ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာ့နိုင်ငံရေး အကျဉ်းသား ဝိသေသ လက္ခဏာများ (နိဂုံးပိုင်း) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

(၂၂) ထောင်ပြောင်းရွှေ့ခြင်း နိုင်ငံရေးအကျဉ်းသားနဲ့ ခိုးဆိုးတွေ ထောင်ပြောင်းတာကတော့ နှစ်ပိုင်းခွဲ ပြောရပါမယ်။

(တစ်)  ထောင်ပြောင်းဖို့မှာ ခိုးဆိုးတွေကို ထောင်ပိုင်တွေက ခေါ်ယူပြီး အသိပေးပါတယ်။ နည်းနည်း ထောင်အကြောင်း သိရအောင်လေး ရေးမှာမို့ လေရှည်တယ်ထင်ရင် ကျော်ဖတ်လိုက်ပါလို့။ ထောင်ပိုင်တွေက အကျဉ်းသားတွေကို အမျိုးမျိုး လှည့်ငွေညှစ်ယူပါတယ်။ ဥပမာ ရန်ကုန် ကိုပဲ ဥပမာပေးပါမယ်။ ရန်ကုန် ငါးဆူတောင်က မွေးမြူ/စိုက်ပျိုးရေး ရဲဘက်စခန်းဆိုတာမျိုးက အကျဉ်းသားတွေ သိပ်ကြိုက်တဲ့နေရာမျိုး။ ဘာမှသိပ်လုပ်စရာ ပင်ပင်ပန်းပန်း ရှိတဲ့နေရာ မဟုတ်ဘူး။

အဲဒီလို နေရာမျိုးဆိုရင် ထောင်ပိုင်တွေ ထောင်မှုးကြီးတွေဆီကို မိသားစုတွေက ၀င်ရပါတယ်။  အမှုပေါ်ရယ် မိသားစု စိးပွားရေးအင်အားပေါ်မူတည်ပြိး တဦးနဲ့တဦး ပေးရတဲ့ကြေး ကမတူပါဘူး။  အဲဒါက ရှင်းရှင်းလေး ကြိုက်ဈေးပေး ရဲဘက်ပေါ့။ အဲဒီစခန်းက ရန်ကုန်နဲ့က နာရီပိုင်းလေးပေါ့။  ပြီးမိသားစု ဇနီးမယားပါ တည်းခိုနေဖို့ အဆောင်လေးတွေ ရှိတော့ တည်းခိုခန်းပေါ့။ ယဉ်ယဉ်ကျေးကျေး ပြောလိုက်တာပါ။ ကောင်းပါတယ်။

နောက်တခုကတော့ ကြမ်းတဲ့ ရဲဘက်စခန်းတွေပါ။ ဥပမာ ကလေး/တမူး နယ်က ကဘော် ရဲဘက်စခန်းဆိုရင် အလွန်ကိုဝေးတယ်။ သေတာကလဲ လူ- ၁၀၀ - ပို့လိုက်ရင် ၆-လလောက်ဆိုရင် ၄၀- မကျန်တော့ဘူး။ အသက်ရှင်ကျန်တဲ့ သူကလည်း နာဇီအကျဉ်းစခန်းကလို ဒူးဂေါင်းက ပေါင်ထက်ပိုကြီးနေတဲ့ ဟာတွေ။ အဲဒီမှာက ငွေရှိသူဆို သေလုမတတ် ရိုက်နေတော့တာ။ ပြီးအိမ်ကို အမြန်ကြေးနန်း ရိုက်ခိုင်းပြီး ငွေပို့ခိုင်းဖို့ ၀န်ထမ်းက စီစဉ်တော့တာ။ မပေးလို့ ကတော့ အသေစော သွားပြီသာမှတ်။

အဲဒီလို စခန်းကို ပို့တော့မယ်ဆိုရင် ထောင်ပိုင်က လူလည်လုပ်ပြီ။  ကဘော်မလိုက်ချင်သူ စာရင်းကောက်ပြီး.. အဲဒီစာရင်းသိရပြီဆိုရင် ချမ်းသာတဲ့သူတွေကို ရွေးစာရင်းထည့်ပြီး။  ပြီးအကျဉ်းသားကို အသိပေးလိုက်တယ်။ အကျဉ်းသားကို အိမ်နဲ့အဆက်အသွယ် ကူညီပေးလိုက်တယ်။ မလိုက်ချင်ရင် ပေးပေတော့ အများကြီးပေးရပြီ။ ပြီးအဲဒီလူကို တခြားကောင်းတဲ့ စခန်းရှိချိန် နည်းနည်းချင်း ထုတ်တယ်။ အခုန ငါးဆူတောင် စခန်းပေါ့။ လိုက်ချင်ရင် ပေးလုပ်ပြန်တယ်။

ကဘော် မလိုက်ရအောင် တမျိုးပေးရ။ တခါ ငါးဆူတောင် ထွက်ရအောင် လေလံသဘော ပိုပေးနိုင်သူကို ပေးတာ။ ထားပါ ငါးဆူတောင်က ၁၀- ယောက် ယူစရာရှိရင် ၁၀-ယောက်လို့ မပြောဘူး။ ငါးဆူတောင်ကို ငါးယောက် ထွက်ခွင့်ရမယ်။ ထောင်ပိုင်က ၂-ယောက် ကိုင်ထားတယ်။ ဒု-ထောင်ပိုင်က -၁-ယောက်။ ညွှန်မှုး/ညွှန်ချုပ်က ဘယ်လောက်ပေါ့။ ငွေခင်းရပြီ လိုက်ရပြီ။ လေလံဆွဲရသလိုဘဲ။ ညှိနေကြတာ။ ဘယ်သူက ဘယ်လောက် ပိုပေးထားလို့ ဆိုတော့ အဲဒီလူထက်ပိုအောင် ညှိကြရပြီ။  ပြီးနည်းနည်းပေးတဲ့ လူကိုလည်း အချိန်တန်တော့ ထည့်ပေးတတ်ပါတယ်  ၁၀-ယောက်ရှိတာကိုး။
ချင်းပြည်နယ် လမ်းဖောက်လုပ်ရေး ရဲဘက်စခန်းတစ်ခုမှာ အလုပ်လုပ်နေကြတဲ့ သံခြေကျဉ်းဝတ် အကျဉ်းသားတစ်ချို့
အဲ- ထောင်ပြောင်းရမဲ့နေ့ ဘယ်နေ့ ဆိုတာလည်း ကြိုသိနေရတယ်။ ထောင်ပြောင်းဖို့  ခြေကျင်းတွေလဲ တရက်နှစ်ရက်မက ကြိုတင် ခတ်ထား/ရိုက်ထားလိုက်တယ်။ ၅/ည တွေကတော့ ထောင်ပြောင်းမယ်ဆိုတာ သိကို မသိနိုင်ဘူး။ ကြိုသိဖို့လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပါ။ အဲထောင်ပြောင်းမယ်ဆိုမှ နံနက် -၂.၀ နာရီ / ၃.၀- နာရီလောက် တိုက်ထဲက ပါတဲ့သူကို နိုးပြီး စစ်ခွေးတွေထားတဲ့ တိုက်ဘက်ကို ထုတ်သွား ချက်ချင်း ခြေကျင်းခတ် ချက်ခြင်း ထုတ်သွားတော့တာပါ။ ထောင်ပြောင်းလို့ ကိုယ့်အခန်း ဘေးလူကိုတောင် နုတ်ဆက်ခွင့် မပေးပါဘူး။ ဘယ်ထောင် ဆိုတာကတော့ စခန်းဆုံးကို ရောက်မှဘဲ သိရတာပါ။

(နှစ်)ထောင်ပြောင်းပို့ဆောင်ခြင်း နိုင်ငံရေးသမား အများစုကို ရထားနဲ့  ပြောင်းပါတယ်။ ကိုမင်းကိုနိုင်တို့လို လမ်းပန်း ခရီးခက်ခဲတဲ့ သူတွေကို လေယာဉ်နဲ့ ပို့ပါတယ်။ ခိုးဆိုးတွေကို လေယာဉ်နဲ့ တကြိမ်တခါမှ မပို့ဘူးပါ။ အချုပ်မှာ ဥပမာ စစ်တွေမှာဖမ်းမိတယ် အမှုက ရန်ကုန်မှာဆိုရင်တော့ လေယာဉ်နဲ့ ပို့ပေးတာ ရှိတတ်ပါတယ်။ အချုပ်နော် သူက အကျဉ်းသား မဟုတ်သေးဘူး။ နိုင်ငံရေးသမားအများစု ကိုတော့ ရထားနဲ့ ပို့ပါတယ်။ ကျနော်တို့ကို ပို့တုန်း သူငယ်ချင်းရဲမှုးက ပြောပါတယ်။ ကိုလှိုင်မြင့်တို့က- လူ၄၀- မပြည့်ဘူး။  ကျနော့်ရဲ လုံခြုံရေး ရဲဝန်ထမ်းက- ၄၅-ယောက် ပါလာတယ်။ ငထောက်က ရထားပေါ် နှစ်ယောက်။ မသိနိုင်တဲ့ငထောက် ဘယ်နှစ်ယောက်မှန်း မသိနိုင်ဘူးတဲ့။ ကျနော်တို့ ခိုးဆိုးတွေကိုပို့ရင် ရထားတွဲက သုံးတွဲ။ တခါတရံလေးတွဲ။ တတွဲကို ငါးပိသိပ်၊ ငါးချဉ်သိပ် သိပ်ထည့်ထားတာ တစ်တွဲကို လူ ၆၀-ကနေ ၈၀ လောက်ထည့်ထားတာ။ လူ ၁၂၀ - ကနေ ၁၈၀ -လောက်ပို့ရတာမှ ရဲသားက ၁၂-ယောက်ထဲ ပါတာတဲ့။ တခါမှ ရဲသား- ၂၀ အထက် မလိုက်ရဖူးဘူးတဲ့။

ပြီးလမ်းက ဘူတာတွေမှာ နယ်ခံရဲတွေ ခေါ်မထားရဘူး။ ခင်ဗျားတို့ကျတော့ နယ်ခံ ရဲမှုးက ကျနော်ကိုလာ လက်မှတ်ထိုးပေး ရသေးတယ်။ ထောက်လှမ်းကလည်း သူတို့ခြင်း လက်မှတ်တွေ ထိုးနေရသေးတယ်တဲ့။ နောက်တချက်က နိုင်ငံရေးသမားတွေကို ထောင်ပြောင်းရင် အင်းစိန်ဘူတာကနေ တင်တာပါ။  ခိုးဆိုးတွေလဲ အင်းစိန်ဘူတာကပါဘဲ။ ပြီးရန်ကုန်ဘူတာကြီးကို ဆွဲသွားပြီး စာပို့ရထားနဲ့ ချိတ်ပေးတာပါ။  ခိုးဆိုးတွေကို ရန်ကုန်ဘူတာကြီးမှာ တခါထဲ စာပို့ရထားနဲ့ တန်းချိတ် ဆက်ပေးထားပါတယ်။ မိသားစုတွေ လာတွေ့နေလို့ ရပါတယ်။ နိုင်ငံရေးသမားတွေ တွဲကိုတော့ ရန်ကုန်ဘူတာကြီး အလွန် ပုဇွန်တောင်လည်း မရောက် ကြားမှာရပ်ထားပေးပြီး ရထားထွက်ခါနီး မိနှစ်အနည်းငယ် အလိုကျမှ စာပို့ရထားကြီးနဲ့ ချိတ်ဆက်လိုက်ပါတယ်။ ဘယ်မိသားစုမှ မသိလိုက်ရပါဘူး။ သိလည်း အနားတောင်ကပ်လို့ မရပါဘူး။

(၂၃)ထောင်ကလွတ်ပြီးသတ်မှတ်ချက် ထောင်ကလွတ်ပြီးရင် အစိုးရ ကိုယ်တိုင်ကိုယ်က နိုင်ငံရေးအကျဉ်းသားနဲ့ ခိုးဆိုး ဆိုပြီး အတိအကျ သတ်မှတ်ချက်ကို တိတိလင်းလင်း လုပ်ထားပါတယ်။ အဲဒါကတော့ နိုင်ငံကူးလက်မှတ် (passport) လျှောက်ထားတဲ့ နေရာမှာပါ။ ခိုးဆိုးမှုနဲ့ ကျထားသူကို နိုင်ငံကူး လက်မှတ် ထုတ်ပေးခွင့် တနှစ်ပိတ်ပင်ထားပါတယ်။ နိုင်ငံရေးသမားကိုတော့ (၅ နှစ်) အပြတ်ကို အတိအကျ သတ်မှတ်ထားပါတယ်။

ကျနော်ထောင်က လွှတ်တော့ တနှစ်အပြည့်မှာ နိုင်ငံကူး လက်မှတ် လျှောက်ပါတယ်။ ဖေါင်ဖြည့်ရတော့ ထောင်ကျဖူးခြင်း ရှိ/မရှိ ဖြည့်ရပါတယ်။ အဲဒီမှာ နိုင်ငံရေးအရ ပြစ်ဒါဏ် ချမှတ်ပေးခံရခြင်း ရှိ/မရှိ ဖြည့်ရတာပါနေပါတယ်။ ကျနော်က မရှိပေါ့။ မကြာပါဘူး။ ကျနော်ကို အိမ်ကို ဖုံးဆက်ခေါ်ပါတယ်။ ခေါ်ရင် တနင်္ဂနွေနေ့  နေ့လည် ၁.၀၀-နာရီဝန်းကျင်ပဲ။ အဲဒီမှာ သူတို့ပထမ ခေါ်တာက အပီ ကျနော့်ကို ဖမ်းမလို့ပါ။ ကျနော်က နိုင်ငံရေးအရ ပြစ်ဒါဏ်အပေးခံရဖူးခြင်း မရှိလုပ်ထားလို့လေ။ ခင်ဗျား ဒီလိုရေးထားတာ မရိုးမသားလိမ်လည်ဖြည့်စွက်ထားတယ်ပေါ့။ ဒါ အပြစ်မြောက်နေတယ်ဆိုတာ ခင်ဗျား နားလည်လားပေါ့။

ကျနော်ကလည်း စကားကတ်သပ် ပြောချင်နေတဲ့သူ။ ဒါကိုစောင့်နေတာ။ ကျနော်အပြတ်ကို ပြောထည့်လိုက်တယ်။ နိုင်ငံတော်အစိုးရက (၅ / ည) ကိုနိုင်ငံရေးလို့ သတ်မှတ်မထားတော့ ကျနော့်ကို နိုင်ငံရေးအရ ထောင်ချတာပါ ဘယ်ရေးလို့ ရပါ့မလည်း။ အဲဒီလို ရေးလိုက်ရင် နိုင်ငံတော်ကို အကြည်အညို ပျက်စေမှု ထပ်အစွဲခံရင် ထောင်ဒါဏ် ၁၀-နှစ်မက ကျမှာပေါ့။  ကိုယ်တော်တွေ ခက်ကုန်ရော။ ကျနော်ကို ပတ်စ်ပို့ ထုတ်ပေးသင့်တယ်ပေါ့။ တနှစ်ပြည့်ပြီ ဆိုတော့ ဒီလူတွေ ပါးစပ်ကို ခင်ဗျားဟာ နိုင်ငံရေးအမှုမို့ ပတ်စ်ပို့ ငါးနှစ်ပိတ်ထားပါတယ်တဲ့။ ကျနော်က ပြန်ချေတော့ သူတို့က ခင်ဗျားဟာ ထောင်ကျဖူးတာ ရေးထားတော့ ရှုပ်နေတယ်။ နောက်ထပ်ဖေါင် အသစ်ဖြည့်ပါပေါ့။ အဲဒီမှာ ယခင်နိုင်ငံကူး လက်မှတ် လျှောက်ထားဖူးခြင်း ရှိ/မရှိ ပါတယ်။ အဲဒါကို လျှောက်ထားဖူးခြင်း မရှိဘဲ ရေးခိုင်းတယ်။ ကွက်လပ် ထားခဲ့မယ်ဆိုလည်း မရဘူး။ မရှိဘဲ အတင်းရေးခိုင်းနေတာ။

တင်ပြီးတာနဲ့ချက်ခြင်း ချပေးမယ်ပေါ့။ ငါးခါလောက် ခေါ်တယ်။ နောက်ပိုင်း မသွားတော့ဘူး။ အဲ့ဒီလို ဖြည့်လိုက်ရင် မမှန်မကန်ဖြည့်စွက်မှုနဲ့ ပြန်စွဲမလို့လေ။ အဲဒါ အစိုးရကိုတိုင် (၅/ည) နဲ့ထောင်ကျထားသူကို နိုင်ငံကူးလက်မှတ် (၅- နှစ်) ပိတ်ထားတယ်လို့  လက်တွေ့ ဝန်ခံထားပါတယ်။

(၂၄) ထောင်ဝင်စာထောက်ပံ့မှု ကျနော်ထောင်က ပြန်လွတ်လာတာနဲ့ မန်းထောင်ကို ပြန်လွတ်တဲ့လကစပြိး လစဉ်ထောင်ဝင်စာတွေ ထောက်ပံ့ပါတယ်။ ထောက်ပံ့တာကို ယခု ၂၀၀၇-ရွှေဝါရောင်တော်လှန်ရေးမှာ အရက်နှစ်ဆယ်လောက် (ကိုကျော်သူနဲ့ တပြိုင်ထဲအဆွဲခံရသူ) စမ်းချောင်းက ဒေါ်ြ------ရယ် မြို့ ထဲက အအေးဆိုင်ဖွင့်ထားသူ ဒေါ်----- တို့ကနေ အများဆုံး ပို့ပေးပါတယ်။ တခါကို ချက်ပြီးသားတင် ပိသာချိန်အားဖြင့် ၁၀-ပိသာကနေ ၁၅-ပိသာလောက်ရယ် ငွေလည်းထောက်ပံ့ ပါသေးတယ်။

အဲဒီမှာ ထောက်လှမ်းရေးက အရာရှိတဦးက လာတွေ့ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ထောက်ပံ့တာ ဒါနိုင်ငံရေး လှုပ်ရှားမှုပေါ့။ ကျနော်က (၄၀၁) ထိုးထားတာမို့ ဆက်လက် မလုပ်ဖို့လာပြီး ခြိမ်းခြောက်ပါတယ်။ အပီပေါ့ ဟာကျနော် နားလည်ထားတာ (၅/ည)ဟာ ပြစ်မှု ကျူးလွန်ထားသူလို့ အစိုးရ တရားဝင် ကြေငြာထားတယ်။ နောက်မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူး။ ကမ္ဘာကို တရားဝင် ကြေငြာထားပြီးသား ကျနော် နားမလည်တော့ဘူး ပြောထည့်လိုက်တာပေါ့။ အေးဘယ်လိုဘဲ ဖြစ်ဖြစ် ခင်ဗျားက (၄၀၁) ထိုးထားသူဆိုတာ သတိထားပေါ့။ အေးလေ။ ကျနော် ဥပဒေနဲ့ စကားပြောနေတာဘဲ။  (၅/ည)ကို ထောက်တာနဲ့ ဘယ်လိုလုပ် နိုင်ငံရေးမှု ငြိနေတာလည်း။ လာစမ်းသေးတယ်။ နောက်မယားညီအကိုတော်တဲ့ ကိုကျော်သိန်းကလည်း နည်းနည်းပြောကြည့်တယ်။
အခု ဒေါ်ရှုသင် ဆိုရင်လဲ အဲဒီလိုခြိမ်းခြောက်မှာပေါ့။ ဒေါ်ရှုသင်နဲ့ ကျနော်က မောင်နှမလို ခင်ကြသူတွေ။ သူပုံကို ဒီနေ့တွေ့တော့မှ ဟာ ဒါ -ငါ့အမ ဆိုပြီး ၀မ်းသာလိုက်တာ။ ငါ့အမကွလို့ ကြွေးကြော် လိုက်မိတယ်။ အမျိုးမတော်ပါဘူး။ မောင်နှမလို နေကြတာ။ အမျိုးတွေတောင် သူ့လောက်မရင်းနှီးဘူး။ မောင်နှမ အရင်းတွေလိုနေတာ။ သူ့ကိုအိမ် လာလည်မယ်တောင် ခွင့်မတောင်းဘူး။ အိမ်သွားရင် လက်ဆေး ၀င်စားတော့တာ။ ပြီးပန်းကန်လည်း သိမ်းမနေဘူး ဆေးမနေဘူး။ အမအရင်းလိုနေတာ။ ဝမ်းသာလိုက်တာ ငါ့အမကွလို့။ စိတ်ထဲမှာလဲ တခုအားတက်မိတယ်။ ဒေါ်ရှုတင်က ဟင်းအချက်အပြုတ် သိပ်တော်တာ။ ကျနော်က အိမ်ထမင်းမကောင်းရင် သူ့အိမ် သွားစားနေကြ။ သြော်သံဃာတော်တွေ ဟင်းအရသာ ကောင်းကောင်းလေး ဘုန်းပေးခွင့်ရကြမှာလို့။ ဘိုကလေးမှာ အိမ်ချင်းက ကပ်လျှက်။  ပြီးသူ လက္ဘ်သုတ်က ပြောရင်းတောင် လျှာလည်တယ်။ ဘယ်လိုကောင်းမှန်း မသိဘူး။ အရေးအခင်းတုန်းက ကိုမိုးသီး/ ကိုမင်းကိုနိုင်တို့နဲ့ ဆင်ဖြူမှီပြီး ကြံကို မစုတ်တော့ဘူး အပြတ်ဝါးခဲ့တဲ့ အကော်ဒီယံ အုန်းကျော်အိမ်က လက္ဘ်သုတ်ကတော့ မျက်နှာချင်းဆိုင်က နံမည်ကျော် ဒေါ်ရိတ်ကြီးထက်ကို ပိုကောင်းတယ်ဗျာ။ သူ့လက္ဘ်သုတ်ကို အသေ၀ါးထားတော့ သူ့ကို ကလော်တုတ်ရမှာ စိတ်မလုံဘူးဗျာ။ တလုတ်မက စားထားတာ။

(၂၅)စောင့်ကြည့်မှု ကျနော်တို့ တတွေ ထောင်ကလွတ်ပြီးရင် လမ်းထဲကလူတွေ မေးကြည့်ပါဗျာ။ မြေနီကုန်း ရတနာလမ်းနဲ့ ပဒေသာလမ်းဒေါင့်ကလူတွေ အထူးသဖြင့် ကွန်ပျူတာ စာစီစာရိုက်တွေ မိတ္တူဆိုင်တွေကိုသာမေးကြည့်ကြပါ။ ကျနော့်ကြောင့် သူတို့ခမျာ လုပ်ရကိုင်ရတာ ကြောက်ကြောက်နဲ့ လုပ်နေရတာပါ။ မိတ္တူဆိုင် ကွန်ပျူတာဆို ကျနော့်အိမ်က လာကူးရင် အဆောာင်အပို ကူးထားဖို့ အိမ်က လူထွက်တာနဲ့ သူတို့ချက်ချင်း ၀င်လာပြိး မိတ္တူတောင်းတော့တာ။ မိတ္တူဆိုင်တွေက ချဲနဲ့ မကင်းကြတော့ လန့်နေကြရှာတာပါ။ ဘာပြောသလဲဆိုတော့ ခင်ဗျားတို့ချဲကိစ္စ ဘာမှမပူပါနဲ့။ ကျနော်တို့က ဒီလူကိုသာ စောင့်ကြည့် နေတာပါပေါ့။ နောက်ခင်ညွှန့် ပြုတ်တော့ နောက်လူတွေက ဘယ်လောက်တော်သလည်း ဆိုရင် အပေါ်ထပ်က ခယ်မတော်သူရဲ့တူ ငထောက်ကို လာစောင့်ခိုင်းတော့ ဟိုက ကိုလှိုင်မြင့် ကြည့်ထား ဟိုအကောင် နံမည်ဘယ်သူ ကြည့်တာပေါ့။ သူတို့ အဖွဲ့ တွေကို ကောင်းကောင်းသိရတော့တာပေါ့ ။

လားလား-အလကားငွေကုန်ခံပြီဗျာ ကျနော်ကိုလာကြည့်နေသူက အမြဲတန်းက နှစ်ယောက် တခါတရံ ဘာဖြစ်လို့မသိ လေးယောက်တောင်။ ဒါတိုင်းပြည်ဘဏ္ဍာတွေ အလကားအပို အကုန်ခံနေတာ။

ကျနော်တို့ကို စောင့်ကြည့်သလို ကြည့်မယ်ဆိုရင် သူတို့လွတ်ငြိမ်းခွင့် ပေးလိုက်လို့ လွတ်သွားပြီး ကွမ်းခြံကုန်း ဓါးပြတိုက် လူသတ်မှုကို ကာကွယ်နိုင်ခဲ့ပါမယ်။

(၂၆) သတင်းစာမှဝန်ခံချက် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ဝေါဟာရကို ၂၀၀၄-ခင်ညွှန့်တို့ကို ဖြုတ်အပြိး မြန်မာတိုင်း(မ်) သတင်းစာကြီးထဲမှာ လွတ်ပေးသူတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှစ်ဦး ပါတယ်လို့ ဖေါ်ပြထားဖူးပါတယ်။ ကျနော်သိမ်းထား ပါသေးတယ်။ ပြည်ပထွက်တော့ ကျန်ခဲ့ပါတယ်။ ပြန်ဖတ်ကြည့် ပေးနိုင်ရင် ကူညီကြပါဦး။ သတင်းထဲမှာကို နိုင်ငံရေးအရ မှားယွင်း ဖမ်းဆီးထားသူများ ပြန်လွတ်ပေးမယ် ရေးထားတာပါ။

ကျနော် သတိထား မိသလောက် ရေးလိုက်ရတာပါ။ ကျနော် သတိမထားမိတာတွေ အများကြီး ကျန်ပါသေးတယ်။ ဖြည့်ပေးကြပါဦး။ အများနဲ့ ဆိုင်တာမို့ ၀ိုင်းဝန်းကြပါဦး။ အားလုံးကို လေးစားလျှက်ပါ။ ဖြစ်နိုင်ရင် ပိုပြိးပြည့်စုံအောင်ကူညီကြပါ။ ပြီးကျနော်က မအားလို့ပါ... အင်္ဂလိပ်လို ဘာသာပြန်ပြီး နိုင်ငံတကာက ရှင်းရှင်းလင်းလင်း သိအောင် ကူညီကြပါဦး။ ဒါဆို အရှက်မရှိ ဗြောင်လိမ်ဖို့ ခက်သွားပါမယ်။
အချုပ်အားဖြင့်တော့ သမ္မတကြီးဦးသိန်းစိန် ခင်ဗျာ.....

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးကို မ.ဆ.လ လက်ထက်က ဗြောင်ငြင်းခဲ့တာကို ငါတို့ လည်းဆက်ငြင်းဖို့ စိတ်ကူးလေးကို အဖါးမကြီး ကြူကြူမား အကြောင်းပြချက်လေးနဲ့ပဲ သတိချပ်ဖို့ အသိပေးလိုပါတယ်။ အဖါးမကြီးက မ.ဆ.လ တပါတီ အာဏာရှင်ခေတ် အတွက် သူပြောခဲ့တာပါ။ သမ္မတကြီးတို့က အခုပါတီစုံခေတ် ပြန်သွားနေပါပြီ။ သူပြောတာ သူ့အချိန်အခါအတွက် ဟုတ်တယ် ပြောချင်လို့ ရကောင်းပါသေးတယ်။ သူအကြောင်းပြချက်ကိုက ယနေ့ သမ္မတကြီးတို့ သုံးစွဲခွင့် မရှိဘူးဆိုတာ သူ့စကားကတင် ပိတ်ထားပြီးဖြစ်ပါသည်။

သို့ပါသဖြင့် ရှေ့လျှောက် စဉ်းစဉ်းစားစား ပြောဆိုကြပါလို့ ပြောချင်ပါတယ်။ န.အ.ဖ ခေတ်ကလို ငါပြောချင်သလို ပြောမယ်လုပ်လို့ မရတော့ပါဘူး။

လေးစားလျှက်

လှိုင်မြင့်