ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကဲ....ဘာဆက်လုပ်ကြမလဲ

ကဲ....ဘာဆက်လုပ်ကြမလဲ

တရားမျှတမှု မရှိတဲ့ အခြေခံဥပဒေ ကို လက်မခံပါနဲ့ လို့ ပြည်သူလူထု အကျိုးစီးပွား ပျက်စီးမှာကို မလိုလားတဲ့ ပညာရှင်များက အမျိုးမျိုးနားချခဲ့တာ အားလုံး သိပြီးသားပါ ။ ရွေးကောက်ပွဲ ဆိုတဲ့ ရုပ်လုံးလေးမှာ ဒီမိုကရေစီဆိုတဲ့ အသံလေးပါလာတာနဲ့ ဒီလမ်းက ဒီမိုကရေစီ လမ်းစဉ်ကို ချည်းကပ်တာပါလို့ထအော်၊ ပြည်သူလူထုကို ဒီတရားမျှတမှု မရှိတဲ့ အခြေခံ ဥပဒေကြီးကို လက်ခံလာအောင် အမျိုးမျိုးဆွဲဆောင်၊ ပြည်သူလူထု အခွင့်အရေးပါဆိုပြီး အတင်းမဲပေးဖို့ စည်းရုံး ... ကဲ နောက်ဆုံး ရလဒ်ကဘာလည်း။ မတရားမှုကို မြတ်နိုးခုံမင်တဲ့ စိတ်ဓါတ်အခံ ရှိသူတွေဟာ တရားမျှတမှု ဆိုတဲ့ စကားကို ရန်သူလို သဘောထားတယ် ဆိုတာ သိသိကြီးနဲ့ ရသလောက်လေး ၀င်တိုးပါရစေ ဆိုပြီး နိုင်ငံ့အရေးကို ကလေးကစားသလို ကစား၊ မရနိုင်တော့ တိတ်တိတ်လေး လှည့်ပြန်သွားတတ်ကြတဲ့ လူစားများက ပါတီထောင်ထားတာကို အထင်ကြီး လေးစားတတ်ကြတဲ့ ပြည်သူလူထုကို အပြစ်တင် ပြောဆိုနေရင်လည်း အကြောင်းထူးလားမှ မဟုတ်ပါဘူး။ ရှေ့ကို ဘာဆက်လုပ်သင့်သလည်း ဆိုတာကို ဘဲ သေချာစွာ ပူးပေါင်းစဉ်စားပြီး အဖြေရှာကြည့်စေချင်ပါတယ် ။

ရွေးကောက်ပွဲ ကျင်းပပြီးလို့ ရက်ပေါင်း ကိုးဆယ်ကျော် အကြာမှာ ပထမအကြိမ် လွှတ်တော် ခေါ်ယူပြီးမှ အတည်ပြု ဆုံးဖြတ်ရမယ့် ကိစ္စတွေကို အခုကတည်းက သူတို့ကိုယ်တိုင် ဖောက်ဖျက်ပြီး လုပ်ချင်တိုင်း လုပ်နေတာကို ပြည်သူလူထု ကောင်းစားရေးပါလို့ ထထအော်နေကြတဲ့ ရွေးကောက်ပွဲဝင် ပါတီများက ကန့်ကွက် ပြောဆိုနေတဲ့ အသံများ ခင်ဗျာတို့ ကြားဖူးကြပြီလား ။ ပထမ အကြိမ် အလံလဲလိုက်တဲ့ကိစ္စ ၊ ဒုတိယ အကြိမ် အခွန် အသစ် ကောက်ခံမယ့်ကိစ္စ အခုလည်း လာပြန်ပြီ အသက် (၁၈ နှစ် နှင့် ၅ နှစ်ကြား ) အမျိုးသားများ နှင့် အသက် ( ၁၈နှစ် နှင့်၃၅နှစ် ) ကြား အမျိုးသမီးများ စစ်မှု မထမ်းမနေရ စနစ် တဲ့ ။ ဒီမိုကရေစီ စနစ်ကျင့်သုံးခဲ့တဲ့ နိုင်ငံတွေမှာ အရွယ်ရောက်ပြီး အမျိုးသားတိုင်း စစ်မှု မထမ်းမနေရ စနစ် ကျင့်သုံးတာ မှန်ပါတယ် ။ ဒီလို စစ်မှု မထမ်းမနေရ စနစ်ကို တကယ် စနစ်ကျစွာ ကျင့်သုံးချင်တယ်ဆိုရင် နိုင်ငံတကာမှာ နမူနာ ယူစရာ အများအပြားရှိပါလျှက် နှင့်ရူးကြောင်ကြောင် လုပ်ရပ်တွေကို ဥပဒေသဖွယ် ပြဌာန်းလာတာ ဘယ်လို အနေအထားမျိုးနဲ့မှ လက်မခံကြပါနဲ့လို့ ပြည်သူလူထု ကို ရှေးဦးစွာ လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားလိုပါတယ် ။ ကောင်းကျိုးထက် ဆိုးကျိုးတွေ များတဲ့ အာဏာရှင်တို့ လုပ်ရပ်မှာ တရားမျှတတယ် ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို တခါတရံမျှတောင် ကြက်ကန်းဆန်အိုး တိုးပြီး သူတို့ လုပ်လိုက်လိုက်လို့ ပြည်သူလူထု အကျိုးရှိပါတယ်ဆိုတာ မတွေ့မြင်ခဲ့ရသေးတော့ ဒီကိစ္စကြီးကလည်း သားတကွဲ ၊ မယားတကွဲ ဖရိုဖရဲ့ဖြင့် မိသားစု အသိုက်အမြုံတွေကို ပျက်စီးစေမယ့် ကိစ္စကြီးဟာ တိုင်းပြည်ရဲ့ အနာဂတ်မှာ ဆိုးကျိုးတွေ သက်ရောက် စေနိုင်တယ်လို့ ထင်မြင် ယူဆမိပါတယ်။

နိုင်ငံတကာမှ ကျင့်သုံးတဲ့ တနိုင်ငံလုံး စစ်မှု မထမ်းမနေရ စံနစ် ကျင့်သုံးတဲ့ စနစ်မှာ ဘုရင့်သားသမီးတောင် ရှောင်လွှဲလို့မရဘူးနော် ။ မြန်မာနိုင်ငံမှာကော အဲဒီလို ကျင့်သုံးမယ်လို့ ခင်ဗျားတို့ တထစ်ချ ယုံကြည်ထားလား ။ စစ်မှုထမ်းရင် လက်နက်ကိုင်ရမယ် ၊ လက်နက်ကိုင်ရင် ပြန်တိုက်လို့ရမယ် လို့ ဖြေသိမ့်တဲ့အတွေးနဲ့ တွေးကြည့်ရင်လည်း တွေးလို့တော့ ရတာပေါ့ဗျာ ။ ဒါပေမယ့် သူတို့က ဘယ်လို လူမျိုးကို ရွေးချယ်ပြီး စစ်မှု ထမ်းခိုင်းမလည်း ၊ ဘယ်လို ပုံစံတွေနဲ့စစ်မှု ထမ်းခိုင်းမှာလည်း ဆိုတာ သူတို့တွေရဲ့ ယုတ်မာလှတဲ့ စိတ်ထား အပေါ်မှာ အခြေခံပြီး စဉ်စားစေလိုပါတယ် ။ ကျူးကျော်စစ်တွေ ချုပ်ငြိမ်းနေတဲ့ စစ်အေးကမ္ဘာ မှာ အာဏာကို တည်မြဲချင်တဲ့ စိတ်ဆန္ဒနဲ့ ကိုယ့်လူမျိုး အချင်းချင်း ရန်တိုက်ပေးပြီး သူတို့ကဘဲ ကာကွယ်ပေးသယောင် ဖန်တီးထားတဲ့ အာဏာရှင်တို့ စံနစ်ဆိုးအောက် မှာ စစ်မှုထမ်းခဲ့ရင် ဘယ်သူတွေနဲ့ တိုက်ရမှာလည်း ရှင်းလင်း ထင်ရှားနေပါတယ်။ တရံတခါမှ ရိုးသားတဲ့ အလုပ်ကို လုပ်ဆောင်ခဲ့ခြင်းမရှိခဲ့တဲ့ အာဏာရှင်တွေရဲ့ အယောင်ပြ ရွေးကောက်ပွဲမှာ စိတ်ဝမ်းကွဲခဲ့သလို အခုကိစ္စမှာ စိတ်ဝမ်းကွဲမှာ ဆိုးလို့ သတိကြီးစွာ ထားစေချင်ပါတယ် ။

နိုင်ငံရေး အလုပ်ဆိုတာ နိုင်ငံရေး လုပ်ရှားသူတွေနဲ့ ဘဲ သက်ဆိုင်တဲ့ ကိစ္စပါလို့ ထင်ထားကြပြီး ကြားနေ၀ါဒပါလို့ မျက်လုံး စုံမှိတ်ကြွေးကြော် နေတာတဖက်တလမ်းက အာဏာရှင် စနစ်ကို အထောက်အပံ့ ပေးနေတာနဲ့ တူတူပါဘဲ ဆိုတော့ ငါတို့ ထမင်း မငတ်သေးပါဘူးလို့ ပြောနေကြသူများလည်း စစ်မှုထမ်းရမယ့် စာရင်းထဲမှာ ပါတယ်ဆိုတာလေးကို စဉ်းစားပြီး ဒီစာလေးတော့ ဆုံးအောင် ဖတ်စေချင်တယ်ဗျာ ။ သူတို့တွေ သတ်မှတ်ထားတဲ့ အသက်အပိုင်း အခြားက တကယ့်ကို အရွယ်ကောင်းလေးတွေလေ... ။ ဒီလူတွေ အကုန် စစ်မှု ထမ်းရင် လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်တွေကို ဘယ်သူတွေက လာရောက် လုပ်ကိုင်ကြမှာလည်း ။ စစ်အေး ကာလမှ တိုင်းပြည် ဘဏ္ဍာငွေကို စစ်လက်နက် တပ်ဆင်ခြင်း နှင့် ကာကွယ်ရေး အသုံးစါးရိတ်တွေမှာ အသုံးချနေရတာ မလောက်လို့ ခု ပြည်သူလူထုထဲက တကယ့်အရွယ်ကောင်းတွေကို ရွေးထုတ်ပြီး တိုင်းပြည်ကို စတင် ဖျက်စီးတော့မယ်ဗျာ ။ တိုင်းပြည်တပြည်ရဲ့ အဓိက ၀င်ငွေဆိုတာ တိုင်းပြည် သယံဇာတ တွေ ထုတ်လုပ်ရောင်းချ တာလောက်ကိုသာ သိနားလည်ထားတဲ့ အာဏာရှင်တွေ ရဲ့ အသိဥာဏ်မှာ ပြည်သူလူထု အတွက်ပါလို့ စဉ်စားတတ်တဲ့ ဥာဏ် ပျောက်ဆုံးနေတာ နှစ်ပေါင်း များစွာ ကြာခဲ့ပါပြီ ။

တိုင်းပြည် အဖက်ဖက်က ဆုတ်ယုတ်လို့ ပြည်သူလူထု ဘ၀တွေ ငတ်မွတ်ခေါင်းပါးခြင်း ဆိုတဲ့ အကျိုးဆက်တွေ အပြင် ရာသီဥတုက နှိပ်စက်လို့ ဘ၀ပေါင်းများစွာ ဒုက္ခရောက် ၊ အလုပ်အကိုင်တွေ မဖန်တီပေးနိုင်လို့ လူငယ်တွေ လမ်းမှားတွေပေါ်ကို ရောက်ပြီး အကျင့်စာရိတ္တ မဏ္ဍိုင် ယိမ်းယိုင်နေချိန်မှာ တိုင်းပြည် အကျိုးစီးပွား ဖြစ်ထွန်းစေမယ့် ကိစ္စတွေ မြောက်များစွာ ဆောင်ရွက်စရာ ရှိပါလျှက် နှင့် စိတ်ကူးပေါက်သမျှ ထလုပ်တတ်သည့် အာဏာရှင်တို့၏ ရူးကြောင်ကြောင် လုပ်ရပ်များကို ထောက်ခံလိုက်ကြလျှင် ကျွန်ူပ်တို့အား မိုက်မဲသော နိုင်ငံသားများ အဖြစ် နိုင်ငံတကာ လူအများကြားတွင် ဟား တိုက်စရာ ဖြစ်လာနိုင်သလို နောင်လာမည့်မျိုးဆက်တွေရဲ့ ကဲ့ရဲ့ သံတွေ ဆူညံသွားစေမှာ အမှန်ပါဘဲ ဆိုတာ ဒီနေ့တိုင်းပြည် အနေအထားက သက်သေပြနေပါတယ် ။

ဒီစနစ်ကြီး ရှင်သန်နေသမျှ ပြည်သူလူထုက ဒုက္ခရောက်မှာ ကို သိထားကြပေမယ့် လက်တွေ့ ဆန့်ကျင်ရေးမှာ အင်အား နည်းပါးနေတုန်းပါဘဲ ။ မတရားတာကို ခေါင်းငုံ့သည်းခံပေးဖို့ ဘယ်ပညာရှင်မှ မမိန့်ကြားခဲ့ သလို ဘယ်လို ကျမ်းဂန်မှာ မှလည်း ပြဆိုခဲ့ ခြင်း မရှိပါဘူး ။ ဒါဆိုရင် ကျနော်တို့ ဆက်လက် ခေါင်းငုံ့ သီးခံနေကြအုံးမှာလား ၊ ဆန့်ကျင် တော်လှန်ကြမှာလား အမြန်ဆုံး စဉ်စား လက်တွေ့ကျကျ အကောင်အထည် ဖော် ဆောင်ရွက်သင့်နေပါပြီ ။ မိသားစု တစုမှာ အလုပ်လုပ်နိုင်သူ မှန်သမျှ လုပ်ကိုင်နေရတာတောင် ထမင်းနပ်မှန်ဖို့ ခက်ခဲစွာ ရုန်းကန်နေရတဲ့ ပြည်သူလူထု ရဲ့ ဘ၀ အနေအထားမှာ သူတို့ပေးတာယူ ၊ ကြွေးတာစား ၊ ကျွန်သဖွယ်သဘောထားဖို့ ပြဌာန်းလိုက်တဲ့ စစ်မှု မထမ်းမနေရ စနစ် ဆိုတာကြီးက သားတကွဲ ၊ မယားတကွဲ နဲ့ သာယာလှတဲ့ မိသားစု အသိုက်အမြုံတွေကို ဖျက်စီးတော့မယ် မိတ်ဆွေတို့ ။ တနိုင်င်ငံလုံးက ပြည်သူလူထု နဲ့တိုက်ရိုက် သက်ဆိုင်နေတဲ့ ကိစ္စကြီးမှာတော့ ဆက်လက် ခေါင်း ရှောင်နေကြအုံးမယ် ဆိုရင် တည်ငြိမ်နေတဲ့ ခင်ဗျာတို့ မိသားစု အသိုက်အမြုံလေးတွေကို စနစ်ဆိုးကြီးက ရက်စက်စွာ ဖြိုခွဲဖို့ အိမ်တခါးဝ မှာ ရောက်နေပြီလို့ စိတ်ထဲမှာ ထည့်ထားကြပါ လို့ လေးနက်စွာ သတိပေးလိုပါတယ် ။

လက်ရှိ တိုင်းပြည်ရဲ့ ပကတိ အနေအထားမှာ ငြင်းဆန် နိုင်ဖို့ ခွန်အား မရှိလို့ ခေါင်းငုံ့သီးခံခဲ့ကြတာ နှစ်ပေါင်း များစွာ ကြာခဲ့ပေမယ့် လူ့အသိဥာဏ် ပျောက်ဆုံးနေတဲ့ အာဏာရှင် တို့နှလုံးသားမှာ ကိုယ်ချင်းစာတရား ဆိုတာ ဘယ်အခါမှ မကိန်းအောင်းခဲ့ပါဘူး။ အခုလည်း ဆက်လက် ခေါင်းငုံ့သီးခံလိုက်ရင် နောက်ဆိုရင် မတွေးဝံ့စရာပါဘဲ။ ဒီနေ့ စစ်တပ်အသိုင်းအ၀ိုင်းက လူတော်တော်များများရဲ့ စိတ်ထားမှာ ဘာသာရေး အသိစိတ်ဓါတ် မရှိခဲ့တာက ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာ့သွေးမြေကျခဲ့တာ ပုံပြင် မဟုတ်ဘူးလေ။ လူမှု ရေး စိတ်ဓါတ် ပျောက်ဆုံးနေတယ် ဆိုတာကို နာဂစ် က သက်သေခံခဲ့ပြီးပြီ။ ဒီလို မဟုတ်မမှန်တဲ့ စိတ်ဓါတ် အခံတွေကို ရိုက်သွင်းပေးနေတဲ့ စစ်တပ်ထဲကို ပညာရေး စနစ် ပြိုပျက်မှု ကြောင့်အသိဥာဏ် ယိုင်နဲ့နေတဲ့ လူငယ်လေးတွေ ရောက်သွားရင် ဘာတွေ ဆက်ဖြစ်လာနိုင်သလည်း ဆိုတာကို စောင့်ကြည့်နေမယ့်အစား ကြိုတွေးကြည့်လိုက်ရင် သိသာ ထင်ရှားလွန်းပါတယ် ။

အခုလက်ရှိ အနေအထားမှ ပြည်သူလူထုကိုသတ်တာ ၊ ကျောင်းသားတွေကိုသတ်ဖြတ်တာ၊ သံဃာတော်တွေရဲ့ သွေးမြေကျတာတွေကို လုပ်ဆောင်နေတဲ့ ယုတ်မာတဲ့ လုပ်ရပ်ပါလို့ အမှန်မြင်နိုင်သေးတာ ခင်ဗျားတို့တွေ လူ့အသိဥာဏ် မပျောက်ဆုံးသေးလို့ပါဘဲ။ ယုတ်မာတဲ့ လုပ်ရပ်မှန်သမျှ ကို သင်ရိုးညွှန်းတမ်းများ ဖြင့်စနစ်တကျ ပို့ချနေတဲ့ စစ်တပ်ထဲကို ရောက်သွားရင် အဲဒီလို အမှန်ကို မြင်နိုင်တဲ့ အသိဥာဏ်နေရာမှာ ယုတ်မာရိုင်းစိုင်း ကောက်ကျစ်တဲ့ စိတ်ဓါတ်တွေ အစားထိုး ၀င်ရောက်လာပါလိမ့်မယ် ။ မကောင်းသူတို့ ပျော်စံရာ နေရာကို ဘုံဗိမာန် သဖွယ် သဘောထားတဲ့ တပ်မတော်သားတွေ ကြားမှာ အနေများလာတဲ့ အခါ သူတို့တွေရဲ့ စိတ်ဓါတ်တွေ ခင်ဗျာတို့ကို ကူးစက်လာတဲ့ အချိန် တိုင်းပြည်ပျက်ပြီပေါ့ဗျာ။ ကြီးနိုင်ငယ်ညှင်း ၊ နိုင်ရာစားတာ တိရစ္ဆာန်တို့ အလေ့အထပါဆိုရင် ဒီနေ့ စစ်အာာဏာရှင်များနှင့် သူတို့ အသိုင်းအ၀ိုင်းမှာ တိရစ္ဆာန်စိတ်တွေ ပေါက်နေတယ် ဆိုတာ လက်ရှိသူတို့ ကျင့်သုံးနေတဲ့ လုပ်ဆောင်ချက်တွေက သက်သေခံနေပါတယ် ။ အဲဒီလို တိရစ္ဆာန်စိတ်နဲ့ မိစ္ဆာ အယူဝါဒ ကျင့်သုံးနေတဲ့ လူတွေကြားကို တိုင်းပြည်ရဲ့ အနာဂတ် မျိုးဆက်သစ်တွေ ရောက်သွားရင် မကြားဝံ့မနာသာတဲ့ ကိစ္စတွေ ယခုထက် ပိုမို များပြားလာမှာ အမှန်ပါဘဲ။

ကျနော်တို့မှာ ခေါင်းဆောင်လည်း ရှိပြီးသားပါ ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ မြန်မာတမျိုးသားလုံး အသိအမှတ်ပြု ရွေးချယ်တင်မြှေက်ထားတဲ့ အဖွဲ့အစည်းပါဘဲ ။ တမျိုးသားလုံးက ရွေးချယ်တင်မြှေက်ထားတဲ့ ခေါင်းဆောင် ကို ဖမ်းဆီး ၊ ပြည်သူလူထုပါတီကို မတရားအသင်း ကြေငြာ ၊ ဒါတွေကို ပြည်သူလူထုက လက်ပိုက်ကြည့်နေတဲ့ အကျိုးဆက်တွေက ယခုလို အာဏာရှင်တွေက ပြည်သူလူထုကို အမျိုးမျိုး ဒုက္ခပေးနေနိုင်တာပါဘဲ ။ မြန်မာတမျိုးသားလုံး လွတ်မြောက်ရေး အတွက် စည်းဝိုင်း အပြင်ကို ထွက်မနေကြပါနဲ့တော့ ။ ခေါင်းဆောင်ကောင်းလေး ရှိတုန်း အားစိုက်ပြီး ရုန်းထကြ ရင် အချိန်မှီပါသေးတယ် ။ တွေဝေတဲ့ အတွေးအခေါ်တွေကို ခဏလေး ဘေးဖယ်ထားပြီး တိုင်းပြည်နဲ့လူမျိုး အကျိုးအတွက် အမြဲတမ်း ရှေ့ဆောင် လမ်းပြ ဦးတည် ချီတက်ကာ အာဏာရှင် စနစ်ဆိုးကို ရဲဝင့်စွာ ဆန့်ကျင်နေတဲ့ လူထုခေါင်းဆောင် ခေါ်ဆိုရာနောက်ကို တစိုက်မတ်မတ်လေး လိုက်စေချင်တာ တိုင်းပြည်ကို တကယ်ချစ်တဲ့ ကျနော့်ရဲ့ သဘောထား အမှန်ပါဘဲ ။ 

ဒါကြောင့် အခုလက်ရှိ အချိန်ကစပြီး စစ်အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်ပြီး အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် အဖြစ်ရောက်အောင် စစ်အာဏာရှင်တို့၏ တရားမျှတမှု လုံးဝ မရှိသော ဥပဒေမှန်သမျှ ကို စည်းလုံးညီညွတ်စွာနဲ့ ဆန့်ကျင် တော်လှန်ကြပါစို့ ပြည်သူလူထု အပါင်းတို့ခင်ဗျာ.......။


ခင်မင်လေးစားလျှက်

ဗမာ့သွေး

မိတ်ဆွေတို့ ရင်ထဲက ခံစားချက်တွေကို လည်း အောက်က လင့်လေးကို နှိပ်ပြီး လာရောက် ရင်ဖွင့်ကြဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်ခင်ဗျာ ။