ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရွှေညဝါဆရာတော်ကြီးအား နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့မှ အရေးယူဆောင်ရွက်ရန် မတရား ထုတ်ပြန်ကြေငြာချက်..

၂၀၁၁ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရဲ့ ထုတ်ပြန်ကြေငြာချက်ပါ..

အကြောင်းအရာ.... ရွှေညဝါဆရာတော်အား အရေးယူဆောင်ရွက်ရန်ကိစ္စ
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင် မြို့နယ် သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စ တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ ၂၈ရက် ၁၁လ ၂၀၁၁ခုနှစ်၌ ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီအစည်းအဝေးက ဖော်ပြလတ္တံပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်..။

ဆုံးဖြတ်ချက်....

ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍

(က) ရွှေညဝါဆရာတော် ဦးပညာသီဟအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပိုင် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်..။

(ခ) သံဃအဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးဖြတ်သည်ကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်။

(ဂ) နိုင်ငံတော် သံဃမဟာနာယအဖွဲ့၏ ခွင့်ပြုချက်မရပဲ မည်သည့်ပုဂ္ဂိုလ်မှ သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမျှ ဖွင့်လှစ် ဆောင်ရွက်ခြင်းမပြုရန်။

သို့ဖြစ်ပါ၍ အထက်ပါ အပိုဒ်(၁)ပါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရေး ရန်ကုန်တိုင်း ဒေသကြီး သာသနာရားသို့ ဆက်လက်ညွှန်ကြား ဆောင်ရွက်သွားပါရန်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ပြန်လည်တင်ပြရန် အကြောင်းကြား လျှောက်ထားအပ်ပါသည်..။

ဘဒ္ဒန္တဝါယမ
အဂ္ဂမဟာပဏ္ဍိတ
တွဲဖက်အကျိုးတော်ဆောင် ဆရာတော်

စာမှိန်နေတဲ့ အတွက် ပြန်လည် ရေးသားဖော်ပြလိုက်ပါတယ်...။ အမျိုးဘာသာ သာသနာအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ရွှေညဝါဆရာတော်ကြီးအား ယင်းကဲ့သို့ မတရားဖိနှိပ်မှုအား ဝန်းရံပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်..။

ဒုဗ္ဗစ ပုဂ္ဂိုလ်ဆိုတာ (ဆိုဆုံးမရခက်သော ပုဂ္ဂိုလ်) ဖြစ်ကြောင်း ဒီပဲယင်း အရေးအခင်းအပြီးမှာ အာဏာပိုင်များအား ရည်ညွှန်းပြီး သီတဂူဆရာတော်ကြီး ဟောကြားတော်မူတာ နာယူဘူးပါတယ်..။ ဒီအတိုင်းဆို ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်း သံဃာတော်များအား ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နှင်းခဲ့တဲ့ အာဏာရှင် စစ်အုပ်စုကို အဘယ်ကြောင့် ဒုဗ္ဗစပုဂ္ဂိုလ် (ဆိုဆုံးမရခက်သော ပုဂ္ဂိုလ်)များအဖြစ် မသတ်မှတ်၊ မရှောင်ကျဉ် ခဲ့ကြပါသလဲဆိုတာ ဖြေရှင်းပေးကြပါရန် ယခုကိစ္စမှာ ဆုံးဖြတ်ချက်ချခဲ့ကြတဲ့ သံဃာတော် အရှင်သူမြတ်များအား ရိုသေစွာ လျှောက်ထားအပ်ပါတယ် ဘုရား..။



မန္တလေးတိုင်း အဖွဲ့ချုပ်ရုံးမှာ ဟောကြားခဲ့တဲ့ ညီညွတ်ရေးတရားတော်.. ရုပ်သံဖိုင်.
(ရိုးရိုးလေးပါ သေချာနာယူကြည့်ကြပါ)
နောက်ဆက်တွဲ သတင်း

မနက်ဖြန် နေ့လည် ၁နာရီမှာ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌဗန်းမော်ဆရာတော်ဘုရားကြီးနဲ့ ရွှေညဝါဆရာတော်တို့ တွေ့ဆုံပါမည်။ အဆိုပါ ၄၇ဦး စုံညီ ဆုံးဖြတ်သည့်နေ့၌ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌဗန်းမော်ဆရာတော်ဘုရားကြီး ဆွမ်းစားကြွနေသည့်အတွက် မပါရှိကြောင်းသိရှိရပါသည်..။

ယနေ့ အဆိုပါသတင်းအား ဗန်းမော်ဆရာတော်ဘုရားကြီး ကြားသိသည့်အတွက် အထူးစိတ်မကောင်း ဖြစ်နေပြီး မနက်ဖြန်မှာ ရွှေညဝါဆရာတော်အား တွေ့ဆုံမှာဖြစ်ပါတယ်..။ ရွှေညဝါဆရာတော်ကြီးဟာ ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့ တပည့်ရင်းဖြစ်ပြီး ရွှေညဝါဆရာတော် အကျိုးတော်ဆောင်ချုပ်အဖြစ် ဦးစီးလုပ်ဆောင်နေတဲ့ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရဲ့ အဓိပတိဆရာတော်ကတော့ ယခုသံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး ဖြစ်ပါတယ်..။