ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နတ်နဲ့ နဂါး မလှည့်စားပါနဲ့ ဆိုတာထက် နတ်၊ နဂါးနဲ့ မလှည့်ဖျားပါနဲ့..

နတ်နဲ့ နဂါး မလှည့်စားပါနဲ့ ဆိုတာထက် နတ်၊ နဂါးနဲ့ မလှည့်ဖျားပါနဲ့..

မြန်မာလူမျိုးတွေ မကြာခဏ ပြောနေကျ၊ ကြားနေကျ စကားဖြစ်တဲ့ နတ်နဲ့ နဂါး မလှည့်စားနဲ့တဲ့..
ဆိုလိုတာက နတ်နဲ့ နဂါးကို ကတိကဝက် ပေးပြီးရင် မဖျက်နဲ့ ဆိုလေသလား။ မမြင်ရတဲ့ အရာကို ပျက်ရယ် မပြုသင့်ဟု ဆိုလေသလား၊
ယနေ့ မြန်မာ့နည်း မြန်မာဟန်နဲ့ ဓမ္မစေတီမင်း ခေါင်းလောင်း ဆယ်ယူရာမှာ ဝိဇ္ဇာနဲ့ သိပ္ပံ အားပြိုင်လေသလား ဂမ္ဘီရနဲ့ လောကဓာတ်ပညာ အားပြိုင်လေသလား..

သို့ပေတည့် ယနေ့ အရပ်သား အစိုးရ လက်ထက်မှာတော့ အစိုးရနဲ့ အတိုက်အခံ ဆိုတာထက်.. ပြည်သူအချင်းချင်း ကဏ္ဍအသီးသီးမှာ သွေးကွဲတာကတော့ ပိတ်ကားပေါ်မှာ ကွင်းကွင်းကွက်ကွက် ကိုမြင်နေရသည်။ ပယောဂပါတာက အကြောင်းမဟုတ် ခေတ်လူငယ်များ၏ အမြင်တွင် ဂမ္ဘီရ၊ ဝိဇ္ဇာနှင့် ဗုဒ္ဓဘာသာ အပေါ် အရောရော အထွေးထွေးဖြစ်ကာ ဘာသာတရားအပေါ် အထင်မှား အမြင်မှား ဖြစ်ကြမှာ အထူးစိုးရိမ်စရာပင်ဖြစ်သည်..။

ယခုရှာဖွေ တွေ့ရှိထားပါသည် ဆိုသော နိုင်ငံတကာက စောင့်ကြည့်နေသည့် ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူသည့် အချိန်တွင် ထင်ထားသည့်အတိုင်း မဟုတ်ပဲ.. အခြားသောအရာဝတ္ထုတခု ဖြစ်ခဲ့ပါသော် မဆယ်မှီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားသော စကားကျွံပြောဆို မှုများအတွက် ပေးဆပ်ရမှာ ဖြစ်သလို မြန်မာပြည်မှ ဝိဇ္ဇာယုံကြည်သူများ အတွက် အရှက်ကွဲ၊ အရှက်ရဖွယ် ဖြစ်ပြီး မြန်မာပြည်သူများ အတွက်လည်း အရှက်ရဖွယ်ဖြစ်သည်။ ဘာသာတရားနှင့်ပါ အရောရော အထွေးထွေး လူအထင်သေးစရာ ဖြစ်ပေမည်...။ နိုင်ငံတကာမှာလည်း ပြောစရာ အဖြစ်ကျန်ခဲ့ပေမည်။ ဆယ်ယူသူများ အတွက်မူ ပြောဖွယ် ဆိုဖွယ်မရှိပေ..

ထိုသို့ မဟုတ်ပဲ အမှန်တကယ် ဆယ်ယူရရှိခဲ့ပါသော်... မြန်မာပြည်၏ အခြေအနေသည် တန်ခိုးရှင်၊ နတ်၊ နဂါး၊ ဝိဇ္ဇာ အပေါင်းတို့၏ အောက်၌ ပြားပြားဝပ်ရပြီး အရည်းကြီးခေတ် တခေတ် ပြန်ထလာမည်ကိုလည်း စိုးရိမ်စရာပင် ဖြစ်သည်။ ခေါင်းလောင်းနှင့် မြှောက်ပြီး နတ်နဂါးနှင့် ခြောက်ကျပေတော့မည်...။ တန်ခိုးရှင် အားကိုးစိတ်များ ခေါင်းထောင် လာပေတော့မည်...။ တိုင်းပြည် အတွက်လည်း ရင်လေးစရာ ဖြစ်သည်။ ခေါင်းလောင်းတော်ကြီး ဆိုပြီး ဘုရားကို ခေါင်းလောင်း ကွယ်ကာ ဆီးမီး၊ ဖယောင်းထွန်း ပူဇော်ကန်တော့ ကြမည့် ဂိုဏ်းအဖွဲ့အစည်းများ ပေါ်ပေါက်လာမည်မှာ ဆိုဘွယ် မရှိပေ။

ထိုသို့ မဟုတ်ပါက ယုံကြည်သူနဲ့ မယုံကြည်သူများ ပဋိပက္ခ ဖြစ်လာနိုင်သည့် အတွက် မိမိနိုင်ငံ အတွက် ဘယ်ဘက်ဘက်က ကြည့်ကြည့် အရှုံးပင် ဖြစ်နိုင်သလို ဘာသာ တရားအတွက်လည်း အနှုတ်လက္ခဏာ ဖြစ်လာဖို့ပင် ရှိတော့သည်။

မမြင်ရသော အရာကို မရှိဟု မဆိုလို။ အနေအထား တခုအထိ မိမိဥာဏ် မမှီသည့် အရာကို မယုံကြည်ဟုလည်း မပြောလို...။ တကယ် တွေ့ရှိခဲ့သည် ဆိုဦး မြန်မာ့နည်း မြန်မာဟန် ထုံးတမ်းစဉ်လာကိုလည်း မပယ်။ သိပ္ပံနည်းလည်း အသုံးပြု အညမည ပေါင်းစည်း ဆယ်ယူလျှင် မဖြစ်နိုင်ပေဘူးလား။ နည်းပညာ အကူအညီနှင့် မြန်မာ့နည်း မြန်မာ့ဟန် ထုံးတမ်းစဉ်လာ ပေါင်းစပ် ဆယ်ယူရရှိခဲ့သော် သိပ္ပံဘက်သမား ထောက်ခံသူ အတွက်ရော ဝိဇ္ဖာ ဘက်သမားထောက် ခံသူအတွက်ပါ စိတ်ဝမ်းကွဲစရာ မဖြစ်နိုင်တော့ပေ။

ယခုကဲ့သို့ ခေါင်လောင်း မဆယ်မှီကပင် နှုတ်ကျွံ့၊ စကားကျွံ့ခဲ့မှုများ မှသည် နောက်ဆုံး တွေ့ရှိပြီဟု ကြေငြာခဲ့သည့် အချိန်မှာပင် ထပ်ဆင့်လောင်း၍ ကျွန်တော်တို့ မသိသော နာမ်လောကကို ထပ်မံ အတည်ပြုပေးခဲ့သလို ကြေငြာခဲ့သည်။ နတ်နှင့် နဂါး မလှည့်စားနှင့် ဆိုတာထက် ကျွန်တော်တို့ နိုင်ငံလည်း အာဏာရှင်က တဖုံ၊ နတ်နဂါးနှင့် အစုံ အကြီးအကဲ ဆိုသူတွေ လှည့်စား လှည့်ဖြားခဲ့လို့ အရှေ့တောင် အာရှမှာပင် အောက်ဆုံး အဆင့် နိုင်ငံများနှင့် အတူရပ်တည် နေခဲ့ရပြီး ဖြစ်သည်။

နတ်နှင့် မြှောက်ပြီး နဂါးနှင့် မခြောက်ဖို့ နတ်၊ နဂါးနဲ့ မလှည့်ဖျားဖို့ မိမိနှင့် မဆိုင်သလို မိမိနှင့် မသက်ဆိုင်သလို မိမိဘက် မလှည့်လျှင် ပြီးရောဆိုပြီး လွှတ်မထားဖို့ ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံမှ အကြီးအကဲ ဆိုသူများအား တိုက်တွန်းအပ်ပေသည်။

ဒီမိုဝေယံ