ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပဋိပက္ခများကို အချိန်မဆိုင်း ဖြေရှင်းရန် အရေးကြီး... (The Voice Weekly အယ်ဒီတာ့အာဘော်)

ပဋိပက္ခများကို အချိန်မဆိုင်း ဖြေရှင်းရန် အရေးကြီး
............................................................
(ဧပြီလ ၈ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ ပါ Editorial)

မကြာသေးခင်ရက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံတွင် ရေပိုင်နက်ကျော် ငါးဖမ်းသည့် မြန်မာဆယ့်တစ်ဦးနှင့် တရားမဝင်ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို အင်ဒိုနီးရှားအာဏာပိုင်များက ဖမ်းဆီးကာ ဒုက္ခသည်စခန်းတစ်ခု အတွင်း အတူထားခဲ့ရာမှ ခိုက်ရန် ဖြစ်ပွားပြီး မြန်မာဆယ်ဦး သေဆုံးသွားကြောင်း အင်ဒိုနီးရှားသတင်း မီဒီယာများနှင့် နိုင်ငံတကာသတင်း အေဂျင်စီများ၏ သတင်းရေးသားချက် အရ သိရသည်။ မြန်မာနိုင်ငံအစိုးရ တာဝန်ရှိသူများ ကလည်း ရန်ကုန်မြို့တော် အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံရုံးမှ တာဝန်ရှိသူများကို ဆင့်ခေါ်ကာ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အလေးထား ဆောင်ရွက်ပေးရန် အလေးအနက် အသိပေးခဲ့သည်။

အဆိုပါဖြစ်စဉ်ကို စေ့ငုစွာ လေ့လာကြည့်လျှင် မေးခွန်းထုတ်စရာများ ထွက်ပေါ်လာသည်။ အင်ဒိုနီးရှားတွင် အလုပ်လုပ်ရန် တရားမဝင် ဝင်ရောက်သူများ မဟုတ်ကြဘဲ ရေပိုင်နက်ကျော်ငါးဖမ်းသည့် မြန်မာနိုင်ငံသား ဆယ့်တစ်ဦးနှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးကို အဘယ်ကြောင့် အကြောင်းမကြား သနည်း။ အကြောင်းကြောင်းကြောင့် ချက်ချင်း အကြောင်းမကြား နိုင်လျှင်ပင် ၄င်းတို့ကို သီးခြား ထိန်းသိမ်းထားရမည်ဖြစ်သည်။ အင်ဒိုနီးရှား အာဏာပိုင်တို့သည် ၄င်းတို့နိုင်ငံအတွင်း အလုပ်လုပ်ရန် ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် ဘာ့ကြောင့် ရောနှောထားရသနည်း။ နိုင်ငံတကာ မီဒီယာများတွင်ရော အင်ဒိုနီးရှားမီဒီယာ များတွင်ပါ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်ဘာသာအကြား ပဋိပက္ခဖြစ်ပွားနေသည့် သတင်းများ လတ်တလော ထင်ရှားစွာ ဖော်ပြနေသည့် ကြားက ဗုဒ္ဓဘာသာ မြန်မာဆယ့်တစ်ဦးနှင့် ရာချီရှိနေသော မွတ်ဆလင်ဘာသာဝင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို ဒုက္ခသည်စခန်းတွင် အတူထားရှိ ခြင်းမှာ အဘယ်ကြောင့်ပါနည်း။

အင်ဒိုနီးရှားအစိုးရ အနေနှင့် သေဆုံးသူ မြန်မာနိုင်ငံသား ဆယ်ဦးအတွက် ဝမ်းနည်းကြောင်း ဖော်ပြရုံဖြင့် သေဆုံးသွားသူများ အတွက် လုံလောက်သော နှစ်သိမ့်မှုဟု မယူဆစေလိုပေ။ သေဆုံးမှု ဖြစ်ပွားရခြင်း အကြောင်းအရင်းကို သေချာစွာ စုံစမ်းဖော်ထုတ်ပြီး ကျူးလွန်ခဲ့သူများကို တရားဥပဒေအရ အရေးယူ အပြစ်ပေးရမည် ဖြစ်သည်။ ထို့အပြင် သက်ဆိုင်ရာ နှစ်နိုင်ငံတွင် ဘာသာရေး အကြောင်းပြု၍ ပဋိပက္ခဖြစ်ပွားနေသော တရားမဝင်ခိုးဝင်သူ မဟုတ်သူ မြန်မာဆယ့်တစ်ဦးနှင့် အလုပ်လုပ်ရန် ခိုးဝင်လာသော ရာနှင့်ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ အတူ ပေါင်းထည့်ထားရန် စီစဉ်ညွှန်ကြားသည့် အင်ဒိုနီးရှား တာဝန်ရှိသူများ ကိုလည်း စုံစမ်း စစ်ဆေးကာ ဖြစ်ပျက်ခဲ့သည်များ အတွက် တာဝန်ယူသည့်အနေနှင့် လုံလောက်သည့် အပြစ်ဒဏ်ကို ခံယူရမည်ဖြစ်သည်။ ထို့အပြင် သေဆုံးသွားသော မြန်မာနိုင်ငံသား ဆယ်ဦးနှင့် မိသားစု ဆွေမျိုး သားချင်းများကို ဝန်ချတောင်းပန်ရမည် ဖြစ်သည်။ ဤအချက်မှာ ယဉ်ကျေးသော လူ့အဖွဲ့အစည်းများ ပြုသင့်ပြုအပ်သည့် နောက်ဆက်တွဲ တာဝန်ယူမှုပင်ဖြစ်သည်။

ဒီမိုကရေစီ အသွင်ပြောင်းစ မြန်မာနိုင်ငံသည် စင်စစ်အားဖြင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းနေသည့် အင်ဒိုနီးရှားနိုင်ငံနှင့် များစွာဆင်တူသည်။ နှစ်နိုင်ငံအကြားတွင် အာဆီယံအဖွဲ့ကြီး မှတစ်ဆင့် သော်လည်းကောင်း၊ တိုက်ရိုက်သော် လည်းကောင်း ချစ်ကြည်ရင်းနှီးမှု၊ အားပေးကူညီမှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့ နှစ်ရှည်လများရှိနေခဲ့သော နိုင်ငံနှစ်နိုင်ငံ ဖြစ်သည်။ ဘာသာရေးကို အကြောင်းပြု ၍ ရန်ငြှိုးရန်စမွေးကာ နှစ်နိုင်ငံ ပြည်သူအကြား၊ နှစ်နိုင်ငံအစိုးရများ အကြား၊ ဘာသာနှစ်ခုအကြား အမုန်းမီးပွားစေရန် တမင်ရည်ရွယ် ဖန်တီးလာနိုင်သော အထက် ဖော်ပြပါ ပြဿနာမျိုးကို အထူးအလေးဂရုထားကာ ယခုချက်ချင်း အချိန်မဆိုင်း ငြိမ်းချမ်းစွာ ဖြေရှင်းကြ စေလိုကြောင်း The Voice က အလေးအနက် တိုက်တွန်းအပ်ပေသည်။

အယ်ဒီတာ(၇-၄-၂၀၁၃)