ကျိုက်ထီးရိုး အမှတ်တရ (အမိမြန်မာပြည် အမှတ်တရ ဓာတ်ပုံ)
ဝေါမြို့အဝင်နားက ဝါးဖောင်တွေနဲ့ ချောင်းအတွင်းမှ အလှ..
ကျွန်တော်တို့ ငယ်ငယ်က ဒီလို ဒီဇင်ဘာ၊ ဇန္နဝါရီလတွေမှာ ဘုရားဖူးအများဆုံး ရောက်ဖြစ်ကြတာကတော့ ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်မြတ်ကြီးနဲ့ ဆီးမီး(၉၀၀၀)ထောင် ဘုရားပွဲကိုပါပဲ..။ ယခင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ရာမှာတော့ ရန်ကုန်ကနေ ကားနဲ့ မနက်အစောကြီးထွက် စစ်တောင်းတံတားကို မနက်စောစောရောက် အဲ့တုန်းကတော့ စစ်တောင်းတံတားက မနက် (၆)နာရီမှ ဖွင့်တာလေ.. အဲ့ဒီကမှ တောင်ခြေ ကင်ပွန်းစခန်းကိုရောက် အခုလိုမျိုး စေတီတော်အထိ ကားလမ်း မရှိတော့ ကင်ပွန်းစားခန်းကနေ တစ်နေကုန် ခြေလျင်ခရီးနဲ့ ၇နှစ်မိုင်ခွဲခန့် ခရီးကို ခြေကျင်တက်ရတာ ပျော်စရာအလွန်ကောင်းပေါ့..။ မှတ်မှတ်ရရ ငယ်စဉ်က မိဘတွေနဲ့ အတူသွားဖြစ်တဲ့ခရီးနဲ့ ၁၀တန်းအောင်တော့ မိဘတွေခွင့်ပြုလို့ သူငယ်ချင်းတွေနဲ့ သွားခဲ့ရတာကို အခုထိ အမှတ်ရနေတုန်းပါပဲ..။မှတ်မှတ်ရရ (၉)တန်းလောက်က ထင်ပါတယ်...။ ယခင်အခေါက်တွေနဲ့ မတူ တမူထူးအောင် လူကြီးတွေက ကျိုက်ထီးရိုးကို ညဘက်တက်မယ် ဆိုပြီးစီစဉ်ခဲ့ကြတယ်လေ..။ အဲ့ဒီတုန်းက ဟိုင်းလတ်ကား ၂စီးနဲ့ မိတ်ဆွေတွေနဲ့ တပျော်တပါးပေါ့.. ကင်မွန်းစခန်းကို ညဘက်ကြီးရောက် တောင်ခြေ စမ်းချောင်းကို ခွပြီးဆောက်ထားတဲ့ ရေချိုးတဲ့နေရာမှာ ရေမိုးချိုးပြီး တက်ကြတာပေါ့..။ တောင်ခြေမှာ အဲ့တုန်းက မီးတုတ်တွေ တစ်ယောက် တစ်ခုဝယ်ပြီး ရေမြောင်ကြီးအရောက် အပြိုင်တက်ခဲ့ကြတာပေါ့။ မီးတုတ်ရောင်းတဲ့ ဆိုင်က ရေမြောင်ကြီး ရောက်တဲ့အထိ မီးတုတ်တွေ ခံတယ်ဆိုပဲ..။ မီးတုတ်ရောင်းတဲ့ ဆိုင်ရှင်စကားကို အဟုတ်မှတ်ပြီး မီးတုတ်တွေ ကိုယ်စီဝယ်ပေါ့..။ .. စတက်တုန်းက အုပ်လိုက်ကြီး အယောက်(၂၀)လောက်ပေါ့ တခြားကိုယ်လို ညဘက်တက်တဲ့ အဖွဲ့တွေလဲ ပါလေရဲ့... လူငယ်တွေဆိုတော့ မာန်နဲ့ သူအရင်ရောက်မယ် ငါအရင်ရောက်မယ် ဆိုပြီးတက်လိုက်ကြတာ.. လူစုတွေ ကွဲကုန်ပါလေရော...။
ရှေ့က ဦးဆောင်ပြီးတက်တော့ ကိုယ့်အနောက်မှာ ကပ်ပါလာတဲ့ တစ်ခြား အဖွဲ့တွေက ကိုယ့်ကို လမ်းသိတယ် ထင်ပြီး အထင်ကြီးပြီး လိုက်လာကြတယ်လေ..။ တစ်နေရာရောက်တော့ လမ်းကနှစ်ခွဖြစ်နေတော့ ဘယ်လမ်းရွေးရမှန်းမသိပဲ ခပ်တည်တည်နဲ့ ရှေ့က ဦးဆောင်ပြီး တက်လိုက်တာ ရှေ့လည်းရောက်ရော ဝါးရုံတောကြီးခံနေတယ်လေ..။ မီးတုတ်အလင်းရောင်နဲ့ ဝါးရုံတောနား ကပ်ပြီးလမ်းရှာမယ်လုပ်တာ ကံကောင်းလို့ ရှေ့တလှမ်းအလိုမှာ မှောင်မဲနေတဲ့ ချောက်ကြီးလေ..။ ခပ်တည်တည်နဲ့ လမ်းမှားနေတယ် ဆိုပြီး ပြန်လှည့်ပြောတော့ အနောက်က လိုက်လာသူတွေ မေတ္တာပို့ ကြပါလေရော...။ တကယ်တော့ တောင်ကျရေကြောင့် လမ်းပုံစံဖြစ်နေတာကို မသိပဲ လူတတ်ကြီးလုပ်ပြီး လမ်းမှာရွေးလိုက်တာလေ...။ ဒီလိုနဲ့ဆက်သွားရင်း လူတွေ ထပ်ကွဲကြပြန်.. အရေးထဲ ရေမြောင်ကြီးထိ ခံတယ်ဆိုတဲ့ မီးတုတ်က ရေမြောင်လေးတောင် မရောက်သေးဘူး ကုန်ပါလေရော..။ နာရီဝက်တောင် မခံဘူးလေ.. ဒါတို့တိုင်းတို့ပြည်က အရောင်းဆိုင်တွေလေ..။ ကံကောင်းထောက်မစွာ လပြည့်ညမို့ လရောင်နဲ့ လမ်းကမြင်နေရလို့သာပေါ့..။
တစ်ယောက်တည်း မပြေးရုံတမယ်.. လျှောက်လာလိုက်တာ... အရှေ့မှာ အထမ်းသမားတွေ အသံကြားလို့ အပြေးလိုက်လိုက်တော့မှ အဘွားအတွက် ငှားလာတဲ့ အထမ်းသမားတွေနဲ့ အဘွားကိုတွေ့လိုက်ရတော့ ပျော်လိုက်တယ်ဖြစ်ခြင်း.။ အခုထိ ဘဝမှာ အမှတ်ရနေဆဲပါ..။ အဘွားက အထမ်းငှားပြီးတက်တာကိုး ဘေးနားက ကပ်လိုက်လာရင်း အနောက်က ထမ်းလာတဲ့ အထမ်းသမားတစ်ယောက်က လေထဲမှာ ဘယ်သူကို ကန်မှန်းမသိပဲ ခြေထောက်နဲ့ လှမ်းကန်လိုက်တာ တွေ့လိုက်ရတယ်လေ..။ ပြီးအထမ်းသမားက ဆက်ပြီးပြောတာက " ဟေ့ကောင်တွေ မနောက်နဲ့ကွာတဲ့.. "။ စိတ်ထဲမှာတော့ ဒီအထမ်းသမား စိတ်မှ ကောင်းရဲ့လားပေါ့ အဘွားအတွက်လည်း စိတ်ကပူလိုက်မိတယ်...။ ဒီလိုနဲ့ တက်ရင်း ရေမြောင်ကြီး မရောက်ခင် အဖော်တွေနဲ့ ပြန်တွေ့ပြီး ရယ်ကြမောကြ အော်ကြနောက်ကြ မီးတုတ်ရောင်းတဲ့ ဆိုင်ကို မေတ္တာပို့ကြပေါ့..။
ကင်မွန်းစခန်းမှာ ကားစောင့်နေတဲ့ ဂျပန်ခရီးသွားအဖွဲ့
ဒီလိုကားတွေနဲ့လေ..
ရသေ့တောင်ရောက်ပြီ.... အရင်ကတော့ ရသေ့တောင်ကို လမ်းကြမ်းကြမ်းမှာ ကျိုက်ထီးရိုးကို တကူးတကသွားကြရတယ်...
ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ အာရုဏ်ဦးအချိန် သပ်ပယ်တဲ့ မြင်ကွင်းတစ်ခု
ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ အာရုဏ်ဦးအချိန် သပ်ပယ်တဲ့ မြင်ကွင်းတစ်ခု
နေ့ဘက် စေတီတော်မြတ်ကြီးရဲ့ သဘာဝမြင်ကွင်း
အရင်တုန်းကတော့ ဒီနေရာမှာ ဝါးနဲ့ဆောက်ထားတဲ့ ထမင်းဆိုင်တန်း တည်းခိုခန်းတွေပေါ့...အခုတော့ ဈေးဆိုင်တွေလည်း လေလံဈေးမြှင့်လို့ ငြီးကြတယ်လေ... တောင်အောက်ထက် တောင်ပေါ်မှာ ပိုဆိုးတယ်..။ လေလံက ရတဲ့ငွေတွေကို ဘုရားပြုပြင်ရေးမှာ သုံးတာက နည်းနည်းတဲ့ ကျန်တာက ...အဲရေးရင်း ဘေးချော်ချော်သွားတယ်ဗျာ.. ခရစ်စမတ် နယူးရီးယားရက်တွေမှာ တည်းခိုခန်းက အနိမ့်ဆုံး ၅သောင်းကနေ တစ်သိန်းထိရှိပါတယ်..။ ကျွန်တော်တို့ ရောက်ခဲ့တဲ့ လွန်လေပြီးသော အခါကတော့ ထမင်းဆိုင်မှာ ထမင်းဝယ်စား၊ ဆောင်ငှား ခေါင်းအုံး ငှားရင် ဆိုင်အပေါ်ထပ်က ဝါးထရံအခန်းလေးတွေမှာ အလကားတည်းလို့ရတာပေါ့။ အခုတော့ ဆိုင်ရှင်တွေလည်း လေလံဈေးမြင့်တာကြောင့် အလကားမရတော့ပါတဲ့..။ တခါကကိုပြောတာပါ...။
ထိုင်းနိုင်ငံမှ လာရောက်ဖူးမျှော်တဲ့ ထိုင်းသံဃာတော်များ...
ကင်မွန်းစခန်းက အိမ်အပြန်လက်ဆောင် ဝါးနဲ့လုပ်တဲ့ ပစ္စည်းအရောင်းဆိုင်လေးများ..
ရေမြောင်ကြီးရောက် စားသောက်ဆိုင်မှာ အားလုံးပြန်ဆုံပြီး စကားတွေ ပြောကြရင်းနဲ့ ခုနလေထဲမှာ ခြေနဲ့ဘာကို လှမ်းကန်မှန်းမသိတဲ့ အထမ်းသမားက အဘွားကို ပြောလိုက်တာကတော့ "အမေ့ကို ပြောရဦးမယ်။ တောင်တက်လမ်းမှာ ဒီနေ့တော်တော် အနှောင့်အယှက်ခံရတယ်" ..။ အဘွားက ဟဲ့ဘာဖြစ်လို့လဲလို့ မေးတော့ အမေတို့ ကြောက်မှာစိုးလို့ မပြောတာ.. ဒီနေ့လပြည့်နေလေ.. လပြည့်နေ့ ညဘက် တောက်တက်လမ်းမှာ မမြင်ရတဲ့ ပရလောက နာနာဘာဝတွေက ကျွန်တော်တို့ကို စနောက်နေကြတာလေ... ကျွန်တော့် ခြေထောက်ကို လှမ်းဆွဲလို့.. အဲ့ဒါနဲ့ ကျွန်တော်ခြေထောက်နဲ့ လှမ်းကန်ပြီး ပြောလိုက်ရတာတဲ့.။ ကျွန်တော်တို့ကတော့ ရိုးနေပြီတဲ့ .... ကျွန်တော်လည်း အဲ့ကျမှ ကြက်သီးတွေထပြီး စကားတောင် ပြန်မပြောနိုင်တော့ဘူး....။ ကိုယ့်ဘေးနားမှာ ဖြစ်နေခဲ့တာလေ.. ။ မမြင်ရတဲ့ ပရလောကက အကြောင်းလေးတွေပါပဲ..။ ရှေ့ဖြစ်ဟောင်း အောက်မေ့ဘွယ်တွေပေါ့..။ ပျူနိုင်ငံပိုင်ရှင် ကိုအောင် ရေးတာကို အားကျလို့လေ..ဘာပဲပြောပြော ဟိုးအရင် ကျိုက်ထီးရိုးတောင်တက် ခဲ့ရတာတွေဟာ ဘဝမှာ မမေ့စရာတွေပါပဲ..။ အခုတော့ အခြေအနေ အနေအထားတွေ အကုန်ပြောင်းလဲ ကုန်ပါပြီ။ နေ့ချင်းပြန် တောင်ပေါ်ထိ ကားလမ်းပေါက်နေပြီလေ..။ ကားခက ရသေ့တောင်အထိ ၂၅၀၀တဲ့ တောင်ပေါ်အထိ ၃၀၀၀, ထမင်းစားတာ တစ်ခါပြင် ၁၅၀၀တဲ့..။ တောင်ပေါ်မှာတော့ အရင်ကနဲ့ မတူယခင် ယာယီ စားသောက်ဆိုင်တန်းတွေ နေရာမှာ အခိုင်အခံ အဆောက်အဦးတွေ ဖြစ်နေပြီလေ.။ တကယ်တော့ ဟိုးအရင် တောင်တက်ရတဲ့ အရသာနဲ့ သဘာဝရှုမျှော်ခင်း အနေအထားတွေကတော့ စီးပွားရှာတတ်တဲ့ တခြားတိုင်းပြည်တွေမှာ ဆိုရင်တော့ တိုင်းပြည်အတွက် ငွေတွင်းတွေပေါ့..။ ဆက်ရေးရရင်တော့ အများကြီးပါပဲ...။ ဘာပဲဖြစ်ဖြစ် ရေခြားမြေခြားမှာ ရောက်နေတဲ့ အမိမြေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွါနေရတဲ့ ပြည်ပရောက် မြန်မာပြည်သူ ပြည်သားတွေအတွက် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်က ကမ္ဘာကျော် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးရဲ့ လတ်တလော ပုံတွေကို ကြည်ညိုဖူးမျှော်ရအောင် အမိမြေအမှတ်တရ တင်ပြလိုက်ရပါတယ်...။
ဒီမိုဝေယံ... (မြန်မာပြည် အလွမ်းပြေ)
ဒီမိုဝေယံ... (မြန်မာပြည် အလွမ်းပြေ)
ဓာတ်ပုံ.. ဒီမိုဝေယံ