ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

လူမှုရေးဂီတကွန်ယက်များ...


လူမှုရေးဂီတကွန်ယက်များ
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေးလုပ်ဆောင်ချက်များ၊ ပေးဆပ်မှုများကိုတစ်ဖက် တလမ်းမှ အားပေးကူညီလှူဒါန်းမှုများစဉ်ဆက်မပြတ် မနားတမ်းပံ့ပိုးမှု ပြုလုပ်ပေးသူများအနက်မှ ဂီတပညာရှင်တို့၏ အခန်းကဏ္ဍသည်လည်းအရေးပါလှသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း၏ ဖေးမမှုများကို သဒ္ဒါပေါက်၍၄င်း၊ တစ်ဖက်တလမ်းမှ အားပေးခြင်းဖြင့်၎င်း လာရောက်၍ လှူဒါန်းကြသော ပြည်တွင်း ပြည်ပမှ အလှူရှင်များအား ပြန်လည်၍ ဂုဏ်ပြု ပေးအပ်သော ဂုဏ်ပြုလွှာနှင့်တကွ အသင်း၏ လုပ်ဆောင်ချက်များကို  ဖော်ပြထားသော VCD, DVD အခွေချပ်များတွင် ကြည့်ရှုသူ ပြည်သူအပေါင်းအတွက် သီဆိုဖျော်ဖြေပေးထားသော လူမှုရေးလုပ်ငန်းများနှင့် ပတ်သက်သောဂီတစကားလုံးများ ပါဝင်သည့် သီချင်းသံစဉ်များအား စတင်၍ သီဆိုဒါနပြုခဲ့သူဂီတပညာရှင်များတွင် အဆိုတော် မေခလာ(မငယ်)သည်လည်း အဓိကနေရာတွင် ပါဝင်ခဲ့သည်။တေးရေး/ဆိုစိုးသိင်္ခနှင့် မေခလာတို့၏ နောက်ပိုင်းအဆိုတော် နှင်းဧကရီ၊ ကိုစိုးပိုင်၊ မမေရွက်ဝါ၊ အနဂ္ဃ၊ ဂျေမီ၊ ချစ်စိုး၊ ချမ်းအေးဝင်း၊ ချိုချို၊ RT(အာတီ)၊ ဘိုလေးနှင့် ပြည်သာ၊ ဂျီတုန်း၊ သုတ(Cyclone)၊ ကျော်သူ၊ ကိုရဲလွင်(မဇ္ဈိမလှိုင်း)၊ ကိုနေ၀င်း(မောင့်လပြည့်ဝန်း)၊ ဆောင်းဦးလှိုင်၊ သားထွေး၊ ကောင်းပြည့်၊ ကျားပေါက် (Big Bag)၊ အလင်္ကာ၊ နိုင်ဇော်(Lazy Club)၊ ဖြိုးကျော်ထိုက်၊ BK, JJ, P-XI, DICE, Feat - K လေး၊ရည်မွန်လမင်း၊ စောသဉ္ဇာ၊ တွတ်ပီ(NES)၊ Po Po၊ ပိစိ၊ သူရိန်၊ ထက်အောင်လှိုင်၊ အိလှိုင်ဦး၊ ဖိုးဆောင်း၊ ကိုဦး၊ အော်တာ၊ DENNIS၊ ထက်ထက်စိုး၊ ဟန်လင်းအောင်၊ ဖိုးလ၊ သက်နှင်းဆက်စသည့် အဆိုတော် ဂီတပညာရှင်များကပါ ၀ိုင်းဝန်း၍ လူမှုရေးလုပ်ငန်းများဖြစ်သောနာရေးကူညီမှု အသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်များတွင် အများပြည်သူတို့ အယူသီးမှုပပျောက်ရေးအတွက်၎င်း၊ လူမှုရေးလုပ်ငန်းများကိုလူငယ်မျိုးဆက်သစ်တို့ စိတ်ဝင်စားမှုရှိလာရန် အတွက်၎င်း အားပေး အသိအမှတ်ပြုသည့်အနေဖြင့် တစ်ဖက်တလမ်း ဂီတပညာရပ်တို့ဖြင့် ကုသိုလ်ဖြစ် ရေး/ဆိုတီးခတ်ပေးဆပ် ခဲ့ကြသည်။

ယခုဆိုလျှင် ဂီတပညာရှင်များသီဆိုပေးထားသောလူမှုရေး၊ ငြိမ်းချမ်းရေးသီချင်းများကိုအ လှူရှင်များအား (ကန့်သတ်) အခွေအဖြစ် ဂုဏ်ပြုပေးအပ်ရန်အတွက် အသင်း၏ လုပ်ဆောင်ချက်၊ ပေးဆပ်မှု အရုပ်မြင်ကွင်းများအပြင် အဆိုတော်များ၏ သီဆိုမှုပုံရိပ်လွှာများပါရှိရန် သီးခြားရိုက်ကူးမှု များပြုလုပ်လျှက်ရှိသည်။

ထိုသို့ ရိုက်ကူးမှုများ ပြုလုပ်ခဲ့ရာ  အဆိုတော် ဦးရဲလွင် (မဇ္ဈိမလှိုင်း)၊ Hip Hop အဆိုတော် BK ( Black Night)၊ စောသဉ္ဇာတို့၏ ရုပ်ပုံလွှာများရိုက်ကူးပြီးစီးပြီး ဖြစ်ပါသည်။ မကြာခင်ရက်များတွင် အဆိုတော် ဆောင်းဦးလှိုင် အပါအ၀င် လူမှုရေးဂီတသမားများ၏ ရုပ်ပုံလွှာများကိုလည်းဆက်လက် ရိုက်ကူးတော့မည် ဖြစ်ပါသည်။ ထို့ကြောင့် မကြာခင် အများပြည်သူအလှူရှင်များ လက်တွင်းသို့ ယင်းဂီတလူမှုရေးသူရဲကောင်းများ၏ သံစဉ်များ၊ ရုပ်ပုံလွှာများရောက်ရှိတော့မည် ဖြစ်သည်။ 

ထိုကဲ့သို့ မိမိတို့၏ သံစဉ်များ၊ ဂီတပညာရပ်များဖြင့် လူမှုရေးလုပ်ငန်းဖြစ်သော အများပြည်သူအတွက် ပေးဆပ်နေသော နာရေးကူညီမှုအသင်း (ရန်ကုန်)အတွက် ကုသိုလ်ဖြစ် သီဆိုဒါနပြုခဲ့ကြ သည့်အပြင် မိမိတို့၏ ချွေးနည်းစာ၊ မိမိတို့၏ ဂီတပညာရပ်ဖြင့် ပြည်တွင်း ပြည်ပတို့တွင် ဖျော်ဖြေ၍ ရရှိခဲ့သောငွေကြေးအချို့ တို့ကိုပါမကျန် ကောင်းမှုပြုခဲ့ခြင်းတို့အပေါ် များစွာဝမ်းသာပီတိ သာဓုခေါ်ဆိုလိုက်ပါသည်။ ထိုသို့ လှူဒါန်းခြင်းများသည် လှူဒါန်းမှုအတွက် ကုသိုလ်ရရှိသည့်အပြင် လူငယ် မျိုးဆက်သစ်တို့ လူမှုရေးလုပ်ငန်းများကို တက်ကြွစွာပါဝင် လှုပ်ရှားလိုစိတ်များပါ ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ဂီတလူမှုရေးကွန်ယက်မှ အစပြု၍ လူငယ်လူမှုရေးကွန်ယက်သည် မကြာမီအချိန်အတွင်း ပေါ်ပေါက်လာတော့မည် ဖြစ်တော့သည်။



အကိုကြီး ကျော်သူအား ကျေးဇူးတင်ပါသည်...။