ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မဲဆောက်မြို့ မိတ်ဆွေကောင်း စာကြည့်တိုက်မှ ကြီးမှူးကျင်းပတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံ စကားပြော စွမ်းရည်ပြိုင်ပွဲ (သတင်း၊ ဓာတ်ပုံ)

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံ စကားပြောစွမ်းရည်ပြိုင်ပွဲ ကို မိတ်ဆွေကောင်း စာကြည့်တိုက်မှ ကြီးမှူးကျင်းပ ပေးခဲ့ပါသည်။ ကျင်းပပေးရခြင်းရဲ့ ရည်ရွယ်ချက်မှာ ကျောင်းသူ ကျောင်းသားများ လူအများရှေ့ထွက်ကာ မိမိပြောချင်တာကို မကြောက် မရွံပြောရဲဆိုရဲ ပြောတတ်ဆိုတတ် ရဲစွမ်းသတ္တိများ ပြည့်ဝလာကာ တိုင်းပြည်ကို လွတ်လပ်ရေးရအောင်ယူပေးခဲ့သော ဗိုလ်ချုပ်အောင် ဆန်းတို့လို တိုင်းပြည်ခေါင်းဆောင်များပေါ်ထွက်လာဖို့ ရည်ရွယ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်မှာ ကျောင်းသားတွေအတွက် စကားပြောပြိုင်ပွဲတွေ စကားရည်လုပွဲတွေ စာပေပြိုင်ပွဲတွေ ရှိခဲ့ကြပါတယ်။ ဒါကြောင့်လဲ သူတို့ခေတ်ကျောင်းသားတွေကို ကြည့် ရင်တကယ့်ကိုလူတော် တွေများနေတာကိုတွေ့ရပါတယ်။  ဦးနုကိုယ်တိုင် သူရေးတဲ့တာတေ စနေသားစာအုပ်ထဲမှာ သူနဲ့ပြိုင်ဘက် စကားပြောကောင်းတဲ့ ကောင်မလေးကို အားကျကာ ကြိုးစားရင်း စကားပြောစွမ်းရည်တွေ တက်လာတာကို ဖတ်ရပါတယ်။ အခုနောက်ပိုင်း ကျောင်းတွေမှာ စကားပြောပြိုင်ပွဲတွေဟာ မရှိသလောက် ရှားပါးလာပါတယ်။ ဒါဟာကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ 

ဥပမာအားဖြင့် တင်ပြရရင် စာရေးသူတို့ ငယ်ငယ်က ခေါင်းရိတ်တဲ့အခါ သင်တုံးဓါးနဲ့ ရိတ်ရပါတယ်။ ခေါင်းရိတ်ခါနီးတိုင်း သွေးရပါတယ်။ အမြဲသွေးနေသည့် အတွက် အရမ်းပြတ် အရမ်းထက်ပါတယ်။ ဂျာမဏီကလာတဲ့ ဓါးမောက်တံဆိပ်ဆိုရင် အရမ်းကို ပြတ်တဲ့အတွက် နာမည်ကြီးပါတယ်။ စာရေးသူမှာ ဓါးမောက် ဓါးတစ်လက်ရှိပါတယ်။ ဒီနောက်ပိုင်းမှာ တစ်ခါသုံး ရယ်ဒီမိတ်ဘရိတ်ဓါးတွေကို သုံးလာပါတယ်။ ရယ်ဒီမိတ်ခေတ်ကိုရောက်လာတော့ ဘရိတ်ဓါးတွေဟာ ကျန်းမာရေးအတွက်လည်း အဆင်ပြေလာတော့ သင်တုံးဓားကို ဘယ်သူမှမသုံးတော့ပါဘူး။ ဘယ်သူမှမသုံးတော့ သူကို ဘယ်သူမှ အညောင်းခံ မသွေးတော့ပါဘူး။ အဲဒီတော့အရင်က သူများခေါင်း ပေါ်မှာအသုံးဝင်နေတဲ့ သင်တုံးဓါးဟာ သွေးပေးမဲ့သူ မရှိဖြစ်ကာ မြောင်းထဲ အပါယ်ခံဘ၀ ရောက်သွားရပါတယ်။ ဒါဟာသူအတွက် chance အခွင့်အရေး မရှိတော့လို့ဘဲ ဖြစ်ပါတယ်။ သက်မဲ့ပစ္စည်းဟာ သူ့အတွက် အခွင့်ရေးမရှိတော့လို့ မြောင်းထဲရောက်သွားတာ ဘာမှမဆန်းပေမဲ့ သက်ရှိဖြစ်တဲ့ လူသားတွေ အခွင့်အရေးကို ကိုယ်တိုင် ဖန်းတီးနိုင်စွမ်းရှိတဲ့ လူသားတွေဟာ ဘာမှမဖန်တီးဘဲ မြောင်းထဲ ရောက်သွားတာတော့ အင်မတန် ၀မ်းနည်းစရာ ကောင်းလှပါတယ်။ အခွင့်အရေး chance မရှိရင် ဘာအရည်အချင်းမှ မထွက်တော့ပါဘူး။ ဒါကြောင့် အမေရိကမှာ ဘယ်လောက်ပဲအရည်အချင်းရှိရှိ သမ္မတနှစ်ကြိမ်ထက် ပိုပြီးဖြစ်ခွင့်မရှိပါဘူး။ သူသမ္မတ နေရာကိုကြာကြာထိုင်ထားရင် နောက်လူတွေအတွက် သမ္မတဖြစ်ခွင့်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။ နောက်လူတွေက သမ္မတဆိုတာ ငါနဲ့ဘာမှမဆိုင်ဘူးလို့ မြင်လာရင် သမ္မတအရည်အချင်း ပြည့်မီသူတွေ ထွက်မလာနိုင်တော့ပါဘူး။ လူငယ်တွေရဲ့ ကြိုးစားချင်စိတ်တွေကို သတ်ပြစ်လိုက်တာဟာ အနာဂါတ်ကို မြေမြုပ်သဂြိုင်္ဟ်ပစ်လိုက်ရာ ရောက်ပါတယ်။ အဲဒီတိုင်းပြည်ဟာ ဘယ်တော့မှ မကောင်းစားတော့ပါဘူး။ 

မြန်မာနိုင်ငံဟာ ဦးနေ၀င်းလက်ထက်ကနေ စပြီး ယနေ့ထိ အာဏာရှင်တွေသာ သူတို့အချင်းချင်း လက်ဆင့်ကမ်း အုပ်ချုပ်ခဲ့တာမို့ တိုင်းပြည်ခေါင်းဆောင်ဆိုတာ ငါတို့မဆိုင်ဘူးလို့ လူငယ်တွေရဲ့စိတ်ထဲမှာ မြင်ယောင်လာပါတယ်။ ဒါဟာလူငယ်တွေ အားလုံးမျိုးဆက်သစ်တွေ အားလုံးကို သတ်ပြစ်လိုက်တာပါဘဲ။ ဒါကြောင့် မျိုးဆက်သစ်တွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ဆုံးရှုံးလာပါတယ်။ မျိုးဆက်သစ်တွေရဲ့ယုံကြည်မှုတွေ ပျောက်ပျက် မသွားဖို့အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်စာရေးသူနှင့်တကွ သူငယ်ချင်းတွေဟာ မြန်မာပြည်မှာ နေစဉ်ကတည်းက စာပေ၀ိုင်းတွေ စာကြည့်တိုက်တွေ အခမဲ့ဘာသာဗေဒ သင်တန်းတွေ ကွန်ပျူတာသင်တန်းတွေ ဖွင့်ကာပညာဒါန ပေးဝေခဲ့ပါတယ်။ ၁၅ ရက်တစ်ကြိမ် စကားပြောပြိုင်ပွဲတွေ ကျပန်း စကားပြောပြိုင်ပွဲတွေ ကဗျာ ဆောင်းပါးပြိုင်ပွဲ တွေကို အခက်အခဲတွေ ကြားထဲကနေ မရရအောင် ကျင်းပပေးခဲ့ပါတယ်။ န အ ဖ စစ်အုပ်စုရဲ့ အမျိုးမျိုးဒုက္ခပေးမှုကို ရင်ဆိုင်ခဲ့ရ ပါတယ်။ ဒါပေမဲ့အကျိုး အများကြီးရှိပါတယ်။ ပြောရဲဆိုရဲ ပြောတတ်ဆိုတတ် ရဲစွမ်းသတ္တိနှင့် ပြည့်စုံတဲ့ မျိုးဆက်သစ်လူငယ်တွေ အများ ကြီးမွေးထုတ် ပေးနိုင်ခဲ့ပါတယ်။ လူငယ်တွေဟာ သူတို့အတွက် အခွင့်အရေးရှိရင် တကယ်ကြိုးစားကြတယ် ဆိုတာကို ကိုယ်တိုင်တွေ့ခဲ့ရသည့်အတွက် ရောက်လေရမှာ စာကြည့်တိုက်တွေ ထောင်ပါတယ်။ ပညာရေးနှင့်ပတ်သတ်တဲ့ သင်တန်းတွေဖွင့်ပါတယ်။ ခက်တာက လူကြီးတွေဟာ သူတို့အတွက်သာ စာပေဟောပြောပွဲတွေ ဖန်တီးပြီးကျင်းပကြပေမဲ့ ကလေးတွေအတွက် ဟောပြောပွဲတွေ ကျင်းပပေးရမယ်ဆိုတာကို မေ့နေကြတာ များပါတယ်။ မျိုးဆက်သစ် လူငယ်တွေရဲ့ ဘ၀တွေကို မေ့ထားတဲ့ ဘယ်နိုင်ငံမဆို ဘယ်တော့မှ မကောင်းပါဘူး။ ဒါကြောင့် ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့အတိုင်း မိမိတို့ဟာ လူငယ်ဘ၀က လာခဲ့ကြတယ်ဆိုတာကို မမေ့ကြဘဲ မျိုးဆက်သစ်တွေအတွက် စကားပြောခွင့် ပညာနှင့်ပတ်သက်ပြီး ယှဉ်ပြိုင်ခွင့် အခွင့်အရေးများ ဖန်တီးပေးကာ တိုင်းပြည် အတွက်အာဇာနည် မျိုးဆက်သစ်လူငယ်လေးများ မွေးထုတ်ပေးနိုင်ကြပါစေဟု ဆန္ဒပြုတိုက်တွန်းရင်း......။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)