ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

“ဝေဖန်မယ်ဗျို့ ”

ယနေ့ ထွန်းသစ်လာတဲ့ မြန်မာပြည်ရဲ့ ပုဂ္ဂလိက သတင်းစာများမှ သတင်းများကို ကောက်နှုတ်တင်ပြနေတဲ့ ဆရာမင်းကြီးရန်နောင်ရဲ့ “ဝေဖန်မယ်ဗျို့ ” သို့မဟုတ် “ဒါဖတ်ပြီးမှ သတင်းစာပြန်လှန်ပါ” ရေးသားချက်ကို ဒီမိုဝေယံမှ ဖော်ပြလိုက်ရပါတယ်..။
“ဝေဖန်မယ်ဗျို့ ”
မင်းကြီးရန်နောင်

လက်ရှိချန်ပီယံကြီးပဲ နှာတစ်ဖျားသာဆဲ..

ဧပြီ ၇ရက်နေ့ ပုဂ္ဂလိက သတင်း စာတို့ တစ်ပတ်သားအရွယ် ရချိန်မှာ တော့ လက်ရှိချန်ပီယံအစိုးရ သတင်း စာတွေမှာက ကြော်ငြာရှစ်မျက်နှာ တောင် အပိုပါတဲ့ အထူးထုတ်သတင်း စာစောင်တွေအဖြစ် နှာတစ်ဖျားသာ လို့နေနိုင်ပြန်တာ မချင့်မရဲရှိရ တယ်။ မေ၃ရက်နေ့မှာ စာမျက်နှာ ၄၀များ တောင် ပါရှိလာမယ်ဆိုတဲ့ အီလဲဗင်း ကြီးလာရင်တော့ ချန်ပီယံကြီးနဲ့ နင်လားငါလား ယှဉ်နိုင်ကြလေမလား တွေးလို့အားတက်မျှော်လင့်မိ တယ်။ ဒီလိုဆိုလို့ အစိုးရသတင်းစာ တွေထက် ပုဂ်္ဂလိကတွေဘက်ကို ကျုပ် ဘက်လိုက်ချင်နေတယ်တော့ မဆိုစေ ချင်ပါဘူး။ ပွဲလှအောင်ပါ။ ကျုပ်ကို ဒွန်ကင်းလိုပွဲသွင်းသူလို့ပဲ သဘော ထားပေါ့ဗျာ။ အသည်းကောင်းလို့ ပွဲတောင်းသူတွေပဲ ဒီကနေ့ ဒီမို ကရေစီသတင်းစာကြိုးဝိုင်းပေါ် တက် လာစေချင်တာ ပွဲကောင်းကြိုက်သူ ပရိသတ်ကိုချစ်တဲ့ကျုပ်ဆန္ဒပေါ့ဗျာ။

ပြည်ထောင်စုကြီးလည်း ကြိုးကြိုးစားစားဆင်နွှဲ

ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ကိုတော့ အစဉ်အလာမပျက်ကို ဖော် ပြနေတာ တို့ပြည်ထောင်စုနေ့စဉ် သတင်းစာကြီးပါလို့ နဘေလေး ထပ်ရလေမလားဘဲ။ “အမျိုးသား ကျန်းမာရေးကွန်ရက်ဖွင့်ပွဲ ကျင်းပ အလှူငွေကျပ် သိန်းလေးထောင် ကျော်ရရှိ”ဆိုတဲ့ NLDရဲ့ အမျိုးသား ကျန်းမာရေးကွန်ရက်ဖွင့်ပွဲ သတင်း ကို တခြားသူတွေတင်ပြတဲ့သတင်း ထက် သမာသမတ်ကျကျ သတင်း ဖော်ပြနိုင်တာကို အထူးသတိပြုမိ၊ ချီးကျူးမိတယ်တကယ် (တကယ်ဆိုတာ အဟုတ် ကိုတကယ်ကြီး ချီးကျူးချင်တာပါ။ ပြည်ခိုင်ဖြိုးပါတီကြီးက ထုတ်တယ်လို့ သာဆိုကြတာ အခုလိုပြိုင်ဘက် အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သတင်းကို သတင်းကောင်းဆိုတဲ့ သတင်းအမြင် နဲ့ပဲ ဖော်ပြတာကြောင့် ပေါ့ဗျာ)။ သတင်းဓာတ်ပုံကလည်း တရုတ်သံ အမတ်ကြီးနဲ့ ဒေါ်အောင် ဆန်းစု ကြည်ပုံဆိုတော့ ပိုထူးပြီး ပိုစိတ်ဝင် စားစရာ ကောင်းရဲ့ မဟုတ်လား။

သတင်းအကျိုးပေးကောင်းတဲ့ ပုဂ်္ဂလိကသတင်းစာများ တစ်ချီတစ်မောင်း

သတင်းစာတွေက ပုဂ္ဂလိက သတင်းစာခေတ်ကို ပိုပိုသာသာ အကျိုး ပေးကောင်းနေတာကို အမိအရဖမ်း ယူနိုင်ကြဖို့ပဲ လိုမယ်မဟုတ်လား။ ကေအင်န်ယူဒုတိယဥက်္ကဋ္ဌ ကား မတော်တဆမှုသတင်း၊ ရှမ်းပြည်နယ်တွင်း တိုက်ပွဲသတင်း၊ အင်ဒိုနီး ရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွင် မြန်မာနိုင်ငံသားရှစ်ဦးသေဆုံး သတင်း၊ နိုင်ငံ့ဂုဏ်ဆောင်ကုလသမဂ်္ဂ အတွင်းရေးမှူးဟောင်း ဦးသန့် ပြတိုက်ဖွင့်လှစ်တဲ့သတင်း မနည်း မနောပါလား သတင်းချစ်သူတို့။

 ဒါ့ အပြင် နိုင်ငံသားတို့အချစ်ကို ဒေါ် အောင်ဆန်းစုကြည်နဲ့ အပြိုင်ရယူနေ နိုင်တဲ့ သမ္မတကြီးသတင်းတွေက လည်း မနည်းမနောပါပဲ။ မပြီးဆုံး သေတဲ့ ပန်းချီကားသဖွယ်လူ့အလို နတ်မလိုက်နိုင်လို့ စုတ်ချက်တွေကြမ်း နေဆဲ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းဆန္ဒပြပုံရိပ်က 2D ပန်းချီ ကားလိုတောင် ရုပ်လုံးကြွလာပြီး ထောက်ခံဆန်္ဒပြသူနဲ့ ကန့်ကွက်ဆန္ဒ ပြသူတို့ ထိပ်တိုက်တောင် ဆုံကြ သေး။ ကျပ် ၁၅၀၀တန် ဆင်းကတ် တွေ၊ လှည်းတန်းလမ်းဆုံက ခုံး ကျော်တံတားကိစ္စ၀ိဝါဒ၊ ပြည်တွင်း သတင်းတွေသာမက ပြည်တွင်းကို လာလိုက်ကြတဲ့ ကမ်္ဘာ့ ခေါင်းဆောင် တွေက တဖွဲဖွဲ။ အမေရိကန် သမ္မတဟောင်း ဂျင် မီကာတာဆိုလည်း အစိုးရရော၊ အရပ် ဘက်နဲ့ရော တွေ့ ဆုံလို့ သတင်းတွေ ဖြစ်စေရပြန်တာ။ ဒါတင်ဘဲလား။

ကမ္ဘာ့နိုင်ငံ ခေါင်းဆောင် ဟောင်းတွေထဲ စိတ်မကောင်းစရာ မာဂရက်သက် ချာဆုံးပါးရတဲ့ သတင်းတွေလည်း ကမ္ဘာ့သတင်း၊မြန်မာ့သတင်းလောက ကို လှုပ်စေတာချည်းပါပဲ။ မြင်းရောခုံရောလှုပ်နေတဲ့ သတင်း တွေကြား၊ ဆောင်းပါးတွေ သူ့ထက် ငါ တင်ဆက်ကြရာမှာ ပြည်ထောင်စု နေ့စဉ် သတင်းစာမှာ ဖော်ပြတဲ့ ဆရာအောင်ချိန်ဘွားရဲ့
''ပင်လုံက လာသည့် ဖယ်ဒရယ်ဆိုသည်မှာ''ကိုတော့ ဖတ်ကြည့်စေချင်သား။ တွေးစရာက ဆရာကြီးအောင်ချိန် ဘွားပဲ ''ပါရာစထရိုက်ကာ''ကို ပြန်စဉ်းစားစေချင်တာလား။ 'ပြည် ထောင်စုကြီးရဲ့ အယ်ဒီတာအဖွဲ့ကပဲ ပြန်လည်တွေးဆစေချင်တာလား၊ ကျုပ်ကတော့ ဟောဒီဥပမာလေး ပေး ရေးသွားတဲ့ ဆရာကြီးကိုတော့ ချီးကျူးချင်သွားတာ အမှန်ပါပဲဗျာ။'ဖယ်ဒရေးရှင်းဆိုသည်မှာ ဖယ်ဒ ရယ်အုပ်စု စုစည်းခြင်းဟု မူရင်း အဓိပ်္ပာယ်ရှိသောကြောင့် ခွဲထွက် နိုင်သည်ဟူသော အယူအဆကို ယူရန်အကြောင်းမရှိပေ။

ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်ကို ဖယ်ဒရေးရှင်း ဟုသုံးပုံ၊ မြန်မာ့ကြက်တောင်ရိုက်အ ဖွဲ့ချုပ်ကို ဖယ်ဒရေးရှင်းဟုသုံးပုံ၊ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်း ရှင် များအသင်းချုပ်ကို ဖယ်ဒရေးရှင်း ဟု သုံးပုံများကို ကြည့်ခြင်းအားဖြင့် ဖယ်ဒရေးရှင်းဆိုသည်မှာ လက် အောက်ခံအဖွဲ့ပေါင်းများစွာကို စုစည်းထားသည့် ဗဟိုအဖွဲ့ချုပ်ဟု ဆိုလိုကြောင်း ပေါ်လွင်သည်'' (ပြည် ထောင်စုနေ့စဉ် သတင်းစာအတွဲ(၁)၊ အမှတ် (၉) စာမျက်နှာ (၆)မှ)

တယ်ဆိုတဲ့စာနဲ့ သတင်းစာများဆီ 

အစိုးရရုံးပိတ်ရက်သင်္ကြန်မနားမှီ ကျုပ်လည်း ရွှေနိုင်ငံသစ်ရဲ့ ''တောင်းကို မဖေါက်၊ တောင်ကို ဖောက်သည် နေကျောက်အစစ် ရွှေနိုင်ငံသစ်''ဆိုတဲ့စာတို့၊ ''ဘဲအုပ်က တစ်ရာ၊နှစ်ရာ မဗေဒါကတစ်ပင် တည်း၊
အယက်အကန်ခံလို့ ဗေဒါပျံ အံကိုခဲ ရွှေနိုင်ငံသစ်ဆီသို့ပါပဲ'' ဆိုတဲ့ စာတို့နဲ့ တယ်စာတဲ့ဆို(အဲ..တယ်ဆို တဲ့စာ)တွေဖတ်ပြီး နဘေလေးတွေ ရေးလိုက်ချင်မိတာပါဗျ။

''ခါသင်္ကြန် ရေသဘင်ပွဲ နွှဲကြမယ်ပျော်ပျော် ကောလာဟလတွေ ရှိပေမယ့်နော် သင်္ကြန်စည်မှာပါ''ဆိုတဲ့ အတွဲ (၁)၊ အမှတ်(၁၁)ရောက် ၁၁ရက်မြောက် ရွှေနိုင်ငံသစ်သတင်းစာမျက်နှာဖုံး ကြောင့် ရင်အေးမိတာအမှန်ပဲ။ ပြည်သူတွေထိတ်ထိတ်လန့်လန့်ဖြစ်မှ အဲဒီလိုဖြစ်အောင် မထိတ်သာ မလန့် သာလုပ်လိုက်ရမှ ၊ လှုပ်လိုက်ရမှဆို တာ သတင်းစာကျင့်ဝတ်နဲ့ ညီ၊မညီ ဆိုတာ ကျုပ်မပြောလို၊ မဆွေးနွေး လိုသေးတာက ဒီကနေ့ ပုဂ္ဂလိက သတင်းစာတွေလုပ်လိုက်မှ ကြီးတဲ့ အမှုမငယ်ဘဲ သောက်ကျိုးနည်း သွား စေတယ်ဆိုတဲ့ စွပ်စွဲချက်ကြီးတွေ မပေါ်စေချင်တဲ့ဆန္ဒကြောင့်ပဲ။

 လက်စွမ်းမပြရသေးဘဲ စည်းကမ်း မညီလို့ တစ်ဖက်ကို ဒိုင်ပွဲရပ် အနိုင် ပေးလိုက်ရတာမျိုး မဖြစ်စေချင်လို့ပဲ လေ။ ကဲမဟုတ်က မဟတ်က ပုံကြီး ချဲ့ရေးတာမျိုးကို အားကစားပွဲတွေရဲ့ စကားနဲ့ တားမြစ်ဆေးသုံးတယ်လို့ တင်စားဆိုမယ်လိုရင် ကျုပ်တို့ရဲ့ ပုဂ္ဂလိက သတင်းစာတွေက တားမြစ် ဆေးမသုံးဘဲ ကိုယ့်စွမ်းကိုယ်စနဲ့ပဲ ယှဉ်ပြိုင်အနိုင်ရစေချင်တာကိုး။

ဥပမာ AGD ဘဏ်က စီစဉ်တဲ့ Iron Cross တီးဝိုင်းနဲ့ ဖျော်ဖြေမယ့် ရေကစား မဏ္ဍပ်နဲ့အတူ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ၏မြေးဖြစ်သူ ဖိုးလပြည့် စီစဉ်သည့် Channel -5ရေကစား မဏ္ဍပ်ဆိုတာကို စာအတွင်းထဲမှာ ပဲရေးပြီးထားတာမျိုးက ဖွချင်စိတ် အလျဉ်းမပါဘဲ သတင်းပေးတင်ပြတာ သက် သက်ဆိုတဲ့ သတင်းတင်ပြပုံကို ထင်ရှားစေမိတယ်။

 ခေါင်းစည်းကြီး ဟည်းအောင်တပ်ပြီး ဖွမထားတာကို က ဂျာနယ်လစ်ဘိုဘိုးကြီးရဲ့ ကျင့် ၀တ်နဲ့ စေတနာဖြစ်မယ်။ အမှတ်၁၂ မှာ''ရွေရတုနှစ်၅၀က မိုးကြိုး၊ ယနေ့ရွှေနိုင်ငံတော် သတင်းစာက သယ်ပိုးသည်''ဆိုတဲ့အဖုံးကြိုက် ပေမယ့် ဘိုးဘိုးကြီးကို အကြံပြုချင် တာက ဆောင်းပါးစာမူတွေကို ပင် တိုင်ကဏ္ဍဆိုရင် ပုံမှန်ဘယ်ရက် ဖော်ပြမယ်ဆိုတာ ပရိသတ်ကို အသိပေး စေချင်တယ်။

ဥပမာ ဆရာမဂျေရဲ့စာ ''မာဂျေက ဒါတွေ ပြောချင်တယ်'' ဆိုတဲ့ကဏ္ဍကိုဘယ်နေ့ဖော်ပြမယ် ဆိုတာမျိုးလေးနဲ့ ဆရာခင်မောင်မြင့် စစ်ကိုင်းရဲ့ မတူညီနိုင်သည့် လူ့အခွင့်အရေး (၁၅)၊''အာဆီယံနှင့် လူ့ အခွင့်အရေး''ကို ဆယ်စောင်မြောက် မှာ ဖတ်ရပြီး မတူညီနိုင်သည့် လူ့အ ခွင့်အရေး (၁၆) ''မြန်မာနိုင်ငံ၏ လူ့ အခွင့်အရေးဆုံးရှုံးမှု၏ တောင်းဆိုမှု အဆင့်များ''ကို ဆယ့်တစ်စောင် မြောက်မှာ ဖတ်ရပေမယ့် နောက်နေ့ဆက်ဦးမှာလား အခန်း ဆက်လား၊ နေ့စဉ်ဖော်ပြမှာလားဆို တာ ကြိုတင်ရှင်းပြအပ်စေချင်တာပါခင်ဗျာ။

သင်္ကြန်မှာအကြံထုတ်ရင်း ပြင်ဆင်အား ထုတ်နိုင်လိမ့်မယ် မျှော်လင့်

စံတော်ချိန်နဲ့The Voice Daily တို့ကတော့ သတင်းစာ၊ ဂျာနယ်ဗန်းခင်းထဲမှာ နေ့စဉ်မျက်နှာပန်းလှဖို့ အပြိုင်အားထုတ် ကြိုးစားနေ ကြောင်း သတင်းတွေက သက်သေ ပြလို့ နေပါတယ်။ သို့ပေမယ့် သတင်း တွေက ရှေးယခင်ကာလကလို တစ် ဦးတည်းတောင် သိရခက်နိုင်တဲ့ သံ ကွန်ချာခုနှစ်ထပ်အောက်ကနေ သတင်း တူးဆွဖော်ထုတ်ကြရတဲ့ ခေတ်မဟုတ် လေတော့ကာ တစ်စောင်နဲ့တစ် စောင်သာအောင် ကြိုးစားရတာ မလူးသာမလွန့်သာ ပိုမိုကျဉ်းကျပ် လွန်းပုံ ရှိကြပါတယ်။

''ထိုင်း-မြန်မာ နယ်စပ်၌ တိုက်ပွဲမဖြစ်ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ရှင်းလင်း ပြောကြား''ဆိုတဲ့ ခေါင်းစဉ်မျိုး ''ဒီမို ကရေစီ အလေ့အကျင့်ကောင်းများ ကျောင်းသားဘ၀ကတည်းက သင် ကြား''ဆိုတဲ့ ခေါင်းမျိုးထက် ပရိသတ် စိတ်ကို လှုံ့ဆော်ဖမ်းစားနိုင်တာကို စံတော် ချိန်နေ့စဉ်က ဧပြီ ၁၁ရက်မှ ၂၃ ရက် နေ့အထိ အနားယူရင်း ပြင်ဆင်အား ထုတ်နိုင်လိမ့်မယ်ဆိုတာ ယုံကြည် မျှော်လင့်နေမိပါတယ်။

 သြော်... (ဆရာတက္ကသိုလ်စိန်တင် လေသံအတုခိုးလိုက်တာ) သင်္ကြန် မတိုင်မီထုတ်ခဲ့တဲ့ စံတော်ချိန်အတွဲ (၁)၊ အမှတ်(၉) စာမျက်နှာ (၆)မှာ အမှတ်တရကဏ္ဍအဖြစ် ဖော်ပြတဲ့ ဆရာတက္ကသိုလ်စိန်တင်ရဲ့ ''အမြန်ဆုံးသတင်းစာသင်တန်း'' ဆောင်း ပါးကိုတော့ ကျုပ် လွှတ်သဘောကျ လွန်းလို့ ဆောင်းပါးအဆုံးက စာကြွင်းကို စာမြည်းထုတ်ဖော်ပြချင် မိတယ်။အဲဒါက ''(စာကြွင်း) မကြာမီက ဂျာနယ်တစ်စောင်တွင် ၈၈မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင်တို့အဖွဲ့ သတင်းစာရှင်းလင်းပွဲ သတင်းတစ် ပုဒ်ဖော်ပြခဲ့သည်။

 စိတ်ဝင်စားသဖြင့် ဖတ်ရှုကြည့်သောအခါ အထက်ပါ ဆရာဦးသောင်းပို့ချပေးလိုက်သော စာသားဘကုန်းခြောက်လုံးနှင့် မစုံ လင်ဘဲ ရေးထည့်လိုက်သည်။ ဂျာနယ်တိုက်ကို ဖုန်းဆက်မေးကြည့် တော့ ရန်ကုန်မြို့ မြေနီကုန်း ဒဂုံစင် တာ၌ ယမန်နေ့ မွန်းလွဲ ၁နာရီ တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ ဖြစ်ကြောင်း ပြန်ဖြေလေသည်။

 သြော်..သတင်းစာပညာ ၀မ်းစာ မပြည့်ဘဲ ဂျာနယ်လစ် လုပ်ချင်သူ တွေ သင်ခန်းစာယူရန်ပါတည်း''တဲ့လေ။ မည်သို့ဆိုစေ တစ်ပတ်မှာ ဂျာနယ်ထွက်ရက် သတင်းစာတစ်ရက်နားတဲ့The voice Dailyကတော့ အမှတ်(၇) ကနေ သင်္ကြန်ကာလ အစိုးရရုံးပိတ်ရက် မတိုင်မီထိ အသံတွေညံအောင်ကြိုးစားဖော်ပြ နိုင်တာ သေချာပါရဲ့ ။
သင်္ကြန်ပြီးရင် ပြန်ဆုံကြသေးရဲ့။

မင်းကြီးရန်နောင်