ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အာဏာရှင်ကြီးများ အကြောင်း တစေ့တစောင်း (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

အာဏာရှင်ကြီးများ အကြောင်း တစေ့တစောင်း
အာဏာရှင်ကြီတွေနဲ့ အနီးကပ် (၂) ကြိမ်ပဲ ဆုံဘူးပါတယ်။ နှစ်ကြိမ်စလုံး ကုန်စည်ပြပွဲတွေမှာပါဘဲ။ ခင်ညွှန့်နဲ့တော့ စကားတခါမှ မပြောဘူးပါဘူး။ မောင်အေးနဲ့ ခဏလေး တခွန်းနှစ်ခွန်းလေး ဘဲပြောဘူးပါတယ်။ သန်းရွှေနဲ့ ကတော့ နှစ်ကြိမ်လုံးမှာ ၃---၅ မိနစ်လောက် ရှိမလားတော့မသိဘူး ပြောဘူးတယ်။ ပြောရတာတော့ အဆင်ပြေပါတယ်။  သူတို့ကို မြင်ဘူးဖို့ဆိုတာ သာမန်ပြည်သူတွေအဖို့ မဖြစ်နိုင်တဲ့ကိစ္စပါ။ လူကြားထဲမှ မလာရဲတဲ့သူတွေဆိုတော့ သူတို့ကို ပြည်သူတွေ မြင်ရဖို့ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ပြည်သူတွေကို သူတို့က မယုံဘူးလေ။ သူတို့ကပြည်သူတွေ အပေါ်ထားတဲ့ စိတ်က သိပ်ယုတ်မာတော့ ပြည်သူတွေရဲ့ တန်ပြန်မေတ္တာကို သူတို့ ရိပ်စားမိနေတယ်လေ။ ပြည်သူတွေ သူတို့ကို ဘယ်လောက်ချစ်တယ်ဆိုတာ အလုပ်နဲ့ သက်သေပြတာပါဘဲ။

ပထမ တကြိမ် ၁၉၉၃-ခုနှစ်က တပ်မတော် ခန်းမမှာလုပ်တဲ့ ကုန်စည်ပြပွဲမှာပါ။ သူတို့က ပထမဆုံး အရပ်သားဝန်ကြီးတွေက ကြိုရောက်နေရတယ်။ ထုံးစံအတိုင်း ဦးဖေသိန်းတို့ ဦးစိုးသာတို့ပေါ့။ နောက် ဗိုလ်ချုပ်ဝန်ကြီးတွေ ရာထူးအဆင့်အတိုင်း လာကြရတာကိုး။ ပထမရောက်နေတဲ့ ၀န်ကြီးတွေက နောက်ရောက်လာသူကို ခရီးဦးကြိုပြုရတာကိုး။ ဦးဖေသိန်းတို့ကတော့ ဖိနပ်မကောက်ရရုံ တမယ်လေးပါဘဲ။  လာသမျှကြိုနေရတာပါ။ ကျနော်တော့်ဆရာကြီးက ပညာရေးဝန်ကြီးဦးဖေသိန်း (နောက် ဗိုလ်မှူးကြီးဖေသိန်းပေါ့) က သိပ်အေးတဲ့ ရိုးသားတဲ့ဆရာကြီးဗျာ ကျနော်တို့ သူ့စိတ်ကို သိပ်သိတာပေါ့။ အခုလိုမြင်ရတော့ စိတ်မကောင်းဘူးဗျာ။ ဧည့်ကြိုဝန်ကြီးလို့ နာမည်ပေးထား ရလောက်အောင်ပါပဲ။ ဒါဘာကိုပြသလဲဆိုတော့ ပြည်သူလူထုကို ငါတို့ပညာရှင်ကြီးကိုတောင် ဟန်ပြလောက်ဘဲ သုံးတာဆိုကို ပြလိုက်တာပါဘဲ။ ပြည်သူလူထုကို လိမ်တာပါဘဲ။ ပြည်သူလူထုကို မင်းတို့ကို ငါ့တို့ခိုင်းဖို့ သက်သက် ဘဲသဘောထားတယ်။ ငါတို့နဲ့ အဆင့်တူ ဆိုတာ မစဉ်းစားနဲ့ ပြောလိုက်တာပါဘဲ။ ယခု လွှတ်တော်အမတ်တွေ အမတ်မင်းတွေ သတိချပ်ဖို့ပါ။

အဲဒီတော့ ပထမရောက်နေတဲ့ ဗိုလ်မှုးချုပ်မောင်မောင်(ရေလုပ်ငန်း)က နောက်ရောက်လာတဲ့ ဒု-ဗိုလ်ချုပ်ကြိး ထွန်းကြည်၊  ချစ်ဆေ၊ွ အောင်ရဲကျော်တို့ကို ကျနော်နဲ့ မိတ်ဆက်ပေးပြီး ကျနော်အကြောင်းတွေ နည်းနည်း မွှန်းပါတယ်။ အဲဒီမှာ ဗိုလ်ချုပ်တွေနဲ့ အချိန်အတော်လေး ဆွေးနွေးဖြစ်သွားပါတယ်။ အဲဒီမှာ သိရတာက ဗိုလ်ချုပ်ချစ်ဆွေက ရေချိုငါးရယ်၊ ပုဇွန်ဆိုက် အငယ်တွေကို နိုင်ငံခြား တင်ပို့ခွင့် ပိတ်ထားတဲ့ကိစ္စ ငါးမွှေးမြူရေးကန်တွေ အသစ်လုပ်ခွင့် ချမပေးတဲ့ ကိစ္စတွေကို ခင်ဗျား ပြောစမ်းပါ ကျုပ်တို့က စကားပြောခွင့်ကို မရတာ။ ပါးစပ်ကို ဟခွင့်မပေးတာဗျ။ ခင်ဗျားနဲ့ ပြောရတာ ခင်ဗျားက စကားလဲ ပြောတတ်တယ် ပြီးပြောရဲ ဆိုရဲရှိတယ်ပေါ့။ ထွန်းကြည်တို့ကပါ ဟုတ်တယ်ပေါ့။ ကျနော်တို့  တပ်ချုပ်ကြီးကို ခင်ဗျားဆီကို ရောက်လာအောင်ရယ် ခင်ဗျားဆီမှာ ကြာကြာနေအောင် တွန်းရံ ထားပေးမယ်ပေါ့။

ကျနော်ဆီရောက်လာအောင် စကားသွင်းခေါ်လာတယ်။ ပြီးမိတ်ဆက်ပေးတော့ သန်းရွှေက တခွန်းနှစ်ခွန်းပြောပြီး ကျနော်ကို ဘာပြောစရာရှိလဲမေးလာတာနဲ့ ဆက်တိုက် ပြောတော့တာပါဘဲ။ သန်းရွှေက ငါးကန်ကိစ္စ ပြောတော့လက်မခံဘူး။ ကျနော်ကလဲ ငါးကန်တခုက အလုပ်သမား ဘယ်နှစ်ယောက်ကို အလုပ်ကောင်းကောင်း ပေးထားနိုင်တယ်။ ၀င်ငွေကဘယ်လိုတွေ ချတော့တာပေါ့။ ပြီး ရေချိုငါး ကိစ္စပါတပါတည်းတင် ပြောတော့တာပေါ့။ ကျနော်က ကျနော်ပြောတာ သူ လက်မခံဘူးဘဲ ထင်မိတာ။ သူပြန်သွားပြိးနောက် ဗိုလ်ချုပ်ချစ်ဆွေက အဆင်ပြေလောက်တယ်။ ခင်ဗျားပြောတာကို တပ်ချုပ်ကြီးနားထောင် နေရာကနေ ပြုံးလာတယ်။ ကျနော်တို့ သိလိုက်ပြီ အိုကေမယ်ဆိုတာကို။ အစည်းအဝေးကျရင် အဖြေပေါ်မှာပါလို့ ပြောသွားပါတယ်။ ဗိုလ်ချုပ်ချစ်ဆွေ မျက်နှာမှာ ရွှင်နေတာပါပဲ။

အော် ဒီရေချိုငါးကိစ္စ သူဘယ်နှစ်ခါကြိုးစား တင်ပြဘူးထားလည်း မသိဘူး။ သူတော်တော်လေးကို တင်ပြဖို့ ဂွင်ဖန်ယူတာဘဲ ဆိုတာသိရတယ်။ နောက် ၂-လလောက်နေတော့ ဗိုလ်မှုးချုပ်မောင်မောင်ရုံးကနေ ဖုံးဆက်ပြီး ခင်ဗျားတင်ပြတာတွေ အားလုံးခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ဖုံးဆက်ပြောလာပါတယ်။ ဒုတိယ သန်းရွှေနဲ့ ဆုံရတာကလဲ ကုန်စည်ပြပွဲ ပါဘဲ။ ဒုတိယအကြိမ်မှာတော့ အရင်တခေါက်လို ဗိုလ်ချုပ်တွေနဲ့လည်း ကြိုမတွေ့ရတော့ သူတို့က ရံပေးထားတာ မျိုးမဟုတ်တော့ ခဏလေးဘဲ လာပြီး သူကဘဲ ပြောသွားတာပဲရှိတယ်။ ကျနော်ကပါးစပ်တောင် ဟခွင့်မရလိုက်ရပါဘူး။

အဲဒီတော့ အခု သူတို့အကြောင်း တစေ့တစောင်း သိသမျှဆိုတာက တဆင့်သိရတာလေးတွေပါ။ ဖြစ်နိုင်ခြေတော့ များပါတယ်။ သူတို့ကိုထိတွေ့ဖို့ နေနေသာသာ ကောင်းကောင်းတောင် မဆုံဘူးတော့ တဆင့်ကြားလေးတွေကို တင်ပြပါမယ်။ ဗိုလ်မှုးအောင်လင်းထွဋ်သာ ရေးမယ်ဆို ပိုပြီးပြည့်ပြည့်စုံစုံ သိရမှာပါ။ သူလည်း အတော်များများကို ရေးနေပါတယ်။

အခုတင်ပြချင်တာလေးက ၂၀၀၂ ၀န်းကျင်က သန်းရွှေ၊ မောင်အေး၊ ခင်ညွှန်၊့ ရွှေမန်းတို့ ယခင်အရူးထောင် နေရာ( စိတ္တဇဆေးရုံဝင်း) မှာ သူတို့အတွက် အိမ်အကြီးကြီးတွေ ဆောက်ကြပါတယ်။ အဲဒီဆောက်ရာမှာ ကျနော်ရွာက အမျိုးမကင်းတဲ့ ချာတိတ်ကလေးတွေ အလုပ်သမားအနေနဲ့ ပါဝင်ခဲ့ကြတယ်။ သူတို့ကို နေ့စဉ် တနေရာမှာ ချိန်းတယ်။ ပြီးဒိုင်နာ ကားပေါ်တက်ရတယ်။ ကားက မိုးကာတွေ အလုံချလိုက်ပြီး ဟိုကွေ့ဒီကွေ့ မောင်းတယ်။ ပြီးတနေရာမှာ စုရပ်လုပ်တယ်။ အဲဒီကနေ တနေရာကို စစ်ကားနဲ့ ထပ်သွားရတာ။ အဲဒီမှာတော့ စစ်သားကပဲ မောင်းတော့တာ။ ကားထဲမှာ ခေါင်းငုံထားရတာ။ ဘေးဘီမကြည့်ရဘူး။ စစ်သား ၃၊ ၄ ယောက်လောက် ဟိန်းဟောက်နေပါတယ်။  တယောက်နဲ့ တယောက်စကားမပြောရဘူး  စစ်သားတွေက သတ်ဖြတ်တော့ လုနီးနီး ကြိမ်းမောင်းနေတာ။

နောက် သက်ဆိုင်ရာအဆောက်အဦးကို ရောက်ရင်လည်း ခေါင်းငုံဝင် ဘေးဘီကြည့်လို့ ကတော့ တခါတည်း ဆွဲခေါ်ထုတ်သွားတော့တာ။ ခြိမ်းခြောက်ထားတာက သူတို့ပြောတာ မလိုက်နာရင် ထောင်ချပြစ်မယ်.. စစ်ပေါ်တာထဲ ထည့်ပစ်ပြီး တခါထဲသတ်ပြစ်မယ် ကြိမ်းထားတာ။ တခုတော့ရှိတယ်။ လုပ်အားခက တနေ့ ကို ၃၀၀၀-ပေးတော့ ကြောက်ကြရပေမဲ့ ၀င်ငွေက လှနေတယ်လေ။ တောသားတွေဆိုတော့လည်း ရန်ကုန်မြို့ကြီးရဲ့ ဘယ်နေရာတွေ ရောက်နေတယ်တောင်မှ မသိကြသူတွေပါ။ သူတို့ကိုလည်း အပြတ်ခြိမ်းခြောက်ထားတာ အခုမင်းတို့ထဲမှာ မင်းတို့နဲ့ အတူတူလုပ်နေတဲ့ အထဲမှာ ထောက်လှမ်းရေး ငါတို့လူတွေပါတယ်။ အာချောင်ရင် နေ့မကူးစေရဖူးဆိုတော့။ ကြောက်ကြရတာပေါ့။ အသတ်ခံရမှာရော ၀င်ငွေကလည်း အသားတင်လေ။ မနက်စာ မုန့်နဲ့လက္ဘ်ရည် နေ့လည်ထမင်း အဆင်သင့်။ ပြီးအသားတင် လုပ်ခကတော့ နှစ်ပတ်လောက်နေမှ တပေါင်းတည်းပေးတာ။

တခါတလေ အတူမြင်ဘူးသူတွေ နောက်ပိုင်း ပါမလာတော့ဘူး။ သူတို့ လူတွေလား မလိုက်တော့လို့ မခေါ်တာလား ပျောက်သွားတာလား မသိဘူး။ မျက်ခုံး မလှုပ်ရဲကြဖူး။ ကိုယ့်အဆွဲခံရမှာဘဲ တွေးပူ ကြောက်နေကြရတာ။ အဲဒီမှာ စစ်သားတွေ စီမံအုပ်ချုပ်နေတာဆိုတော့ သန်းရွှေမိသားစု အိမ်တွေလို့  ယူဆရတယ်။ တအိမ်ကတော့ အကျယ်ကြီး။ အောက်ထပ်မှာကို (၅၀+၈၀) ပေလောက် ကျယ်တဲ့ခန်းမကြီးပါတာ တခုရှိတယ်။ အိပ်ခန်းဖြစ်နိုင်တဲ့ အခန်းက ရှစ်ခန်းမကဘူး။ ဆင်ဝင်ကြီးကလည်း အမြင့်ကြီး အကြီးကြီး။ အဲဒိမှာ စစ်သားတွေက ဟိန်းဟောက်ပေါ့။ နာချင်တာလား အကြောလျှော့ချင်တာလားဆိုပြီး။
ဗိုလ်ခင်ညွန့်နှင့် ယခုကြံ့ဖွတ်အမတ် ဇေကမ္ဘာခင်ရွှေ
တအိမ်က ခင်ညွှန့်အိမ်လို့ထင်ရတယ်။ အဲ့ဒီမှာတော့ ကွန်မန်ဒိုအကွက်တွေပါတဲ့ စစ်သားတွေ တခါတခါ ကျည်ကာ အကျိင်္တွေနဲ့လာတယ်။ တခါတခါ အားလုံး အခန်းထဲဝင်နေဆိုရင် ၀င်နေကြရတယ်။ အဲဒီအချိန်ဆိုရင် အဲဒီကွန်မန်ဒို ဂိုက်နဲ့ အကောင်တွေက ဒူးတွေထောက် သေနတ် ရယ်ဒီတွေလုပ်တယ်။  ခင်ညွှန့် လာတာလားမသိဘူး။ တကယ့်တိုက်ပွဲအတွက် ရယ်ဒီပုံစံနဲ့။ အဟောက်ကတော့ အဆိုးဆုံး နေရာပေါ့။


နောက်တအိမ်ကတော့ အသေအချာ ဗိုလ်မောင်အေးအိမ်ပါ။ သူကိုယ်တိုင် သုံးလေးခါလာတယ်။ အလုပ်သမားတွေကို ဘာဟင်းစားလည်း မေးတယ်။ သူက ဘောင်းဘီ အိပ်ထောင့်ထဲ လက်နှစ်ဘက် ထိုးထားပြီး ပြုံးပြုံးဘဲ။ နေပါစေ အလုပ်သမားလေးတွေ အေးအေးနေပါစေ ပြောသေးတယ်။ ကောင်လေးတွေကို အအေးလေးဘာလေး တိုက်ဦးနော်မှာတယ်။ အဲဒီမှာ အအေးလဲ တိုက်တယ်။ ဆေးလိပ်လည်း ပေးတယ်။ နားချိန်မှာလည်း ကိုယ့်အုပ်စုလေးနဲ့ကိုယ် အသာလေး စကားပြောနေတာ တောင် လာအော်ခြိမ်းခြောက်တာ မလုပ်ဘူး။

ထူးခြားတာက အလုပ်သမား အများစုက နယ်က ခေါ်လာတဲ့သူတွေ များပုံရတယ်။ သူတို့လည်း သူတို့ချင်း စကားပြောတာ နားထောင် ခန့်မှန်းရတာ။ မင်းဘယ်ကလည်း အရမ်းမမေးရဲကြဘူး။ တခြားအိမ် သိပ်မကြီးတာတွေ လည်းပါတယ်။ အများကြီးဘဲ အားလုံး စစ်သားတွေ အုပ်ချုပ်နေတာပါဘဲ။ တတန်းကတော့ အိမ်ရှစ်လုံး တစုထဲမှာ အတန်းလိုက်ပါ။ နောက် ကောင်လေးတွေကို နောက်ပိုင်းမခေါ်တော့ပါဘူး။ နောက်တခြားအလုပ် ရှာလုပ်လုပ်ကြရပါတယ်။ ဒါက သူတို့က အဲဒီကနေ ထုံးစံအတိုင်း ကျနော့်ညီအလုပ်ကို ရောက်လာကြတယ်။ အချိန် အတော်လေးကြာတော့မှ ရွာက ကျနော့်ညီ နှစ်ဝမ်းကွဲ(ကျော်မိုး) သူကလည်း ရွာကဆိုတော့ တစတစ နည်းနည်းချင်း အန်ထွက်လာကြတယ်။ ပြောရမှာကြောက်နေကြတာ။ ကျော်မိုးကိုလည်း ဘယ်သူ့မှ မပြောပါနဲ့ပေါ့။ ဘယ်နေမလည်း ကျော်မိုးက တခြားသူတော့မပြောဘူး။ ကျနော့်ကိုတော့ ပြန်ပြောပြတာပေါ့။

ဒါက တစေ့တစောင်း သိရတဲ့ အာဏာရှင်ကြီးတွေ သဘောထားလေးတွေပါ။ ဒါတောင် မြင်ရတာက တဦးတည်းပါ။

(ဒီပဲယင်း တရားခံ စက်မှု(၁) ဝန်ကြီးဦးအောင်သောင်းရဲ့ စံအိမ်တော်အကြောင်း ပြန်ဖတ်ချင်ရင်..) Click

နောက်တခုက ၉၅ နဲ့ ၉၆ -မှာ တခါတရံ ကျနော်က ယခုပါရမီလမ်းနဲ့  အင်စိန်လမ်းဒေါင့်က The Nawarat Concord Hotel (စန္ဒာဝင်းပိုင်) ကို နိုင်ငံခြားသားတွေ လာရင် တခါတရံ လိုက်ပါရပါတယ်။ အဲဒီမှာ ဗိုလ်မောင်အေးကို နှစ်ခါ အထူးခန်းထဲကို ၀င်သွားတာ ဖြတ်ကနဲ တွေ့မိပါတယ်။ အဲဒီအခန်းက အပြင်လူတွေ မ၀င်ရပါဘူး။ ဒါပေမယ့် အခန်းထဲက ရုရှားမတွေလို့ ယူဆရတဲ့ အဖြူမ အရပ်သွယ်သွယ်ရှည်ရှည်တွေ ၀င်လိုက်ထွက်လုပ်နေကြပါတယ်။
 စကားချပ် (၁၉၉၀ခုနှစ်လွန်နှစ်များက လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့တဲ့ အာဏာရှင်ကြီးဦးနေဝင်း သမီး စန္ဒာဝင်းပိုင် The Nawarat Concord Hotelရဲ့ယနေ့လက်ရှိမြင်ကွင်း..) စားကျက်လု ခွက်စောင်းခုတ် အာဏာရှင်တွေရဲ့ ကျဆုံးခန်း သင်္ခါရ သဘောတရားတွေပါ..။ လက်ရှိ သန်းရွှေမိသားစုပိုင် လုပ်ငန်း၊ အဆောက်အဦးတွေဟာလည်း နောင်တစ်ချိန်မှာ ဒီလိုပုံစံမျိုး မမြင်တွေ့နိုင်ရဘူးလို့ မဆိုနိုင်ပါဘူး...
(ဒီမိုဝေယံ)

အဲဒီအဖြူမတွေက အပြင်ခန်းဘက်လဲ တခါခါ လာထိုင်ပါတယ်။ ဒါပေမယ့် မြန်မာတွေနဲ့ သိပ်အရောတ၀င် မလုပ်ကြတော့ ဘာတွေမှန်း အတတ်မပြောတတ်ပါဘူး။ ဂိုက်တွေကတော့ ရွှေဘိုမင်းကြိုက် ဆိုတော့ ကျနော်ကလဲ ရွှေဘိုမွေးလေ။ ရွှေဘိုသားစစ်ဆိုတော့ ရွှေဘိုမင်းနဲ့က အကြိုက်ချင်းလည်း တထပ်တည်းပေါ့။ ကျနော်က ရွှေဘိုမြို့က ကျုံးကမ်းပါးမှာမွေး ကျုံးထဲ၊ ငါးဖမ်း / ပုဇွန်ဆိပ်ဖမ်း နေခဲ့သူလေ။

နည်းနည်းငြီးလိုက်တယ်။ အော်ဒီလိုမှန်းမသိလို့ နိုင်ငံရေး လုပ်မိတာပါ။ ဒီလိုမှန်းသိရင် ကျနော်မျိုး မမိုက်ပါဘူးပေါ့။ အကြံပေးရော မိသားစု ဆရာဝန်ပါလုပ်ပေးပါရဲ့။ ကိုယ့်ဗိုလ်ချုပ်တွေ အန္တရာယ်မဖြစ်အောင် ဆက်သလာသော ပစ္စည်းလေးတွေ ရောဂါပါ / မပါ အရည်အသွေးကောင်း /မကောင်း အသက်နဲ့ရင်းပြီး စမ်းသပ် အသုံးပြုပေးပါရဲ့ပေါ့။ သူငယ်ချင်းတွေက ရီတယ်။ ခင်ဗျားကတော့ ပေါက်ပေါက်ရှာရှာ ပြောတတတ်တယ်လို့။

နောက် တခါသိရတာကတော့ ဗိုလ်မောင်အေးအကြောင်း အချုပ်ကာလမှာ ဦးဝင်းထိန် ပြောပြတာလေးတွေပါ။ ဗိုလ်မောင်အေးက စစ်တက္ကသိုလ်သင်တန်း အပတ်စဉ် (၁) ဦးဝင်းထိန်က အပတ်စဉ် (၅)။ ဗိုလ်မောင်အေးဆင်းပြီးမှ သူကရောက်ရတာပါ။ ဒါပေမဲ့ သူနဲ့ တပ်မတော်မှတ်တမ်းရုံးမှာ ခေတ္တ အတူနေဘူးတယ်လို့ သိရပါတယ်။ ဗိုလ်မောင်အေးကို သူတို့ကိုရေခဲလို့ ခေါ်ကြတယ်။ နာမည်နဲ့ လိုက်အောင်အေးတာ။ အလုပ်ပြီးရင် တနေရာမှာထိုင် ပြုံးပြုံးလေး စကားပြောနေမယ်။ တပ်ထဲက ထုံးစံအတိုင်း ဟိုလူ့အကြောင်းပြော ဘာပြောသိပ်မပါဘူး။ တခါတလေ ကုတင်ပေါ် လက်နှစ်ဖက် ခေါင်းအောက်လျှိုထား ခြေနှစ်ဖက် ယှက်ထား ခြေတောက်လေး လှုပ်နေတတ်တယ် ပြောပါတယ်။ အခုရတဲ့မိန်းမကလဲ သူက အပျိုကြီး ရှမ်းမ။ အဲဒါကျန်လူတွေက အိမ်ထောင်သမားတွေဆိုတော့ လှော်ပေးကြတာကနေ ရသွားကြတာပြောပါတယ်။ သားသမီး ရင်းမရဘူး။ မွေးစားထားတာ လို့ပြောပါတယ်။

ခင်ညွှန့် အကြောင်းကတော့ သူ့ဆီကို မိန်းမဘက်က အမျိုးတွေက သူ့အိမ်ဝင်နေကျ ထွက်နေကျဆိုတော့ သူတို့ ကတော့ ဖါးတာလား မသိဘူး။ အိုကိုလှိုင်မြင့် အသားလေးက ဖွေးနေတာဘဲ မင်းသားလေးကျနေတာပဲ။ ကျနော်ခင်ညွှန့်ကို ကုန်စည်ပြပွဲမှာ မြင်ဘူးနေတာပါဘဲ။ အနီးကပ်ပါဘဲ။ သူတို့ကတော့ စားကောင်းအောင် ဖါးတယ်ထင်တာပါဘဲ။ ခင်ညွှန့်ပုံကတော့ ထောင်ထောင်နဲ့ လူပုံကကို အလာကားနေရင် ရိုက်ချင်စရာရယ်။ ကျနော်နဲ့(၇)တန်းလောက်သာ ဆုံမိရင် (ခွပ်)ဘဲ။ လက်ကို ယားနေရတယ်ဆိုတဲ့ လူမျိုးဘဲ။ ရိုက်ပေါက်ပေါ့။ ကျနော်က ကျနော့်မှတ်စုထဲမှာ (ခင်ညွှန့်ရိုက်ပေါက်) လို့ရေးထားပါလေရော။ မသာကောင် ငထောက်တွေက သူ့တို့အဖေ ထိတော့ နာတတ်ကြတယ်။ အ်မ်မှာတင် အဲဒီ့မှတ်ချက်ကို ဖတ်မိပြီး မှတ်တယ်။ ပြီး အံကြိတ်သံကြီးနဲ့ ခင်ဗျားကတော့ နာဦးမယ် နာဦးမယ်နဲ့  တကဲကဲ။ ဘယ်ရမလဲ စစ်ကျောရေးကျတော့ ၁၀-နှစ်သားလောက် ရှိတဲ့တူလေးက အိမ်လာ တီဗွီကြည့်ရင်း ပါပါကြီးဗိုလ်ချုပ်ခင်ညွှန့်ပုံက ကြည့်ပါဦး.. ရိုက်ပေါက်လို့ ပြောလာလို့ ရီရလို့ ရေးထားတာ ဖြေတာပေါ့။ သူတို့ အဖေအရင်း ထိတာထက် နာပုံရတယ်။
 ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်တင်ဦးတို့ ခေတ်ကောင်းစဉ်က ကုန်စည် ပြပွဲတစ်ခု၌ တွေ့ရစဉ်
ပြပွဲတွေမှာဆို ဗိုလ်ချုပ်ထွန်းကြည်က အရင်ရောက်ရတယ်။ သူတို့အုပ်စုပြီးတော့ တွင်း-၂ တင်ဦး ပါလာတာပါဘဲ။ တင်ဦးကတော့ မျက်လုံးကိုက ပျာပျာသလဲ။ ကျီကန်းတောင်းမှောက် မျက်လုံးနဲ့။ ကုန်ပစ္စည်းတွေ လိုက်ကြည့်ပြီး ဟိုဟာလေးက စားချင်စရာပြောတာ။ ပြီးသူ့ဗိုလ်ကြီးတွေက ဟန်မဆောင်နိုင်ဘူး။ ဗိုလ်ချုပ်က သဘောကျနေတာ။ ကျနော်တို့မှာ ပို့ပေးရတယ်။ တော်တော်ငတ်ကြီး ကျတဲ့လူပဲ။ ဘူးတာကလဲ ကောင်မလေးတွေ သူ့ရုံးခန်းသွားရင် ပြာနေတာ။ ခင်ညွှန့်လည်းလာရော ထွန်းကြည်က မျက်နှာထားတည်ပြစ်ပြီး လက်နှစ်ဘက် ခါးမှာကော့နေအောင် ထောက်ထားပြီး အုပ်စုလေးတွေ ဖြစ်သွားသလိုဘဲ။ ခင်ညွှန့်က မျက်နှာဖြဲလေးနဲ့။

ထွန်းကြည်အိမ်ကို မန္တလေးက ငယ်သူငယ်ချင်းရဲ့ မိန်းမလာလို့ တခေါက်လိုက်သွားဘူးတယ်။ လိုက်သွားတာက သူကအိမ်နားမှာ တည်းတော့ ကားမောင်းပို့ပေးတာပါ။ အထဲဝင်ခါနီး သူက အထပ်ထပ်မှာတာ။ သူငယ်ချင်းက ဘီလီနော် ယောင်လို့များ ခင်ညွှန့်ဆိုတာ နာမည်လေးတောင် မထွက်မိစေနဲ့နော်တဲ့။ သူ့အပြောဘဲ။ ခင်ညွှန့်လို ယောင်ပြီးထွက်မိရင် အော် ခင်ဗျားက ခင်ညွှန့်နဲ့ ခင်တာဘဲ သူက ကျနော်ထက် ပါဝါပိုရှိတယ် သူပြီးရင် အကုန်ပြီးတာ ကြွကြွနဲ့ မောင်းထုတ် ပစ်တယ်ပြောတာဘဲ။

နောက်ပိုင်းနှစ်တွေမှာ ခင်ညွှန့်နဲ့  ဗိုလ်မောင်အေးက အစည်းအဝေးတွေမှာတောင် မျက်နှာချင်းမဆုံ အောင် ဖြစ်နေကြပါတယ်။ ခင်ညွှန့်ပြောတာဆို ဗိုလ်မောင်အေးက အပြတ်ကောတယ် ပြောပါတယ်။  တပ်မတော်နေ့လို့ ကပ်ပြီးရပ်နေရရင် တဦးနဲ့တဦး ချီးရွံသလို အတော်လေးကို ရုပ်ပျက်ဆင်းပျက် မျက်မုန်းကျိုးနေကြပါတယ်။ ဗိုလ်ထွန်းကြည်နဲ့ ဗိုလ်မောင်သင့် တို့ကို ဗိုလ်မျိုးသန့်အိမ်မှာနဲ့ နှစ်ကြိမ်ဆုံဘူးတယ်။ ဗောဓိတစ်ထောင် ဆရာတော်ကြွလာရင် သူတို့လာကြတယ်။ သူတို့နှစ်ဦးက ဘော်ဒါတွေထင်တယ်။ ဗိုလ်ချုပ်မျိုးသန့်က လူအေး။ အရာလည်း သိပ်ဝင်ပုံမရဘူး။ တခါမှာ ဗိုလ်မျိုးသန့်ကမေးတယ်။ ဗိုလ်ချုပ်တို့  နယ်မှာနေရတာနဲ့ အခုရန်ကုန်မှာ ဘယ်လိုကွာသလဲပေါ့။

ဗိုလ်ထွန်းကြည်က ကျုပ်တို့က နယ်မှာရာဇာ ရန်ကုန်မှာပြာတာတဲ့ ပိုဆိုးတာက စစ်သားလုပ်ပြီး မိတ်ကပ်လိမ်းနေတဲ့သူ အာချောင်နေတာတွေ အဖန်တရာ တေနေတာတွေကို ကိုယ့်အလုပ်ကို မလုပ်ရဘဲ လိုက်နားထောင်နေရတာ။ ကျုပ်ကတော့အပြတ်ဘဲ မျက်စေ့မှိတ် အိပ်နေတော့တာတဲ့။ တခါလာလဲ ဒီဟာဘဲ။ ကိုယ့်အလုပ်ကို တကယ်လုပ်ရချိန်မှရှိဘူး။ ဗိုလ်ချုပ်မျိုးသန့်က သူ့အိမ်အပေါ်ထပ်မှာ အခန်းနှစ်ခန်းကို သီးသန့် ဆရာတော်ကြီးတွေ သီတင်းသုံးရအောင် လုပ်ထားပါတယ်။ လူဆိုလို့ ဘယ်သူ့မှ အိပ်ခွင့်မပြုပါဘူး။ ဆရာတော်ကြီးတွေ ပြန်တာနဲ့ လျှော်ဖွတ် သော့ခတ်ထားလိုက်တော့တာ။

ဗောဓိတစ်ထောင်ဆရာတော်က ကျနော်ကလွဲလို့ ဘယ်ဆရာဝန်မှ ဆေးအကုမခံပါဘူး။  နိုင်ငံခြားခရီးစဉ်တွေမှာ ဆေးကပ်လို့  သောက်ခိုင်းရင် ဘုန်းကြီးကောင်လေးရှိတယ်။ ဆရာဝန်ကြီးတို့ ဘွဲ့တွေကို လေးစားပါတယ်။ အားလည်းနာပါတယ်။ ဘုန်းကြီးကောင်လေးက ဆရာဝန်ကြီးတို့လို ဘွဲ့တွေအများကြီး မရှိပေမယ့် သူ့မှာအစောင့်တွေရှိတယ်။ သူ့ကိုပြကြည့်ပြီး သူကသောက်ဆိုရင် သောက်ပါ့မယ်ပေါ့။ ဘယ်သူမှ အကုမခံဘူး။ ဆရာတော် အရေးပေါ်ဖြစ်ရင် ကျနော် လေယာဉ်စီးလို့ရတယ် ။ လက်မှတ်လည်း ၀ယ်စရာမလိုဘူး...။ လေယာဉ်ကွင်း ဆင်းသွားရုံဘဲ။ ဘာကဒ်ပြားမှလဲမစစ်ဘူး။ သာမန်ဆို ကျနော့်မှာ နိုင်ငံသားကဒ်ပြား ထုတ်မပေးတော့ ရထားတောင် ဆရာဝန်လက်မှတ်နဲ့ မှောင်ခိုကနေ ၀ယ်ရတာပါ။ ဆရာဝန်လက်မှတ်နဲ့ တရားဝင်က ရောင်းခွင့်မရှိပါဘူး။ မှတ်ပုံတင်အဟောင်းနဲ့ ကလည်း ခရီသွားခွင့်မပေးဘူး။

၁၉၉၄- ခုနှစ်မှာ ဗိုလ်ထွန်းကြည်လက်မှတ်နဲ့ ပတ်စပို့တခါရဖူးတယ်။ သူတို့ဟာ အူကြောင်ကြောင်ကြီး။ နိုင်ငံသားကဒ်ပြားမရှိဘဲ အဲဒီလိုကျတော့လဲ မှတ်ပုံတင်အဟောင်း မိတ္တူနဲ့ ပေးတယ်။ အလုပ်ကိစ္စလေးရှိလို့။ အဲဒီခရီးမှာ န.၀.တ ကက်ဘိနက် (၀န်ကြီးဖွဲ့ခေါ်မလား) ထဲမှာတဦးတည်းသော အမျိုးသမီးဖြစ်တဲ့ ဒေါ်ခိုင်ခိုင်က ကျနော်နဲ့ သိပ်ခင်တယ်။ အလွန်ကိုခင်တာ။ အားရင်ဖုံးဆက်ခေါ် ဘာမှမဟုတ်ဘဲ ထိုင်စကားပြောနေကြ ။ နိုင်ငံတော်စီမံချက်တွေ ပြောကြဆိုကြပေါ့။ သူကစီမံကိန်းဌာနက အကြီးဆုံးအရာရှိ။ ဒါကြောင့် ကက်ဘိနက် အစည်းအဝေးတက်ရတာ။ သူက လူတဦးဆီ မိတ်ဆက် စာရေးပေးလိုက်တယ်။  ဟိုလူက ကျနော့်ကို နောက်တနေ့ CRDB ဦးတင်မောင်ဝင်းနဲ့ မိတ်ဆက်ပေးတယ်။ ဒေါ်ခိုင်ခိုင်ကိုမေးတော့ သူမသိဘူး ဘဲပြောတယ်။ ရီဖြဲဖြဲလုပ်နေတယ်။ ခိုင့်ကို ဒါတွေလာမပြောနဲ့လေ။ ဒါတွေက ပြောရင် အန္တရာယ်ရှိတယ်လေ။ ဘာလဲတော့မသိဘူး။ အခုပြောပြရတာကလဲ ဒေါ်ခိုင်ခိုင်က အသက်ကြီးပြီဆိုတာ့ အန္တရာယ် မပေးလောက်တော့လို့ပါ။ သူက စကားပြောရင် ဘယ်သူနဲ့ပြောပြော ခိုင်လို့ဘဲ ပြောတတ်တယ်။

ခေတ်ပြိုင် အယ်ဒီတာ ဦးတင်မောင်ဝင်းနဲ့ ဆုံရတော့ ဘာပြောကောင်းမလည်း ရေငတ်တုန်း ရေတွင်းထဲကျပေါ့။ ကျနော်ဘန်ကောက်ကို ၅-ခေါက်ထွက်တာ ထွက်တိုင်းသူရှိတဲ့ ရက်မှာမှထွက်တာပေါ့။ သူကလည်း ခေတ်ပြိုင်ဂျာနယ် ထုတ်ခါစဆိုတော့ ရန်ကုန်ကို အောက်လမ်းနဲ့ပို့ ကျနော်က ဖြန့်တတ်တဲ့ လူဆီ အဲဒီလူမသိအောင် ပို့ပေးတာ ဖြန့်တာဘဲ။

ကျနော် သိသလောက် လေးတွေပါ။ အဓိကကတော့ ဗိုလ်ချုပ်ကြီးတွေ ပြည်သူတွေနဲ့ ဆက်ဆံပုံ စိတ်ထားလေးတွေ စတိလေးပေါ့။ ဗိုလ်မှုးအောင်လင်းထွဋ် ရေးရင်တော့ ပိုပေါ်လွင်ပါမယ်။

အားလုံးကိုလေးစားလျှက်

လှိုင်မြင့်

တချိန်က ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ 

ပထမပိုင်း ပြန်ဖတ်ချင်ရင်

http://www.demowaiyan.org/2011/05/blog-post_8499.html