ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဆရာဝန်တစ်ယောက်ရဲ့ ဖွင့်ဟ ပြောဆိုချက် (မြန်မာပြည်က လာတဲ့စာ...)

ကြပ်ပြေးနေပြည်တော်က ကျန်းမာရေးဝန်ကြီးဋ္ဌာန အဆောက်အဦး
ဒီတစ်ပတ် မြန်မာပြည်က ပေးပို့လာတဲ့ စာထဲမှာတော့ လက်ရှိ ပြည်တွင်းက ဆရာဝန်တစ်ယောက်ရဲ့ အသံကိုတင်ပြလိုက်ရပါတယ်။...

ကိုဒီမိုရေ ဒီမှာတော့ ရွေးကောက်ပွဲ အတွက် ဝန်ထမ်းတွေကို ကြံ့ဖွံ့ပါတီကို မဲထည့်ဖို့ တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်တစ်မျိုး အမျိုးမျိုးစည်းရုံးနေတယ်လေ... ဖိအားပေးသလို အကြပ်ကိုင်သလို တစ်မျိုးနဲ့ တစ်မျိုး မတူရအောင်ပါပဲလေ.. ၂၀၀၈ အခြေခံဥပဒေ တုန်းကလည်း ကျွန်တော်တို့ ရုံးကဝန်ထမ်းတွေ အသိဆေးရုံတွေမှာဆိုရင် ဆေးရုံက ဝန်ထမ်းတွေ ဆရာဝန်ကြီးတွေ ယုံကြည်ရတဲ့ မိတ်ဆွေတွေ တိုးတိုးတိတ်တိတ် စည်းရုံးပြီး ကန့်ကွက်မဲ အားလုံးပေးခဲ့ကြတယ်လေ..။ ကျွန်တော်တို့ တစ်တွေ ကန့်ကွက်မဲပေးခဲ့ကြပြီး ကိုယ်လုပ်ရပ်အောင်မြင်ပြီလို့ ထင်ခဲ့ကြတာပေါ့. ဒါပေမယ့် နောက်ဆန္ဒမဲပေးပြီး မကြာမီမှာပဲ ဂုဏ်ပြုမှတ်တမ်းလွှာ တစ်စောင် ရုံးနဲ့ ဆေးရုံကို ရောက်လာတယ်လေ.. ဂုဏ်ပြုမှတ်တမ်းလွှာမှာ ဘာရေးထားသလဲဆိုတော့ ယခုဆေးရုံနှင့် ရုံးရှိ ဆေးဝန်ထမ်းများမှ ၂၀၀၈အခြေခံဥပဒေအား ကန့်ကွက်မဲမရှိ ထောက်ခံခဲ့သည့် အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်လိုက်ပါသည်တဲ့ဗျာ .. ကျွန်တော်တို့ ဆရာဝန်သူငယ်ချင်းတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြပြီး ငိုရမလို ရယ်ရမလို မျက်နှာတွေနဲ့ပေါ... အခုလည်း ဒီပုံစံပဲ ချိုးဦးမှာလေ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ မရှိဘာမရှိနဲ့ပေါ့.. မြင်ယောင်မိပါတယ်ဗျာ..

အခုကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံခြားပြန် ဆရာဝန်ကြီးတွေ ပါရဂူတွေ တစ်နေ့ထက် တစ်နေ့နည်းနည်းလာပြီ ကိုဒီမိုရေ.. လူကြီးပိုင်းတွေ ပါရဂူတွေက အကုန် နိုင်ငံခြားကို ထွက်ကုန်ကြပြီလေ.. မြန်မာပြည်က ဆေးတက္ကသိုလ်က ပါမောက္ခ အဆင့်တောင် တစ်လမှ ကျပ်တစ်သိန်းငါးသောင်းကနေ နှစ်သိန်းကြားရတာဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူးလေ အပြင်ဆေးခန်းထိုင် ဘာညာဆိုတောင်မှ မိသားစု စားလာက်ဖို့ပဲ ကြီးပွားဖို့ ဆိုတာဘယ်လိုမှ မဖြစ်နိုင်ဘူး.. အဲ့ဒီတော့ ထိုက်ထိုက်တန်တန် လစာရတဲ့ နိုင်ငံခြားတိုင်းပြည် တွေကို ထွက်ကုန်ကြတာပေါ့... အဲ့ဒီအတွက်လည်း အပြစ်ပြောလို့ မဖြစ်ဘူးလေ. ဦးနှောက် ယိုစီးမှုကတော့ စင်ကာပူမှာ မြန်မာအင်ဂျင်နီယာတွေ အတွက် အလုပ်အဆင်ပြေကြသလို မလေးရှားမှာတော့ မြန်မာပြည်က ဆရာဝန်တွေကို လစာကောင်းကောင်း ပေးပြီးခေါ်ကြတယ်လေ.. မလေးရှားက ဆေးရုံတွေ စာသင်ကျောင်းတွေမှာ မြန်မာဆရာဝန်တွေ လက်ညှိုးထိုးမလွဲဘူးလို့ မလေးရှားရောက်နေတဲ့ မိတ်ဆွေ ဆရာဝန်က ပြောပြပါတယ်.. ကျွန်တော့်မိတ်ဆွေ မလေးရှားက ဆေးရုံမှာ အလုပ်ရလို့ ခွင့်ရက်ရှည်ယူတော့ နိုင်ငံခြားထွက်မယ် ဆိုတာရိပ်မိနေတဲ့ ကျွန်တော်တို့ ဝန်ကြီးဋ္ဌာနက အကြီးအကဲ ဆရာဝန်ကြီး GMက မင်းတို့တွေ တိုင်းပြည်ကို မချစ်ဘူး ဘာဘူး ညာဘူးဆိုပြီး ကောင်းကောင်း ဆူတာကို ခံလိုက်ရတယ်လေ.. မိတ်ဆွေလည်း ဆမ အဆုံးခံပြီး ထွက်လာခဲ့ရတာပေါ့.. ပြီးခဲ့တဲ့ လပိုင်းလောက်က မိတ်ဆွေ ဆရာဝန်နဲ့ စကားပြောဖြစ်တော့ သိရတာက သူ့ကိုနိုင်ငံကို မချစ်ရကောင်းလား ဘာလားဆိုပြီး ဆူဆဲခဲ့တဲ့ ဋ္ဌာနက အကြီးအကဲ ဆရာဝန်ကြီးGM ကိုယ်တိုင် အခု မြန်မာပြည်က အလုပ်ထွက်ပြီး မလေးရှား ဆေးရုံမှာ လာအလုပ်လုပ်နေပြီ ဆရာရေတဲ့.. ကောင်းကြသေးရဲ့လားဗျာ.. မင်းတို့မသွားနဲ့ ငါပဲသွားမယ် ဆိုသလိုဖြစ်နေပြီလေ..။

မိတ်ဆွေဆရာဝန် ပြောပြတာကတော့ သူတို့က သင်ကြားရေးဘက်မှာ ဆိုတော့ မြန်မာပြည်မှာ ပါမောက္ခ အဆင့်ရတဲ့လခ ၁သိန်းငါးသောင်း မလောက်ငှတဲ့ အတွက် ကျောင်းမှာ စာအပြည့်သင်မပေးနိုင်ပဲ ကလေးတွေကို အိမ်မှာ လာပြီး စာပြန်သင်ပေးပြီး ပိုက်ဆံယူရတဲ့ အတွက် သူ့လိပ်ပြာ သူမလုံမလဲ ဖြစ်ခဲ့ရတယ်တဲ့ .. အခုမလေးရှားမှာ ဆရာဝန်တွေကို ထိုက်သင့်တဲ့လစာ ရင်းဂစ်(၇၀၀၀, ဒေါ်လာ ၂၃၀၀လောက် အသားတင်နော်) အိမ်၊ကား၊ လိုလေသေးမရှိအောင် ပေးထားပြီး ကလေးကိုပါ ကျောင်းထား စားရိတ်ထောက်ပံ့တဲ့ အတွက် သူလုပ်အားခငွေက ဖြူစင်ပြီး စိတ်သန့်တဲ့ အတွက် ကျေနပ်မိတယ်တဲ့လေ..... သူပြောတာမှန်သလိုလိုနဲ့ တိုင်းပြည်အတွက် ရင်လေးစရာပေါ့....

ကျွန်တော်တို့ နိုင်ငံမှာ ညံ့ဖျင်းတဲ့ အာဏာရှင်တွေရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ စာရိတ္တတွေ တစ်နေ့ထက် တစ်နေ့ ပျက်ယွင်းလာမှုတွေပါပဲ. လာဘ်ပေး လာဘ်ယူဆိုတဲ့ အဒိန္နာဒါနာကံ ဆိုတဲ့ ကံကို မမြင်ကျတော့ပဲ ဝန်ထမ်းတစ်ယောက် ကြီးပွားဖို့ အခွင့်အလမ်းရဖို့ အတွက် အောက်ဆိုက် ကောင်းတဲ့နေရာ လာဘ်ငွေကောင်းကောင်းရတဲ့ နေရာမှာ ရတယ်ဆိုတာနဲ့ တိုင်းတာနေကြတာ စိတ်မကောင်းစရာပါပဲ.. အဓိကကတော့ တိုင်းပြည်မှာ ပညာရှင်တွေ အတွက် ထိုက်သင့်တဲ့ လစာမရတဲ့ ပြသနာပဲပေါ့.. ကျွန်တော်တို့ နိုင်ငံမှာ ကြီးပွားချမ်းသာနေတာကတော့ အဒိန္နာဒါနာကံကို ရေလဲသုံးနေတဲ့ ငရဲမကြောက်တဲ့ စစ်ဗိုလ်ချုပ်တွေပါပဲ... နိုင်ငံတကာထက်တောင် စံချိန်ကျော်ပြီး လခတွေ ကောင်းနေကြတာလေ.. အဲ့ဒီတော့ တိုင်းပြည်ကြီး တိုးတက်ပါတယ် ဆိုပြီး မျက်စိမှိတ်အော်နေကြတာပေါ့..

ကိုဒီမိုရေ အရင်ကျွန်တော်သိတဲ့ ကျန်းမာရေးဝန်ကြီးဋ္ဌာနက ညွန်မှုးဗိုလ်မှုးကြီးဆိုရင် ဆေးပါမစ် တင်သွင်းခွင့် သူ့လက်မှတ်ရဖို့အတွက် စီပွားရေးလုပ်ငန်းရှင်တွေက လာဘ်ပေး တဲ့ငွေ ဘယ်လောက်များလဲဆိုရင်.. အိတ်ကြီးအိတ်ငယ်နဲ့ ငွေတွေကို မိသားစုတွေ ညကနေ ထိုင်ရေတွက်တာ မနက်ထိ မပြီးဘူးလေ.. ကိုယ်ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာလေ။ လုပ်ငန်းရှင်တွေက ပေးလိုက်တဲ့ငွေတွေ ဆိုတာလည်း ကျွန်တော်တို့ ပြည်သူတွေအပေါ်မှာ စားရိတ်တွေတိုးယူမယ့် ငွေတွေပါပဲ...

ကိုဒီမိုရေ နောက်တစ်ခု ကျွန်တော်တာဝန်ကျခဲ့ဘူးတဲ့ မြန်မာပြည်က စားသောက်ကုန်၊ ဆေး စတာတွေကို သုတေသနပြုပြီး စားသုံးသင့်မသင့် ထုတ်ပြန်ခဲ့ရတဲ့ နေရာဋ္ဌာနက အတွေ့အကြုံတွေကို ဆက်ရေးပို့လိုက်ပါဦးမယ်.. အဲ့ဒီတုန်းက ပြည်သူလူထု စားသုံးရန် မသင့်တဲ့ စားသောက်ကုန်တွေ ဆေးတွေရဲ့ လုပ်ငန်းတွေ တံဆိပ်တွေကို သုတေသနပြုပြီး မြန်မာ့ရုပ်မြင်သံကြားကို ည၈နာရီ သတင်းမထုတ်ပြန်ခင် မိနစ်ပိုင်းအလို သွားပို့ရတယ်လေ.. ကြားဖြတ်သတင်းဆိုတော့ မြန်မာ့အသံကလည်း သိပ်အမြင်မကြည်ဘူးပေါ့.. နောက်စီးပွားရေး သမားတွေ လုပ်ငန်းရှင်တွေဆီကို သတင်း မပေါက်ကြားအောင် သိုသိုသိပ်သိပ်လုပ်ပြီး ထုတ်ပြန်ရတာလေ. အဲ့ဒီမှာ နောက်ဆုံးကြေငြာပြီးလို့ သတင်းထွက်လာတဲ့ အခါမှာ အဓိက ပြသနာတက်တာကတော့ တားမြစ်တဲ့ စားသုံးကုန် တံဆိပ်တွေထဲမှာ ဗိုလ်ချုပ်တွေရဲ့ လုပ်ငန်းတွေ ပါလာတဲ့အခါမှာ ထိပ်တိုက်တွေ့ပြီး ဇယားတွေ ရှုပ်ကုန်တော့တာပါပဲ.. အာဏာကို အလွဲသုံးစားလုပ်တဲ့ ဖြစ်ရပ်တွေ ဖိအားပေးမှုတွေ ခံရတော့တာပါပဲ.. နောက်မှ အသေးစိတ် ရေးပို့လိုက်ပါဦးမယ်... ။

လေးစားစွာဖြင့်..
ပြည်သူ့ဝန်ထမ်းတစ်ဦး..

မြန်မာပြည်က ဝီစကီ အရက်တု အချိုရည်အတု အမွှေးတိုင်အတု တွေပြုလုပ်ပုံအကြောင်း ပေးပို့လာတာကိုလည်း ဆက်လက်ဖော်ပြပေးပါမည်...