ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပညာ( ဗမာ့သွေး)

ပညာ

အခုခေတ်မှာ" မီးဘေး ရှောင်စို့ မလောင်ခင် တားကြပါ " ဆိုတဲ့ မီးသတိပေး သီချင်းလို့ နာမည်ကြီးနေတဲ့ ဒီသီချင်းဟာ ယခင်အချိန်က ပညာဆိုတဲ့ သီချင်းမှ တီးလုံးနှင့်သံစဉ်ကို ယူကာ စာသားပြောင်းဆို နေကြခြင်းသာ ဖြစ်ပါသည် ။ ထို ပညာသီချင်း မူရင်းကို လူငယ်များ သိရှိနားလည် စေရန် ဆရာအောင်သင်းရဲ့ မကွေးတွင် ဟောပြောသော အသံလွှင့်ဟောပြောချက် မှ ကူးယူဖော်ပါသည် ။ ဆရာသည် လူငယ်များ အပေါ်တွင် ထားရှိသော စေတနာကို ဖော်ကြူးပြသရန် စကားလုံးပင်ရှားနေတော့သည် ။ မည်သူမျှ မဖော်ထုတ်ခဲ့သော သမိုင်းအမှန်များကို ဖော်ထုတ်ပြောဆိုခဲ့ သလို ယနေ့ခေတ်လူငယ်များအကြား ရေပန်းစားနေသော ပြဿနာများကို လည်း ဆရာက ရှင်းလင်းဖြေဆိုထားသည်ကို တွေ့ရှိရပါတယ်။ နောက် မှတ်သားစရာ စကားလုံးလေးတွေရင်ထဲမှာစွဲနေအောင် ပြောပြခဲ့တာလေးတွေက အတုယူမှတ်သား စရာ အလွန်ကောင်းပါတယ် ။ နောက် တစ်ချက်က အဖြာင့် တွေးတတ်အောင်လည်း လမ်းညွှန်ပြသလို ဖောက်ထွက်တဲ့ အတွေးအခေါ်လေးကို ဥပမာပေး ပြီး ရှင်းပြထားတာ ကျေနပ်လွန်းလို့ အကြိမ်ကြိမ် စိတ်ထဲကနေ ရှစ်ခိုးနေမိပါတယ် ဗျာ ။

ဥပမာလေး တစ်ခုပေါ့ " ဗိုလ်ချုပ်အောင်ဆန်းက စွန့်ပြီးမစားခဲ့လို့ အချို့လူတွေ မစွန့်ဘဲ စားနေကြရတယ် " အခုချိန်မှာ အနှိုင်းမဲ့ ပုဂ္ဂိုလ် တစ်ယောက်လို ထင်ရှားနေတဲ့ ကျွန်တော်တို့ ဗိုလ်ချုပ်ဟာ ပညာမတတ်တဲ့ အပြင် ကိုယ်ကျိုးရှာလိုတဲ့ အတိုက်အခံများ ခေါင်းဆောင်များ၏ နှောက်ယှက်မှုကြောင့် အလွန်စိတ်ထိခိုက်ပြီး တိုင်းပြည် အတွက် ရတက်မအေး ဖြစ်ကာ မျက်ရည်ကြဘူးတယ်တဲ့ ။ မြန်မာပြည်ရဲ့ အမျိုးသား ခေါင်းဆောင် သက်တမ်းက အလွန်ဆုံးသုံးနှစ်ဘဲ ရှိပါတယ်တဲ့ ။ သူသေမှာကို သူသိနေတယ် ။

သူကြောက်လို့ မျက်ရည် ကျတာ မဟုတ်ဘူး ဆိုတာတော့လူတိုင်း သိပြီးသားပါ ။ ကျွန်တော်တို့ တိုင်းပြည် လွတ်လပ်ရေး လိုချင်လို့ သူကြိုးစားနေတာပါ တဲ့ ။ အမျိုးသား ခေါင်းဆောင် ဖြစ်ချင်လို့ မဟုတ်ပါဘူးတဲ့ ။ ဘယ်လောက် သနားစရာ ကောင်းလိုက်တဲ့ နိုင်ငံခေါင်းဆောင်လဲဗျာ ။ ကျွန်တော် နားထောင်ရင်း မျက်ရည် ကျမိပါတယ် ။
နောက်တစ်ချက် အဲဒီ အချိန်က ခေါင်းဆောင်တွေ ကလည်း အခု နအဖနဲ့ တော့ သိပ်မကွာဘူးဗျာ ။ ကွန်မြူနစ် ၀ါဒကို လက်ကိုင်ထားတဲ့ လူက ကွန်မြူနစ်ဝါဒကို ဆန့်ကျင်ထားတဲ့ စာတောင် ဖတ်ခွင့်မရှိဘူးတဲ့ ။ သေချာစဉ်းစားကြည့်ဗျာ ကိုယ့်အမှားကို အရင်ဆုံး မြင်တာက ကိုယ့်ရန်သူဗျ ။ ကိုယ့်အားနည်းချက်ကို ဝေဖန်တာတောင် လက်မခံနိုင်တဲ့ ခေါင်းဆောင်တွေ ဘယ်လောက် အမြင်ကျဉ်းမြောင်း လိုက်လဲ ။ ဒီနေ့ ချိန်ခါမှလည်း ဒီတိုင်းပါဘဲ စာပေလွတ်လပ်ခွင့်တောင် မပေးနိုင်တဲ့ အစိုးရက ဒီမိုကရေစီ လမ်းစဉ်ကို ချဉ်းကပ်တာပါလို့ ထထအော်နေတဲ့လူတွေကို ပြေးပြီး မြင်ယောင်မိ ပြန်သေးတယ် ။

အမှန်တရားကို ရှေးရှုတဲ့ အမျိုးသားခေါင်းဆောင်ဆိုတာ ပြည့်သူ့လူထု အကျိုးစီးပွား ပျက်စီးမယ့် ကိစ္စကို လက်မခံတတ်ကြတာ စစ်မှန်တဲ့ အမျိုးသားခေါင်းဆောင်တိုင်းရဲ့ သဘာဝဘဲဗျ ။ NDF က NLD ကနေ ကိုယ်ကျိုးရှာ ဖို့ ကြံစည်ပြီး ခွဲထွက်သွားတယ် ။ ဒီနေ့အချိန်ထိ ပြည်သူလူထု ကို ရင်ဝယ်သားလို့ သဘောထားလို့ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ တရားမျှတမှု မရှိတဲ့ ဥပဒေကို ဆန့်ကျင်နေတာပါ ။ ဒေါ်အောင်ဆန်းစုကြည်သာ ကိုယ်ကျိုးရှာလိုတဲ့ စိတ်ရှိရင် အခုရွေးကောက်ပွဲ ၀င်တဲ့ပါတီတွေ အားလုံးထက် အဆင့်အတန်းမြင့်တဲ့ နေရာ တနေရာကို အလွယ်ရယူနိုင်ပါတယ်ဗျာ ။ အတွေးမချော်ကြစမ်းပါနဲ့ ။ ဒီနေ့ပညာရှင် အမည်ခံ ကိုယ်ကြိုးရှာ နိုင်ငံရေး သမားတွေမှာ စိတ်ဓါတ်ခွန်အား မရှိကြပါဘူး ။ ဒါကြောင့် အစိုးရနဲ့ ပူးပေါင်းပြီး လူထု ကို တပါတ်ရိုက်ဖို့ ကြံစည်နေကြတာကို ဆန့်ကျင်ကြပါလို့ လိုက်လံ အသိပေးနေတာပါ ။ အခုလို ဖြစ်ရပ် မျိုးတွေ မြန်မာ့သမိုင်းမှာ အထင်အရှားရှိခဲ့ဘူးပါတယ် ။ သေချာ ပြန်လည် လေ့လာကြည့်ကြစမ်းပါ ။

၉၁ ဌာန အုပ်ချုပ်ရေး ၊ စက္ကူဖြူ စီမံကိန်း အစရှိသည်ဖြင့် အသွင်ပြောင်းစနစ်များကို အင်္ဂလိပ် အစိုးရက ပေးခဲ့သည်ကို မြန်မာနိုင်ငံ အမျိုးသားခေါင်းဆောင်များက လက်မခံခဲ့သလို ဂျပန်က ပေးတဲ့ ရွှေရည်စိမ်လွတ်လပ်ရေး ကို ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်တွေ ဆန့်ကျင်ခဲ့ပြီး ကိုယ်ပိုင် အုပ်ချုပ်ရေးကို တောင်းဆောင်တိုက်ပွဲ ၀င်ခဲ့ကြလို့ မြန်မာနိုင်ငံဟာ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ဖန်တီးနိုင်တဲ့ အပြည့်အ၀ လွတ်လပ်ရေးကို ရရှိခဲ့တာပါ ။ သမိုင်းကို သင်ရခြင်းရဲ့ ရည်ရွယ်ချက်က မအအောင်လို့ပါ ။ ခင်ဗျာတို့ တွေ လေးစားပါတယ်ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ နယ်ချဲ့တွေ ကြိုးဆွဲရာ မကခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဟာလည်း အာဏာရှင်တွေ ကြိုးဆွဲရာ ကရတဲ့ ရုပ်သေးတော့ ဘယ်တော့မှ အဖြစ်မခံပါဘူး ။ ဒါကို ခေါင်းမာတယ်လို့ ပြောပြီး အမှန်တရားကို ဆန့်ကျင်မှာလား သူ့ရဲ့ အမှန်တရားကို မြတ်နိုး ပြီး ပြည်သူလူထု အကျိုးကို ရှေးရှုတဲ့ စိတ်ဓါတ်ကို ထောက်ခံအားပေးမှာ လားဆိုတာတော့ ခင်ဗျာတို့ တွေ ရင်ထဲက စိတ်ထားအမှန်ပေါ်မှာဘဲ မူတည်ပါတယ် ။

ညဏ်အမြော်အမြင်နည်းသော ခေါင်းဆောင်များသည် ပညာမတတ်သော နောက်လိုက်များ၏ မြှောက်ပင့်ပြောဆိုမှုကို အဟုတ်မှတ်ကာ ထင်ရာ စိုင်း နေကြခြင်းကြောင့် မြန်မာပြည်ကြီးသည် ပျက်စီးချင်းမက ပျက်စီးလျှက် ရှိသည့် အချိန်တွင် ကိုယ်ကြိုးရှာ လူတစ်စုကလည်း အရေခွံလဲပွဲကို လက်ခံကာ ပြည်သူလူထုအား ချောက်အတွန်းသို့ တွန်းပို့လျှက်ရှိနေကြသည် ကို လေးလေးနက်နက် စဉ်းစားစေလိုပါတယ် ခင်ဗျာ ။ ကျွန်တော် ပြောရင် အဓိပ္ပာယ် ပေါ့သွားမှာဆိုးလို့ ကိုယ်တိုင်သာ နားဆင်ကြပါလို့ လေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ် ။

မသိသေးတဲ့လူများကို လည်း ဆက်လက် ဖြန့်ဝေပြီး ပညာမျက်စိ ဖွင့်ပေးကြပါလို့ လေးစားစွာ တိုက်တွန်း နိုးဆော်လိုက်ပါတယ် ခင်ဗျာ ။

ဆရာ ဦးအောင်သင်း နှင့် အမှန်တရား အတွက် တိုက်ပွဲဝင်ခဲ့သော ခေါင်းဆောင်များ ကိုဒီနေရာကနေ လေးစားစွာ ဂါဝရ ပြုလိုက်ပါတယ် ခင်ဗျာ ။


ပညာ

ဗမာပြည်ကြီးမှာ အဆင့်တန်းလုလို့ ညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတာ
သေချာစွာ စဉ်းစားလိုက်ရင်
ပညာ အခြေခံနည်းလို့သာ... ပါတီတွေ ကွဲကာ အလွဲလွဲအမှားမှား ဖြစ်ပေါ်နေတာဟာ
ပညာ...... ပညာ......ပညာ .မရှိလို့ စိတ်နေ မမြင့်ကြတာ ။

ဝမ်းနည်းစရာ ယခုခေတ်ကြီးမှာ တွေ့မြင်ရတာ
ခလေးသူငယ်များမှာဘက်စ်ကား စပယ်ယာ
သတင်းစာ ရှောက်သီးဆေးပြား ရေခဲချောင်းနဲ့ မြေပဲလှော်ပါ
တကြော်ကြော်အော် ကာ ရောင်းနေရရှာ....
ရသမျှနဲ့ အမြတ်လေးများနဲ့ ရောင့်ရဲတင်းတိမ် ပျော်ရွှင်ကာ
ပညာ ... ပညာ ... ပညာမရှိလို့ အခုလို ဖြစ်ရတာ ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

***** http://aungthin.com/ အဲဒီ ဆိုဒ်မှာ မကွေးစာပေဟော ပြော အခွေကို download လုပ်နိုင်သလို တန်ဖိုးမဖြတ်နိုင်တဲ့ ဆရာ့ရဲ့စာပေတွေကိုလည်း လေ့လာဖတ်ရှုနိုင်ပါတယ် ခင်ဗျာ...