ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ ပြုလုပ်တဲ့ တရုတ်နှင့် ဂျပန်ဖက်စပ် (RAMMAR CHARIOT AUTOMOBILE SHOW) (သတင်း၊ ဓာတ်ပုံ)

ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ မြန်မာ့စီးပွါးရေး ဦးပိုင်လီမိတက်မှ တင်သွင်းရောင်းချမည့် တရုတ်နှင့် ဂျပန်ဖက်စပ် (RAMMAR CHARIOT) ကားများ အရောင်းမြှင့်တင်ရေးနှင့် ကုန်ပစ္စည်း သစ်မိတ်ဆက်ပွဲကို (၂၀.၁.၂၀၁၁ မှ ၂၄.၁.၂၀၁၁)ထိ ခင်းကျင်းပြသမှာ ဖြစ်ပါတယ်။ အဆိုပါကား သစ်များကို တရုတ်နည်းပညာနှင့် ဂျပန်နည်းပညာတို့ဖြင့် ပေါင်းစပ်ထုတ်လုပ်ထားပြီး၊ ကားအင်ဂျင်များကို (MITSUBISHI) ဂျပန်အင်ဂျင်များ တပ်ဆင်ထားသည်ဟု သိရှိရပါသည်။ အဆိုပါ တရုတ်၊ ဂျပန်ဖက်စပ် ကားများအား စီးပွါးရေး ဦးပိုင်လီမိတက် (ဗိုလ်ချုပ်၊ ဗိုလ်မှုးများ ပါဝင်သော စီးပွါးရေးအင်အားစု)မှ ပြည်တွင်းသို့ တင်သွင်းရောင်းချခြင်း ဖြစ်ပြီး ကားတစ်စီး၏ တရားဝင်ရောင်းချသော ဈေးနှုန်းမှာ မြန်မာကျပ်ငွေ သိန်း(၅၅၀)ဖြင့် ရောင်းချပေးမည်ဟု သိရှိရပါသည်။ ၄င်းကားများကို ရန်ကုန်မြို့ရွှေပြည်သာ စက်မှုဇုန်တွင် ထုတ်လုပ်တပ်ဆင်ခြင်း ဖြစ်ကြောင်း ကားများဝယ်ယူလိုလျှင် ကား၏ တန်ဖိုး ၅၀%ကို အပြည့်ပေးသွင်းစေပြီး၊ ကျန်၅၀%ကို (၅)လအတွင်းအရစ် ကျစံနစ်ဖြင့် ပေးသွင်းရမည်ဖြစ်ကြောင်း (၅)လအတွင်း ကျန်ငွေကို ပေးသွင်းနိုင်ခြင်းမရှိပါက အတိုးသဘောဖြင့် ကျန်ငွေ၏(၂%)ကို ထပ်ဆောင်း ပေးသွင်းရမည်ဖြစ်ကြောင်း၊ ကားတစ်စီး၏ အာမခံကာလမှာ (၁)နှစ်သက်တမ်းသာ ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်း.. ပြည်တွင်း..။

ဆက်စပ်သတင်း ရန်ကုန်က ဂျပန်နဲ့ ကားဖက်စပ် ထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှ အင်ဂျင်နီယာ တစ်ယောက်ရဲ့ ဖွင့်ဟပြောဆိုချက် (ပြန်ဖတ်ချင်ရင်) http://www.demowaiyan.co.cc/2010/09/blog-post_3187.html
 
 
 
 
 
 
 
 
သြော်ကားပြပွဲတဲ့
နောက်ဆက်တွဲသတင်းပုံပြင်
တခါတုန်းက ရွာလေးတစ်ရွာမှာတဲ့ မောင်ပိုင်ဆိုတဲ့ ကလေးလေး တစ်ယောက်ရှိသတဲ့။ သူ့မှာ၊ သူ့မိဘများက ၀ယ်ပေးထားတဲ့ ဗိုလ်အုန်းသီး သုံးဘီးတပ် စက်ဘီးကလေး တစ်စီးရှိပါသတဲ့။ အဲ့ဒီဗိုလ်အုန်းသီး စက်ဘီး ကလေးကို မောင်ပိုင်ကစီးပြီး ရွာထိပ်က ဇရပ်မှာ အခြားအဖော် ကလေးများနဲ့ ဆော့ပါသတဲ့။ သူဆော့တဲ့အချိန် မှာတော့ ဗိုလ်အုန်းသီး စက်ဘီးကလေးကို ဇရပ်အရှေ့မှာ ရပ်ထားလေ့ရှိပါသတဲ့။ တခြားရွာက ဧည့်သည်များဟာ မောင်ပိုင်တို့ရွာဘက်ကို လာလည်လို့ ခဏတဖြုတ် နားနေချင်ရင် မောင်ပိုင်တို့ဆော့တဲ့ ဇရပ်ကလေးမှာ လာအနားယူကြပါသတဲ့။ အဲ့ဒီအခါမှာ ရပ်ထားတဲ့ ဗိုလ်အုန်းသီး စက်ဘီးကလေးကို တွေ့တဲ့အခါ (ဟေ့ကလေးတို့ ဟော့ဒီ့ စက်ဘီးကလေးက  ဘယ်သူစီးတာလဲကွဲ့)လို့ မေးကြရင် ကလေးတွေက (မောင်ပိုင်စီးတာပါ.. မောင်ပိုင်စီးတာပါ) လို့ပြန်ဖြေကြသတဲ့။

ဒီလိုနဲ့ နှစ်ကာလတွေ  ကြာမြင့်လာတော့ မောင်ပိုင်လေးလဲ လူကြီးအရွယ်ကို တဖြည်းဖြည်း ရောက်လာတာပေါ့။ မောင်ပိုင်ကနေ (ဦးပိုင်)ဖြစ်လာတာပေါ့ကွယ်။ သူ့မိဘများလဲ အနိစ္စသဘောတရား အရရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ကုန်ကြပြီပေါ့ကွယ်။ မိဘများထားရစ်ခဲ့တဲ့ အမွေများနဲ့ ဂျစ်ကားလေး တစ်စီးဝယ်စီးပါသတဲ့။ အဲ့ဒီဂျစ်ကားလေးနဲ့ ဦးပိုင်ဟာ သူငယ်ငယ်က ဆော့ကစားခဲ့တဲ့ ရွာထိပ်က ဇရပ်ကလေးကို အလွမ်းပြေ သွားသွားကြည့် သတဲ့။ အဲ့လိုဇရပ်ကလေးကို ကြည့်တဲ့အခါ ဇရပ်ရှေ့မှာပဲ သူ့ဂျစ်ကားကို ရပ်ထားခဲ့သတဲ့ကွယ်။ ဒီလိုနဲ့တခြားရွာက ဦးပိုင်တို့ ရွာဘက်လာလည်တဲ့ တခြားရွာသားများက ဂျစ်ကားလေးက ကို(သြော်.. နောင်ကြီးတို့ ဒီဂျစ်ကားက ဘယ်သူစီးတဲ့ ကားလဲဗျလို့ မေးတဲ့အခါ.. ဦးပိုင်တို့ရွာက ရွာသူရွာသားတွေက ဒီဂျစ်ကားက ဦးပိုင်စီးတာဗျို့.. ဦးပိုင်စီးတာဗျို့) လို့ ပြောကြသတဲ့ကွယ်။ ပုံပြင်လေးရဲ့ အနှစ်ချုပ်ကတော့ ငယ်ငယ်တုန်းကတော့ မောင်ပိုင်စီးတာပေါ့ကွယ်။ လူကြီးဖြစ်လို့ ကြီးလာတော့ ဦးပိုင်စီးတာ ဖြစ်သွားရောပေါ့ကွယ်။ (အဲ့ဒီ့ဦးပိုင်က အစားလည်း ကြီးတယ်ဆိုပဲ) ပုံပြင်လေးထဲကလို မောင်ညီမလေးများလည်း ငါပိုင် စီးနိုင်အောင် ကြိုးစားကြပေါ့ကွယ်။ လောလောဆယ်တော့ မြန်မာပြည်က စီးပွားရေးလုပ်ငန်းတွေ  မောင်ပိုင်စီးတာ ဦးပိုင်စီးတာ ခံနေရတယ်လေ...  အရင်တုန်းက မောင်ပိုင်စီးတာ ခံရလိုက် ကြာလာတော့ ဦးပိုင်ဖြစ်သွားလိုက်နဲ့ပေါ့ မောင်ညီမလေးတို့ရေ .. ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

သတင်း၊ ဓာတ်ပုံ....ဒီမိုဝေယံ