ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပုပ္ပားအမှတ်တရ... (အမိမြန်မာပြည် အမှတ်တရ ဓာတ်ပုံ)

မြန်မာပြည်ရဲ့ အလယ်ပိုင်း အိုအေစစ်လို့ တင်စားခေါ်ကြတဲ့ မြေလတ် ကျောက်ပန်းတောင်းအရပ်က ဝိဇ္ဇာ၊ ဇော်ဂျီ ၊တပဿီ ပျော်စံရာ ပုပ္ပားတောင်အလှ အခုတော့ ဇော်ဂျီလည်း နအဖခေတ်မှာ အကယ်ဒမီရနေပြီလေ (ဓာတ်ပုံ.. ဒီမိုဝေယံ)

အမိမြန်မာပြည်ရဲ့ မြေလတ်ပိုင်းပုပ္ပားဒေသက ပုံလေးတွေ မျှဝေလိုက်ပါတယ်..။ အမိမြန်မာပြည် အမှတ်တရပေါ့... ကျွန်တော်တို့ အမိမြေဟာ သဘာဝတောတောင် ရေမြေတွေနဲ့ သဘာဝက ပေးထားတဲ့ အလှတရားတွေ ပိုင်ဆိုင်တဲ့ တိုင်းပြည်တစ်ခုပါပဲ...။ နိုင်ငံရဲ့အလည်တည့်တည့်မှာ ဧရာဝတီမြစ်ကြီးက ဖြတ်သန်း စီးဆင်းပေးနေတယ်လေ..။ မြောက်ဖျားမှာလည်း ဆီးနှင်းတွေ ခဲနေတဲ့ ရေခဲတောင်တွေ နဲ့ပေါ့..။ အရှေ့တောင် အာရှမှာ ဆီးနှင်းရှိတဲ့ တစ်ခုတည်းသော တိုင်းပြည်ဟာလည်း မြန်မာပြည်ပါပဲ...။ ၁၉၅၀ ပြည့်လွန်နှစ်များက အာရှတိုက်ရဲ့ စပါးကျီနဲ့ အာရှတိုက်ရဲ့ အလားအလာကောင်းတဲ့ တိုင်းပြည်လို့ အမွှန်းတပ်ခံခဲ့ရတာတွေက အခုတော့ ရာဇဝင်ထဲမှာ ကျန်ခဲ့ပါပြီ။ အခုအရှေ့တောင် အာရှ ၁၀နိုင်ငံထဲမှာ စီးပွားရေး တိုးတက်နှုန်းက အရင် ၉၀ခုနှစ်ကျော်လွန်နှစ်များက ဗီယက်နမ်နိုင်ငံရဲ့ အထက်မှာ ရှိခဲ့ပေမယ့် အခုတော့ ကိုယ်က ဆန်တို့ ဆားတို့လှူခဲ့ရတဲ့ လာအိုနိုင်ငံအောက်တောင် ရောက်နေရပါပြီ..။ 

ဆရာအောင်သင်းရဲ့ တို့ခေတ်ရောက်မှာ ညံ့ကြရတော့မှာလား လို့ဆိုသလို တကယ်လည်း ကျွန်တော်တို့ပဲ ညံ့တာလား တစ်ဘက်ကပဲ ဥာဏ်နီဥာဏ်နက်တွေနဲ့ တော်လွန်းနေတာလား ဆိုတာကတော့ စဉ်းစားချင့်ချိန်စရာပါပဲ...။ .. အမှန်အတိုင်း မညှာမတာဝန်ခံရရင်တော့ ကျွန်တော်တို့တစ်တွေ ညံ့တာလည်း ပါပါတယ်..။ ရေးချင်တာက တစ်ခြားပါ ရောက်သွားတာကတော့ တစ်နေရာဆိုသလို အမိမြေရဲ့ သဘာဝအလှတရားတွေကို ပြည်ပမှာ ရောက်ရှိနေတဲ့ အကြောင်းကြောင်းကြောင့် အမိမြေနဲ့ခွဲခွါ နေရတဲ့ မိတ်ဆွေများအတွက် အမိမြေ အလွမ်းပြေ ဓာတ်ပုံတွေကို ဖော်ပြလိုက်ရပါတယ်...။
ပုပ္ပားတောင်ကလပ်ကို အဝင်ဝက လှမ်းမြင်ရတဲ့ မြင်ကွင်း
ပုပ္ပားတောင်မကြီးကို အဝေးက လှမ်းမြင်ရပုံ
တောင်တက်လှေကား အဝက ဆင်ဖြူနှစ်စီး တကယ်ဖြူတဲ့ဆင်တွေပါ.. ပုပ္ပားဆင်ဖြူက ကြပ်ပြေးဆင်ဖြူထက် သာတယ်..။
ပုပ္ပားတောင်နဲ့ ခွဲခြားမရတဲ့ မျောက်တွေလေ တော်တော် မျောက်ပါးဝါးနေကြပြီ.. အင်း.. အနှစ်(၂၀)ကျော်ကြာတော့လည်း မျောက်တွေလည်း မျောက်ပါးဝကုန်ပြီပေါ့.. ဒီမျောက်တွေ လူအဖြစ် အသွင်မပြောင်းလာသေးတာ တော်သေးတယ်..။ အရောင်ကတော့ နည်းနည်း စိမ်းနေသလားလို့.. ဟိုအဖွဲ့ထဲများ ဝင်ပြီး မဲများပေးသလားတော့မသိ.. ကျောက်ပန်းတောင်းမှာလည်း နိုင်တယ်ဆိုတော့...။ ဆိုးတာကတော့ တော်တော်ဆိုးတယ် မုန့်လည်း အတင်းလာလုဆိုတော့ လူကတောင် ပြန်ကြောက်နေရတယ်.. ။ စွမ်းအားရှင်မျောက် တွေလားမသိ...။
အပြစ်ကင်းစွာနဲ့ အိပ်ပျော်နေတဲ့ အနီးပတ်ဝန်းကျင်က ကလေးငယ်လေးတွေလေ.. ကျွန်တော်တို့ ပြည်သူတွေ ဆင်းရဲကြတယ်ဗျာ...
ကျောက်ပန်းတောင်း မြင်းခြံသွားတဲ့ ရထားပေါ့... အခြေခံလူတန်းစားတွေ စီးတဲ့ရထားတွဲလေ.. မြင်ရတဲ့အတိုင်း မပြောင်းလဲ.. မီးမရှိ၊ ဘာမရှိ၊ ကြမ်းပိုးကိုက်ပေါ့.. အနှစ်(၂၀)ကျော်ပြီနော်.. ဒီအတိုင်းပါပဲ..
မြန်မာပြည် အမှတ်တရတွေပေါ့....  ဆက်လက် ဖော်ပြပေးပါမယ်..။

 ဓာတ်ပုံ... ဒီမိုဝေယံ