတွေ ကျနော်သေတ္တာတွေကို ဘယ်ထိရဲကြမှာလည်း။ သူ့အမေလင် တပ်က နာမည်နဲ့လေ။ တကြိမ်ကို ဆီ (ပေပါနဲ့ဆို) နှစ်လုံးပေါ့။ သေတ္တာ သုံးလုံး။ ကားဂိတ်တွေမှာ ကောင်စီတွေ ကြံ့ဖွတ်လို ငထောက် သတင်းပေးတွေက ကားဝင်လာရင် လာစစ်ကြပြီ။

ကျနော်က စစ်ဘောင်းဘီ၊ ဘွတ်ဘိနပ်နဲ့ စစ်ခါးပတ်၊ အပေါ်က စပို့ရှပ် အသစ်လေးနဲ့။ ကားမ၀င်ခင်လေး ဂိတ်မှာ မျက်နှာသွားပြပြီး ကျနော်တို့ ဗိုလ်ကြီးပစ္စည်းတွေ ဒီနေ့ ကားဝင်မယ်လို့ ပဲခူးတပ်က ဖုန်းဝင်ထားတယ်ပေါ့။ အကိုဝမ်းကွဲကလဲ ဟုတ်ကဲ့ပါ ဗိုလ်ကြိး ထိုင်ပါဦး ဟေ့နေ၀င်း ဗိုလ်ကြီးအတွက် လက္ဘက်ရည် ဘာညာပေါ့။ ဘာမှမပူပါနဲ့ ဗိုလ်ကြီးလာမနေပါနဲ့ ကျနော် အပေါ်ဆုံးက တင်ထားတာဆိုတော့ ချက်ချင်းချပြီး ကားတခါထဲငှား ကျနော့်လူနဲ့ ကိုယ်တိုင် ပို့ပေးလိုက်ပါ့မယ်ပေါ့။ ပျာပျာသလဲ လုပ်ပြနေတာ။ ဇါတ်တိုက် ထားကြတာလေ။ ရီလဲရီချင်တယ်။ လုပ်ရတာလဲ ခပ်လန့်လန့်။ ကောင်စီတွေ ထိတောင်မထိရဲဘူး။ တခါထဲ တနေရာကသယ်။ တထိုင်ထဲ ချိန်းထားတဲ့ အိမ်တွေမှာ ရောင်းတာ တပုံး (ဆယ်ပိသာ) ကို ၉၀၀-ကျပ်။ အချိန် ဆို ဆယ့်ငါးမိနစ်ဘဲ။ ကုန်ကော ။ တအိမ်ကို ၅--၆ ပုံး ပျက်ကနဲဘဲ။ တခေါက်ကို ၂၄ ပုံး။ တပုံးကို ၈၀၀-ကျပ်မြတ်တာလေ။ ပထမတခေါက်ကို ၂၀၀၀၀- (နှစ်သောင်း) လောက်ရတယ်။ ဒု-အခေါက်ကြတော့ ၆၅၀ လောက်ဘဲ ရောင်းရတော့တယ်။ မုံရွာဆီဈေးကလည်း ပြန်တက်သွားတော့ သိပ်မကျန်တော့ဘူး။ မိရင်လဲ ၀င်းမြင့်က နေ၀င်းရဲ့သားနဲ့က နည်းနည်း ခင်တော့ အသနားခံစာ တင်မယ်ပေါ့။ ခလုတ်မထိခဲ့ပါဘူး။ သူများတွေ ဖမ်းခံကြရပါတယ်။ သတင်းစာထဲမှာ ဆီလေး နှစ်ပိသာနဲ့ ထောင်ကျကုန်တာတွေ ဖတ်ရတယ်။ မိဘကို ဦးထိပ်ထားတဲ့ စွန့်စားမှုပါ။

အရေးအခင်း ၈၈၈၈-နေ့ ပထမဆုံးစစ်ကြောင်းမှာ ထိပ်ဆုံးကနေ ဦးဆောင်ခဲ့တယ်။ ဆူလေးလမ်း ရောက်တော့ စစ်ဗိုလ်(ဗိုလ်ကြိးတွေ) အပွင့်တွေနဲ့ ယူနီဖေါင်းဝတ်တွေ ကင်မရာအကြီးကြီးတွေနဲ့  ဗြောင်ရိုက်တယ်။ စိတ်ကလည်းတိုနေတော့ လှန်ပြ ပြုပြဖြစ်ကုန်ကော။ ဒီတော့ ဒီကောင်တွေက ရိုက်ကွ ဒါကိုရိုက် / ရိုက်ပေါ့ ရိုက်ကွာဆိုပြီးတော့။ (စစ်ကြောရေးကြတော့ ပုံတွေပြပြီ ဒါလားကွ နိုင်ငံရေးသမားဆိုပြီး နှိမ်တာပေါ့။ အေး လှန်ပြတာ မင်းတို့ထဲက သေသွားသူရှိလား။ မင်းတို့လို လူသတ်တာလောက် မမိုက်ရိုင်းဘူးပေါ့)။ ထားပါ ။ အဲညပိုင်းကျတော့ မြို့တော်ခန်းမရှေ့မှာ လူတွေက ထိန်းမနိုင်တော့ဘူး။ အဲဒါကို ညဉ်းမိတာကို လူတစုက ဘာလဲကွ မင်းက ထောက်လှမ်းရေးလား လုပ်လာလို့ ပြေးခဲ့ရပါတယ်။

ကံကောင်းချင်တော့ သိပ်မကြာပါဘူး။ ဘရူး ဘရူး အသံ တွေ ကြားရတော့တာပါဘဲ။ အော် ငါကံဖယ်တာဘဲလို့။ ကျနော်ရုံးခန်းက - ၃၁-လမ်း လေ။ ပြသနာမဖြစ်ရင် ဆက်နေဖြစ်ဦမှာ။ ကြားထဲ ပြေးခဲ့ရတော့ ခလုပ်တိုက်မိပြိး ခြေမခေါက်သွားတာ နှစ်ရက်လောက် ခြေမထောက်နိုင်တော့ဘူး။ မထွက်နိုင်တော့ လမ်းပေါ် မရောက်ရတော့ဘူး။

တခါ အဖမ်းခံရတာတော့ အမိအဖနဲ့ မဆိုင်ပါဘူး။ အမေအဖေ စကားကို နိုင်ငံအရေးမှာတော့ နားမထောင်ဖြစ်ဘူး။ မောင်နှမတွေက တားကြရှာပါတယ်။ ကိုကို ကိုကိုထောင်ကျလို့ မဖြစ်ဘူးနော် ဖေဖေ ကျန်းမာရေးက ကိုကို အပေါ်မှာတည်တာ။ ဘယ်အထူးကုမှလဲ သူကအကုမခံဘူး။ ကျန် မောင်နှမတွေလဲ အကုမခံဘူး။ (ဗောဓိတစ်ထောင် ဆရာတော်ဘုရား လည်းဒီအတိုင်းဘဲ ကျနော်တယောက်ထဲကိုသာ အကုခံတယ်)။ ပြီးသူက ကိုကိုထောင်ကျမှာ သိပ်ပူနေတယ်ပေါ့။ ကျနော်နိုင်ငံရေး ဆက်မလုပ် သလောက်ပါဘဲ။ အဖေဆုံးတော့မှ ပြန်လုပ်တာပါ။

လုပ်လို့ အဖမ်းခံရတာပါ။ အဖမ်းမခံရခင် မသာကြီးသန်းရွှေနဲ့လည်း အမျိုးကမကင်း ခင်ညွှန့် ညာလက်ရုံး နဲ့ကလည်း မယားညီအကိုတော်တော့ ခနခန သတိပေးပါတယ်။ မရတော့လို့ ဆွဲထည့်တာပေါ့။ ကျနော်ဆွဲတဲ့ မနက်မှာကို CRDB ဦးတင်မောင်ဝင်းက အိမ်ကိုဖုံးဆက်လာပါတယ်။ အမျိုးသမီးက မနက်ကဘဲ လာဖမ်းသွားပြီ ပြောလိုက်ပါတယ်။ ည ဘီဘီစီထဲ ကျနော် အကြောင်းတွေ ကျနော်ကဘယ်လို လူစား စတာတွေ အော်တော့တာပါဘဲ။ အဲဒဲ့တုန်းက ဘီဘီစီ မှာက ဦးနေ၀င်း တာဝန်ထမ်းနေစဉ်ကပေါ့။ ဦးနေ၀င်းဆီ ကျနော်က သတင်းတွေ ပို့နေကြပါ။ ဦးနေ၀င်းနဲ့က လူချင်း မသိပါဘူး။ အခုက ဦးမောင်မောင်သန်း။ သူနဲ့က သူငယ်တန်းကတည်းက သူငယ်ချင်း။ ဝလုံး အေ ဘီစီ ဒီ ရေးဘက် ငယ်သူငယ်ချင်း။ ကြီးလာတော့လဲ တအားရင်းနှီးကြတဲ့ မိသားစု။ အခုအဆက်အသွယ် မရှိပါဘူး။

ဦးနေ၀င်းက အော်ချက်ထုတ်တော့ ကျနော့်ကို ထောက်လှမ်းရေးမှာ မထားတော့ဘဲ ထောင်မှာစစ်ပါတယ်။ သက်သာတာပေါ့။ ထောက်လှမ်းရေးမှာ စစ်ရင် သိပ်မချောင်ဘူး။ တံခါးတွေက မှန်နှစ်ထပ်။ နံရံတွေက နှစ်ထပ်တွေ ... ကြောက်စရာကြီး။ ဒါပေမဲ့ ထောင်မှာလဲ သိပ်မသက်သာပါဘူး။ အားလုံး လူ အယောက် ၄၀ -လောက် ဖမ်းထားပြီး စစ်တာ မှာ အားလုံးလိုလို နှစ်ရက်ဆို စစ်ကြောရေး ပြီးကျပြီ။ ကျနော်ကို စစ်တာ ၁၃- ရက်ကြာပါတယ်။ ဦးဝင်းထိန် (ဒေါ်စု ကိုယ်ရေးအရာရှိ) ကဆိုရင် (ဒီလူ့ကို ဒီလောက်စစ်ရအောင် ဘာတွေများ ဒီလောက် များနေလို့လည်းပေါ့)။ ၀န်မခံလို့ ကြာနေတာရယ် စီးပွားရေးတွေကို အသေးစိတ် မေးနေလို့ပါ။

ပြောချင်တာကတော့ မိဘ ကိုလုပ်ကျွေး ကျေးဇူးကို အမြဲအောင့်မေ့နေတော့ ဆိုးဆိုးဝါးဝါးကြိး မခံရဘူးပေါ့။ ထောက်လှမ်းရေး စခန်းမှာဆို ကြောက်နေရတာကိုက ရောက်ဘူးရင် သိမှာပါ။ မရောက်ဘူးသူကို ပြောပြရတာ သရက်သီိးအရသာကို စကားနဲ့ ဖေါ်ပြနေရလို ဖြစ်နေပါတယ်။ အဲဒီတနေ့လေးကို (နာရီအားဖြင့်-၁၂- နာရီတိတိ) လူက တအားကို အားငယ်နေရတာ။ ထောင်ကို ပို့လိုက်တော့ အမေ့အိမ်ကို ပြန်ရောက်သလို (ဂျိမ်း)ဆိုတဲ့ သံတံခါး ဂျက်ထိုးသံကြိးဟာ မင်္ဂလာရှိလိုက်တာပါဗျာ။ အဲဒါကို ၉၅-မှာ ငဖါးတကောင်က (နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဆိုတဲ့ နာမည်နဲ့ သတင်းစာထဲမှာ ဆောင်းပါးရေးတာက (ဂျိမ်း) ဆိုတဲ့ သံတံခါး ဂျက်ထိုးသံကြီးဟာ ငှက်ဆိုးထိုးသံကြီးလို အမင်္ဂလာသံကြီးပါတဲ့ အိမ်နဲ့ ဇနီးသားမယားနဲ့ ကန့်လန့်ကာချ ကမ္ဘာခြားလိုက်တဲ့ အသံဆိုးကြီးပါတဲ့။ ရီချင်လိုက်တာ။ ကျနော်တို့ ခံစားရတာနဲ့ ပြောင်းပြန်ကြီး။ တခါ ကျနော်တို့ကို ထောင်ပို့တော့ အဖွဲ့ချုပ်က လူငယ်လေးတွေ အာဂသတ္တိရှင်လေးတွေဗျာ။ ကားပေါ်ကထဲက ငထောက်တွေကို ပြန်ဖြဲနေကြတာ။ သူတို့ကိုကြည့်ပြီး အားပြန်ရှိလာတယ်။ ထောင်ဗူးဝမှာလဲ ချဲနေတာ ငထောက်တွေ ရှေ့မှာ သူခိုးကြီးတွေရှေ့မှာ ပုံစံမထိုင်နိုင်ဘူး ချနေကြတာ။ ကိုမင်းမင်းနဲ့ (စစ်မုန်းခက်)။

နောက်ကျနော်ကို အမှုစွဲချက်က လေးခုပါ။ စွဲချက်နှစ်ခုကို ပုတ်ထုတ်နိုင်ခဲ့လို့ (၁၀) နှစ်ဘဲကျတာပါ။ နောက်ပြောခဲ့သလိုပါဘဲ ညီနှစ်ဝမ်းကွဲ (အမွှာ နှစ်ယောက်က ဆေးမှုးတွေ) ဆိုတော့အကူအညီ အစောင့်အရှောက် ရခဲ့တယ်။ နောက်ဆုံး မန္တလေးထောင် ပြောင်းတော့တောင် တကယ့် အလွန်ရင်းနှီးတဲ့ ရဲမှုး(နှစ်ပွင့်) ကတာဝန်ခံ။ ကံတွေပါ။ နောက်မန်းထောင်မှာက ခါတော်မှီ နိုင်ငံရေးသမားအမတ်က ထောင်ထဲမှာ ဘာနိုင်ငံရေး လှုပ်ရှားမှု မှမဟုတ်ဘူး။ အချင်းချင်းမူးပြီး တောရေးတောင်ရေး စာကြောင့်တပြုံကြီး အဖမ်းခံရတဲ့ အထဲမှာ ဆေးသမားက အများကြီး ပါလာတယ်။ ပေါက်ကရ ဆေးပြားဝယ်ချနေတဲ့ ဆေးသမားတွေပါ။ ဆေးသမားစကားနဲ့  ချင်တူးဆေးဘဲတွေပါ။ ယာဘတောင် မကပ်နိုင်တဲ့ ဆေးဘဲတွေကို မဟာအမတ်က လူမွေးပြီး နိုင်ငံရေး အရှိန်အဟုန် တည်ဆောက်တယ်။ သူက အသက်က (၄၀) မရှိသေးဘူး။ အသက် (၆၀) ကျော်လူကြီးတွေကိုပါ သူတိုက်ပွဲခေါ်ရင် ပါမလား မပါဘူးလားပြော ဘာမှပြန်မမေးနဲ့ ပုံစံချိုးလုပ်ပါတယ်။ ဒီလိုအာဏာရှင်ပေါက်စ ပုံလုပ်လာတော့ ကျနော်နဲ့က (စဉ်းစားသာကြည့်ပေတော့)။

နောက်ထောင်ထဲမှာ အခမ်းအနား နိုင်ငံရေးထဲ မပါရင်ဘဲ လူကြောက်လိုလို။ ကျနော်ကလဲ အထဲမှာကော အပြင်မှာပါ အဲဒီ့အခမ်းအနား နိုင်ငံရေးဆို မပါဘူး။ သာမည မှာလုံ့လစိုက်ပြီး ပဓါန တခုမှ မစဉ်းစား မကြိုးစားကြတော့ဘူး။ သာမညတွေ လုပ်နေကြတာနဲ့တင် တာဝန်ကျေပြီလေ။ ကျနော် တင်ပြဖူးပါတယ်။ ကောင်းပြီ ဒေါ်စုမွေးနေ့ပေါ့ အခမ်းအနား လုပ်တာထက် တနေရာရာ (အိမ်/ရုံး /ပန်းခြံ မှာ သန့်ရှင်းရေးလုပ် အလှုငွေလက်ခံ ပြီးတခုခု လုပ်ကြတာပေါ့) ကျနော့်ကို ငကြောင်ပုံ ရိုက်ကြတယ်။

ထားပါ အဲဒီတော့ အခုနက ဒီမီုကရေစီရဲ့ မူဝါဒ ကိုတောင် အစာမကြေတဲ့ အမတ်က ရန်သူ့ လက်ထဲနေရချိန် အချင်းချင်း ယုတ်မာတော့တာ။ ကျနော့်ကို ထောင်ဆူအောင် လုပ်ပါတယ်... တိုင်တာ ကျနော့်စာရွက်ကို ညီဆေးမှုးက စုတ်ဖြဲပြစ်တယ်။ ထောင်ဆူအောင်လုပ်မှုက ဘယ်လောက်အထိ အပြစ်ပေးခံရမယ်ဆိုတာ ဦးဝင်းတင်နဲ့ ထောင်ထွက်တွေကိုသာ မေးကြည့်ပါ။ ကျနော် ကိုမထိပါဘူး။ အဲဒီတိုင်တဲ့လူတွေ အုပ်စုလိုက် လွင့်ကုန်ပါတယ်။

တခါ ကျနော်တို့ နိုင်ငံရေးသမားတွေက ဟင်း ထက် သတင်းကိုမက်ကြတာပါ။ အထဲမှာဘာမှ မသိရဖူး။ အဲဒါကို သိတဲ့ လူလိမ်နှစ်ယောက်က သူတို့ရုံးချိန်း/ အိမ်ထောင်ဝင်စာ (သူတို့ မိသားစုနဲ့ လွတ်လွတ်လပ်လပ် ပြောခွင့်ရပါတယ်။ ကျနော်တို့ ဘေးမှာ ၀န်ထမ်းက လိုက်ရေးနေတာ မိသားစု သတင်းကလွဲလို့ တခုခုပြောမိရင် ထောင်ဝင်စာ နှစ်လ အပိတ်ခံရပါတယ်) ကနေ ဧရာမ သတင်းအလိမ်ကြီးတွေ ယူလာပြီးး နိုင်ငံရေးသမားတွေဆီက ဟင်းတွေ လိမ်ဝါးပါတော့တယ်။

၂၀၀၂ - နှစ်ထဲမှာ ဒေါ်စုဟာ ဒု-အကြိမ် နေအိမ်အကျယ်ချုပ်က ပြန်လွှတ်ပြိး မန္တလေးခရီးစဉ်မှာ မန္တလေး မစိုးရိမ်တိုက်က နာမည်ကျော် (ထောင်ထွက်) ဆရာတော် ရာဇဓမ္မဘိဝံသ ဆရာတော်နဲ့ ဒေါ်စု နိုင်ငံအရေး ဆွေးနွေး လျှောက်ထားချက် အပြည့်အစုံကို အမျိုးသမိးက ကွန်ပျူတာပရင့်လေးနဲ့ မြတ်မင်္ဂလာ စာစောင်ကြား ညှပ်ပြိးခိုးသွင်းပေးပါတယ်။ စာစောင်တွေက ထောက်လှမ်းရေးရုံးကနေ (၂-ပတ်လောက် ကြာတယ်) စစ်ဆေးပြီးမှ ပြန်ရတာပါ။ လွတ်အောင်လုပ်သွင်းပေးတာပါ။

ကျနော်ကလဲ လက်ရေးနဲ့ ကူးပြီး ဖြန့်သင့်ပါတယ်။ အော်သူတို့ မူရင်းအတိုင်း ဖတ်ရပါစေဆိုပြီး မူရင်းအတိုင်း တခန်းချင်း ကျော်ပစ်ပေးကြတာပေါ့။ အဲဒါကို အခုနက အမတ်လူ တကယ့် ဆေးသမားအစစ်က ကျနော်သွင်းတာမှန်း သွင်းပုံသွင်းနည်း သိသွားပြီး ထောင်ဝင်စာမှာ သူ့အဖေကို အသေးစိတ် ရှင်းပြ ပြီး ထောက်လှမ်းရေး ကိုတိုင်ဖို့ တောင်းဆိုပါတယ်။ ၀န်ထမ်းက လိုက်ရေးရတော့ ကျနော်ကို ချက်ချင်းပြောပြပါတယ်။ ပြီးသူတို့က အုပ်စုလိုက် (ကျနော့်ကို ဟိုအမတ်ပေးထားတဲ့ နံမည်ဝှက်- ကြွက် --ငထောက်ပေါ့) ကြွက်က သူ့ ဇနီးလေး အပြင်မှာ ထားရတာ စိတ်မချလို့ ထောင်ထဲ မကြာခင်ခေါ်ထားပြီး JAIL to JAIL တွေ့မလို့ဟေ့ ဆိုပြီး ဟားပွဲ လုပ်နေကြတာ။ မလုပ်သင့် မလုပ်ထိုက် နောက်လူတွေ ဘယ်သွင်းရဲ ပါတော့မလဲ မစဉ်းစားကြတာ။ သူတို့မသွင်းနိုင်တာ တခြားသူသွင်းပေးတာ ကျေးဇူးတောင် တင်ကြရဦးမှာလေ။ JAIL TO JAIL ဆိုတာ ထောင်ထဲမှာ မိသားစုလိုက် ကျနေသူတွေကို တလကို တခါ အချင်းချင်း ပြန်တွေ့ခွင့်ပေးတဲ့ အတွင်း ထောင်ဝင်စာလို့လည်း ခေါ်ပါတယ်။ အဲဒီလောက် သဘောထား သေးသိမ်သူတွေပါ ။ နိုင်ငံရေးသမား ဆိုတဲ့ ဝေါဟာရနဲ့တောင် မတန်တဲ့သူတွေပါ။

နိုင်ငံရေးသမားထဲမှ အမတ်လုပ်သူက ယုတ်မာတာတွေ ဆွေးနွေးပြတော့ လမ်းအမှန် ထင်ကုန်ကြတာ။ ကျနော်ဆောင်ပုဒ်လေးပါ။ အမေရိကန် လွတ်လပ်ရေးကြီးကို တပ်လှန့်နိုးဆော်လိုက်တဲ့ စာတမ်းကြီး COMMON SENSE စာတမ်းကြီးကိုရေးသားခဲ့သူ ပြင်သစ်လူမျိုး THOMAS PAINEရဲ့ ဒီမီုကရေစီ အခြေခံမူဝါဒ (FUNDAMENTAL / PRINCIPLE / POLICY) ဆိုပါတော့ HE , WHO HAS SECURED HIS OWN LIBERTY , SHOULD GUARD EVEN HIS ENEMY FROM OPPRESSION , FOR " IF HE VIOLATES THIS DUTY , HE HAS ESTABLISHED A PRECEDENT THAT WOULD REACH TO HIMSELF ONE DAY.

မိမိ၏ လွပ်လပ်မှုကိုခိုင်မာအောင် တည်ဆောက်ပြီးသူတဦးဟာ မိမိရန်သူဖြစ်သူကိုပင် မတရားဖိနှိပ်မှုများမှ အကာအကွယ် ပေးရပါမည်။ အကယ်လို့ ထိုသူသည် ဒီတာဝန်ကို ပျက်ကွက်ခဲ့လျှင် သူဟာ တစ်ရက် မိမိထံတပတ်ပြန်လည်လာမဲ့ အုတ်မြစ်တခုကို ချပေးမိလျှက်သားဖြစ်သွားပါပြီ။

အဲဒီ ဒီမီုကရေစီ ဖခင်လို့ ပြောရမယ့် သောမတ်ပိန်းရဲ့  အဆိုအမိန့်လေးကို နားလည်သူဆိုရင် သူတို့ လုပ်တာ ဒီမီုကရေစီလား ကိုယ်တိုင်သာစဉ်းစာကြည့်ကြပါ ။ ဒီမိုကရေစီရဲ့ မူလအခြေခံသဘောတရားကိုတောင် အစာမကြေသူက အမတ်ဖြစ်နေတာနော်။ သန်းရွှေ စကားနဲ့ဆို SCOPE ချဲ့ကြည့်ပါ။ မှန်ဘီလူးနဲ့ ပုံရိပ်ကို ချဲ့ကြည့်ပါ။ အဲသူတို့ ဟားနေပြီး ၃- ရက်လောက်အရမှာ ကျနော်ဟာ ထောင်ကနေ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရာဇာလီအစ်စမေးရဲ့ ညှိနိုင်းမှုကြောင့် ထောင်က နောက်ဆုံး အသုတ်လွှတ်ပေးတဲ့ (၁၁၅ -ယောက်) အသုတ်နဲ့ (၄၀၁ / ၁) လက်မှတ်ထိုး လွတ်လာခဲ့ပါတယ်။ ဒါကိုပြည်ပရောက်တော့ ခင်ဗျားက (ဘာလို့ ၄၀၁ / ၁) ထိုးရတာလဲ။ အဲဒါ နိုင်ငံရေး ပါရာဇိက ကျတယ်ဆိုတာ မသိဘူးလား ဘာလား)နဲ့။ သြော် အထဲတုံးက အဖွဲ့ချုပ်ရုံးပေါက်တောင် မရပ်ရဲသူတွေက ...

တယောက်က ကျနော်တို့က မထိုးဘဲ ရက်စေ့မှ ထွက်ခဲ့တာ။ ဘာညာပေါ့။ သူက ထောင် ၂နှစ်ခွဲကျတယ်။ အဲဒီတုန်းက နိုင်ငံရေးသမားတွေမှ တနှစ်ကို လျှော့ရက် ၁၀၀ - ရက်လောက် ရတယ်.. ဆိုတော့ အထဲမှာ နှစ်နှစ်လောက် နေရသူက။ ကျနော် ထောင်ကြွေး ကျန်နေတဲ့ ရက်က ၃-နှစ်နဲ့  ခြောက်လ။ နေခဲ့ရတာက ၆-နှစ်နဲ့ ခြောက်လ။ အော်သူရဲကောင်းကြီးတွေကို လေးစားရ ပါတယ်။ အထဲ မှာသူရဲကောင်းကြီး လက်မှတ်မထိုးဘဲ အောင်းနေတယ်။ ဘာလုပ်နိုင်သလည်း။ ကျနော် ထွက်လာတယ်။ ၀န်ထမ်းလစာ တိုးအောင် အော်ချက် ထုတ်လိုက်တယ်။ နောက်ဆက်တွဲ ဗိုလ်ကြီးအထက် စစ်ဗိုလ်တွေ (၁၁၀၀၀) တစ်သောင်းတစ်ထောင် အရပ်ဘက်ပြောင်းရတယ်။ စစ်ဗိုလ်ဆရာဝန်ကြီးတွေ အရပ်ဘက် ပြောင်းရတယ်။ ဒါကို အစိုးရဘဏ္ဍာငွေ လိုအပ်လာတော့ ဓါတ်ဆီဈေးတိုးလိုက်ရပါတယ်။ အဲဒီမှာ ကွဲတော့တာပါဘဲ ဟက်တက်ကြီး။ ကိုမင်းကိုနိုင်တို့  ပညာသားပါပါနဲ့  လှလှလေး ကစားထည့်တာ ခံလိုက်ရပါတယ်။ နာတယ် မနာသွားဘူးကို ဘာမှအပြစ်မရှိတာကို (E) မှုတဲ့ နာကျည်းလို့ ၆၅-နှစ်စီ မောင်းထည့် တာသာ ကြည့်တော့လေ။

နောက် ကျနော် ပြည်ပ ထွက်လာတော့ သမီးက Australia ကနေ ဒေါ်လာ- ၅၀၀ လွှဲပို့ပေးပါတယ်။ ပါပါကြီး အခုချက်ချင်းထုတ်လို့ ရပြီပေါ့။ ဘယ်ရမှာလဲ။ မပေးဘူး။ ငွေလွှဲတာမှန်တယ်။ အချက်အလက် အထောက်အထားတွေ မှန်တယ်။ ဟိုဘက်ငွေလွှဲသူ ငွေလွှဲတဲ့ရုံးကို ဖုံးဆက်ပါပေါ့။ အကြိမ်ကြိမ်ပါ။ စာရွက်လေးတွေဘဲ ပေးပါတယ်။ လိုက်ကူ ပေးနေသူတွေကလည်း ဆရာ့သမီးက တကယ်ကော လွှဲလို့လားပေါ့။ မေးလ်နဲ ပို့ထားတာလဲ မြင်နေရတာဘဲ။ ၁၉- ရက်ကြာတော့ သမီးကို လာတွေဖို့ ဖုံးဆက်လို့ သွားတော့ လူနှစ်ယောက်က (ဘာလို့ဒီလူဆီ ငွေလွှဲရတာလဲပေါ့)။ အဖေပါဆိုတော့ သက်သေပြရတယ်။ အထောက်အထား ပြန်ယူပြရတယ်။ အဲဒီမှာ သူတို့က ငွေက ဟိုဘက်ရောက်နေပြီ  ထိုင်းအစိုးရက ထုတ်မပေးနိုင်ဘူး လုပ်နေတယ်။ အဖေဆိုတော့ ဒီတခေါက် ပေးလိုက်မယ်။ နောင် မပို့ပါနဲ့ မပေးတော့ဘူး။  သမီးကလဲ ကျနော်ဇာတ်လမ်းတွေ ရှင်းပြတယ်။ မင်းအဖေကိုလည်း အခုနေရာကနေ ရှောင်နေခိုင်းပါပေါ့။

နောက်ကျနော် ထိုင်းဗီဇာကုန်တော့ မလေးရှားဘက်ကို လစ်တယ်။ နိုင်ငံရေးအဖွဲ့တွေကလည်း ဆရာ ဗီဇာကုန်တာနဲ့ ဆရာ့ကိုဆွဲမယ့်ပုံ ရှိနေတယ်ပေါ့။ ငထောက်ကလည်း နှစ်ခါ ဟိုမေးဒီမေး လုပ်တယ်။ မလေးရှားမှာလဲ ထောက်လှမ်းရေးက ဟိုမေးဒီမေးဘဲ။ နောက် ဇွန်လ - ၂၆ -ရက်နေ့မှာ မလေးရှား ထောက်လှမ်းရေးက ကျနော့်ကို မြန်မာလူမျိုး လူမိုက်ပြန်ပေးဂိုဏ်းက ပြန်ပေးဆွဲမှာကို ခေါ် သတိပေးလာပါတယ်။

နောက် ထောက်လှမ်းအကူညီနဲ့  ဒုက္ခသည် လက်မှတ်ကို  တနေ့ထဲနဲ့ရတယ်။   နှစ်ရက်နေတော့ Australia သံရုံးကနေ  ဗီဇာရတာပါဘဲ။  ဒါပေမယ့် ထွက်ခွာဖို့ကျတော့ နှစ်လစောင့်ရပါတယ်။  ပြောချင်တာကတော့   မိဘကျေးဇူးပေါ့လေ။   အဲဒီအကျိုးကြောင့်  ဘဘကြီးရွှေရွှေက  ကျနော်ကို အထူးစောင့်ရှောက်ဖို့  ထိုင်းအစိုးရဆီကို  ဒီလူက အကြမ်းဖက်သမားလို့ သတင်း ပို့လိုက်ပါတယ်။  ကျေးဇူး အထူးတင်လိုက်တာဗျာ။  အဲဒီလိုပို့ထားတော့ ထိုင်းနဲ့ မလေးထောက်လှမ်းရေးက  စောင့်ကြည့်နေတော့ သူ့ပြန်ပေးအဖွဲ့က ကျနော်ကို ဆွဲဖို့ကြံတာ ပေါ်သွား  မိသွားတာပေါ့။   မဟုတ်ရင်  ကျနော်စာတွေ ခင်ဗျားတို့  အခုလို ဖတ်နေစရာ မရှိတော့ပါဘူး။

ကျနော့်ကို မလေးရှားမှာ ပြန်ပေး (ဆွဲဖို့ အကြံအစည်)ကြောင့် ကျနော်ဟာ ဒုက္ခသည်လက်မှတ် နာရီပိုင်းအတွင်း ရသလို ကျနော့် ဇါတ်လမ်းနဲ့ ပြောင်းပြန်ပြန်ပေး (အဆွဲခံရပြီး ပြန်လွှတ်ပေးလိုက်လို့) ဒုက္ခသည်လက်မှတ် ရသူ နှစ်ဦးလည်း ရှိပါသေးတယ်။ ကျနော်က အဆွဲမခံလိုက်ရဘူး။ ဟိုလူတွေက ဆွဲခံရတယ်။ ပြီးပြုစု ယုယပြီးမှ ပြန်လွှတ်ပေးလိုက်ပါတယ်။ အတော်ကို သဘောထားကြီးတဲ့ ပြန်ပေးဂိုဏ်းတွေ ဖြစ်မယ်။ ဒါကမ္ဘာမှာ မှတ်တမ်းထိုးသင့်တဲ့ အင်မတန် စိတ်ထားသဘောထား ပြည့်တဲ့ ဂိုဏ်းတွေပါ။

အဲဒီတော့ ဒုက္ခသည်မင်းကြီးရုံးမှာ ထောက်လှမ်းရေးတွေက ကျနော့်အတွက်လာ ဆွေးနွေးပေးပါတယ်။ အရာရှိမကြီးက အရင်ကလည်း တဦးပြန်ပေးကိစ္စနဲ့ လုပ်ပေးရဖူးတယ်။ ပြီးအလိမ်ကြီးပေါ့။  ဟုတ်တယ်။ သူက ခင်ညွှန့် အာဆီယံ အစည်းအဝေးလာတဲ့ ရက်ပိုင်းမှာ သူ့ကိုပြန်ပေးဆွဲသွားတယ်။ ခင်ညွှန့်ပြန်မှ ပြန်လွှတ်ပေးတယ် ဆိုတဲ့ ဇါတ်လမ်း။ ထောက်လှမ်းက ပြန်ပြောတယ်။ ဟုတ်ပါတ့်။ ပြန်ပေးကိစ္စပါဘဲ။  မတူဘူး ပြီးဇါတ်လမ်းက ပြောင်းပြန်။ ဟိုက အဆွဲခံရပြီးမှ ခင်ဗျားတို့ဆီ ဒုက္ခသည် လာလျှောက်တာ။  ပြိးသူက ငါတို့ဆီရယ် ရဲစခန်းကို အရင်လာမတိုင်ဘူး။ ခင်ဗျားတို့ဆီက တဆင့်လာတာ။ ပြီးကျနော်တို့ သူ့ကို စစ်တော့ အလိမ်ကြီး။ ကျနော်တို့ စုံစမ်းတာလဲ ဘာသဲလွန်စ တခုမှမရဘူး။ The same kidnap story , but opposite version.

နောက်တဦးကတော့ ၂၀၀၈ ကဖြစ်မယ်။ သတင်းဘဲ ကြားရတာ အတိအကျမသိဘူး။  ပြန်ပေးဆွဲပြီး အလွန် သဘောထားကြီးတဲ့ ပြန်ပေးတွေပါဘဲ။ ကျနော့် ဇါတ်လမ်းက အဆွဲမခံရသေးဘူး  ထောက်လှမ်းရေးက ကြိုသိလိုက်လို့ ကာကွယ်လိုက်လို့။ ကျနော်ကတော့ အဆွဲခံလိုက်ရပြီးရင် ပြန်လမ်းရှိနိုင်/ မရှိနိုင် စာဖတ်သူတွေသာ သုံးသပ်ကြပါ။ မလေးရှားမှာ ပြန်ပေးဂိုဏ်းတွေ သောင်းကျန်းပါတယ်။  အတော်များများက ရိုက်နက် ငွေအများကြီးတောင်းပြီးမှ ပြန်လွှတ်ပေးတာပါ။ တချို့ကတော့ အစအနတောင် သတင်းမကြားရတော့ပါဘူး။ အနောက်နိုင်ငံ တွေမှာတော့ တချို့ကို မုဒိန်းကျင့် သတ်ဖြတ်တယ်။ ယောက်ျားချင်းလဲ မုဒိန်းကျင့်ကြတာဘဲ။ တချို့ကို တောထဲ ပစ်ထားခဲ့ပါတယ်။

အခု အဲဒီနှစ်ဥိးက ပြန်ပေးတော့ပြန်ပေး အင်မတန် သဘောထားကြီးတဲ့ ပြန်ပေးဂိုဏ်းတွေ။ ဘာမှတောင် မလုပ်ဘူးဆိုတော့။ ကလေးစိတ် မကုန်သေးတဲ့ တူတူပုန်းတမ်း ကစားတဲ့ ပြန်ပေးတွေ ဖြစ်မယ်။ အင်္ဂလိပ် အဆိုအမိန့်လေးပါ။ BLESSING IN DISGUISE ပုံဖျက်ထားတဲ့ ကျေးဇူးတော် ပြောရမလား။  ကောင်းစေဖို့  ဒုက္ခရောက်ရတာပေါ့။

အချုပ်အားဖြင့် ဟိုဆောင်းပါးလေးထဲက ကလေးငယ်ရဲ့ စိတ်ထားလေးဟာ သူသာကံမကောင်း ကံမလှရှာဘဲ ဆုံးသွားရပေမယ့်... သူ့အကြောင်းလေးက လူတိုင်းချီးမွှမ်း တသနေခဲ့ရတဲ့ ဂုဏ်ယူဖွယ်ရာ လေးကတော့ ဖြစ်ကျန်ခဲ့ပါတယ်။ မိဘကို ကျေးဇူးဆပ်တိုင်း ရှေးဘ၀ ကံဆိုး ကံညံ့တွေကို မခြေဖျက်နိုင်ပါဘူး။ ကံပါလာရင် ကြုံရမှာပါ။ တခုတော့ပြောနိုင်ပါတယ်။ ကံပါလာလို့ ဖြစ်ကြပြီဆိုရင်တောင် ဆိုးဆိုးဝါးဝါး သိပ်မဖြစ်ဖူးလို့တော့ ပြောနိုင်ပါတယ်။

စိတ်ဝင်စားကြမယ်ဆိုရင် ကျနော်အဖေဟာ ၁၉၉၃ -ခုနှစ်မှာကွယ်လွန်သွားပါတယ်။ ဆေးတံသောက်ခဲ့တဲ့ အကျိုးကြောင့် အဆုပ် မကောင်းတာကြောင့်ပါ။ အဲဒီမဆုံးခင်လေးမှာ ကျနော်ဟာ အလုပ်ကိစ္စနဲ့ သွားနေရင်း အဖေကို ရုတ်တရက် ကောက်ခါငင်ကာ သတိတအားရလာတော့ အိမ်ပြန် မုံရွာကညီမဆီ ဖုံးဆက် သူ့ကို သင်္ဘောဆိပ် သွားကြည့်စမ်းပါ ဖေဖေရောက်နေတယ်ပေါ့။ နှစ်ခါဆက်တယ် ညီမကလိမ်တယ်။ တနာရီလောက်နေတော့ ငိုသံကြီးနဲ့လေ သူသိပ်စိတ်ထိခိုက်သွားတယ်။ ဖေဖေမောပြီး ရောက်နေတယ်။ လိုက်ပို့သူတွေက အိမ်မရှာတတ်လို့ အချိန်တွေလင့်ပြီး သူတွေ့ရတယ်။ သူ့လက်ပေါ်မှာ အဖေက မိနစ် နှစ်ဆယ်လောက် အသက်ရှင်သေးတယ်။

အဖေကိုတော့ ဖေဖေ့သားကြီးက နှစ်ခါသွားခိုင်းနေတာ။ ဖုံးတွေဆက်နေတာ ပြောလိုက်နိုင်ခဲ့ပါတယ်။ အဲဒီလိုဆက်နွှယ်မှု။ နောက် ၂၀၀၈ မှာက အိမ်မက်ပါ..။ ပါဆယ်ပို့တဲ့ ကားလေးနဲ့ ခလေးမလေး တယောက် ပါဆယ်လာပို့တယ်။ အဖေဖြစ်နေတယ်။ ဘာဘူဆီတော့ ဖုံးမဆက်ဘူး။ အိမ်မက်ကို အသိမပေးဘူး။ အမေ ညီမတွေဆီ ဖုံးဆက်ပြိး ဘာဘူ မိန်းမ ကိုယ်ဝန်ရှိတော့မယ်။ စောင့်ကြည့်ဖို့ အတပ်ထပ်မှာ ထားတယ်။ နှစ်ပတ်နေတော့ ဘာဘူ အမျိုးသမီးမှာ ကိုယ်ဝန်လာရှိတယ်။ မယူချင်သေးဘဲနော်။ အဲဒါလေးတွေ ရေးပါဦးမယ်။ လူဝင်စားအကြောင်း မယုံရင်တော့ မဖတ်ပါနဲ့။ ကြိုတင်ပန်ကြားပါတယ်။

ယနေ့ခေတ် ကိုပြန်ကြည့်လိုက်ရင် ကနေ့မှာဆိုရင် ကျနော်တို့ မြန်မာတွေ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ (အိမ်ဖေါ်/ လက်္ဘရည်ဆိုင်/ အလုပ်စုံ) မှာ မြန်မာလူငယ်လေးတွေ ပညာတောင် မသင်နိုင်ရှာကြဘဲ အလုပ်တွေကို အသက်နဲ့ မမျှတတဲ့ဝန်တွေ လုပ်ကိုင်နေကြရပြိး လူအဆင့်တောင် မရှိ သူဌေးအိမ်က ခွေးစားရိတ်တောင် မရှိတဲ့ လခလေးနဲ့ ရုံးကန်ပြိး အများစုဟာ မိဘဆီအကုန်ပြန်ပို့ နေကြရတာပါ။ ကျနော်တို့ အမျိုးသားရေး စကားပြောနေကြတဲ့ လူငယ်လေးတွေ စာတမ်းလေးတွေ သူတို့ဘ၀ မှတ်တမ်းလေးတွေ ရေးကြပြိး POST/BLOG လေးတခုလောက် လုပ်ပေးနိုင်မယ်ဆိုရင် အတိုင်းထက်အလွန် ကုသိုလ်တွေ ရကြမှာပါရကြမှာပါဗျာ။ လုပ်ကြပါအုံး ကူညီကြပါဦး။ အထူးကို ပန်ကြားပါရစေ။

နောက်တခု လုပ်ငန်းရှင်ကြိးတွေ ကိုလဲ တဆင့် ဖြန့်ဝေကြပါဦး။ တစ်ရက် ဒီမိုကရေစီ ရလာရင် ခင်ဗျားတို့  မတရားသဖြင့် နည်းပါးလွန်းလှတဲ့ လခ တွေနဲ့ ခိုင်းစေခဲ့တာတွေကို ကျနော်တို့ပြန်ပြီး တရားစွဲပြီး သူတို့ အတွက်ပြန်တိုက်ပေးမယ် ဆိုတာကို သတိကပ်ကြဖို့ပါ။ ကျနော် ကတော့ ကျနော့်တပည့်တွေကို တန်အောင် ပေးခဲ့ပါတယ်။ သူများထက် ပိုများအောင် ပေးခဲ့ပါတယ်။ ကျနော်အိမ်ဖေါ်ဆိုရင် မိသားစုလိုက် မလေးရှားကို ရောက်အောင်ပို့ ထားတာ တအိမ်လုံး ရောက်နေကြပါပြီ။

အခုလဲ (အဖေ၀င်စားသူ) မြေးမလေး မွေးနေ့ဆိုရင် ရန်ကုန်က အလုပ်တခုက အလုပ်သမားလေးတွေ (၇၀) ခန့် ကို တစ်ဦးတဦးလျှင် (၁၀၀၀၀- ကျပ်) နှစ်စဉ် ပေးပါတယ်။ အခုဒီတပတ် ထဲတင် မွေးနေ့ရက်က ရန်ကုန်မှာ မအားကြလို့ အခုတနင်္ဂနွေနေ့က ပေးပြီးပါပြီ။ နှစ်တိုင်း နှစ်တိုင်း မြေးမလေးမွေးနေ့တွေမှာ လှုနေမှာပါ။ ကျနော် အလှုပါ။

အားလုံးအမိအဖ ကျေးဇူးကို မဆပ်ဖြစ်ရင်တောင် အမြဲ သတိရ အောင်းမေ့ နေကြစေလိုပါတယ်။ မြန်မာရာဇ၀င်မှာ နတ်တင်ထားတဲ့ ဆွမ်းကိုစားမိလို့ တလုပ်စားဖူး သူ့ကျေးဇူးကြောင့် ဘုရင်ကို မသတ်ခဲ့သူဟာ အခုထိ ရာဇ၀င်မှာ သူရဲကောင်း စံပြုနေရတဲ့ အဖြစ်ကလေးပါ။

အားလုံး ကံအကျိုး တိုးတက်ကြပါစေလို့။
လှိုင်မြင့်