ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရွှေတိဂုံစေတီပေါ်သို့ အေးချမ်းစွာဘုရားဖူးလာကြသောပြည်သူများပါမချန် နအဖ လုံခြုံရေးများက ဖောက်ခွဲရေးပစ္စည်းများကို သဲသဲမဲမဲ ရှာဖွေ..... .

Photobucket

ဧပြီ( ၂၁) ၊ ရန်ကုန်မြို့။

၂၀၁၀ သင်္ကြန်အကြတ်နေ့ ကန်တော်ကြီးပတ်လမ်းပေါ်ရှိ X20 မဏ္ဏပ် အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်
ရန်ကုန်မြို့တွင်း ရှာဖွေရေးစီမံချက်ကို အပူတပြင်းလုပ်ဆောင်လျှက်ရှိသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦး သေဆုံးပြီး လူပေါင်း ၁၇၀ ကျော် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု နအဖ အစိုးရ၏ သတင်းထုတ်ပြန်ရေးဌာနဖြစ်သော မြန်မာ့အသံ (အသံလွှင့်ဌာန)၊ ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာတို့မှ သတင်းဖော်ပြခဲ့သည်။ ပြည်ပရောက် အဖွဲ့အစည်းများနှင့် ပြည်တွင်း သောင်းကျန်းသူများ၏ လက်ချက်ဟုလည်း နအဖ စစ်အစိုးရက တိုက်ရိုက်စွပ်စွဲပြောဆိုခဲ့ပါသည်။

ဗုံးပေါက်ကွဲမှုကြောင့် အမှန်တကယ် သေဆုံးသူဦးရေမှာ ၄၅ ဦး ရှိပြီး၊ ရန်ကုန်ဆေးရုံကြီး (ဦးနှောက်နှင့်အာရုံကြော ဌာန) တွင် အတွင်းလူနာအဖြစ် ၈ ဦးတက်ရောက် ဆေးကုသမှု ခံယူနေလျှက်ရှိပါသည်။ ဒဏ်ရာရသူဦးရေမှာ ၂၀၀ကျော်ရှိကြောင်း ရန်ကုန် ဆေးရုံကြီး (၅/၆)တွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်လောင်းတစ်ဦးမှပြောကြားခဲ့ပါသည်။ နအဖအစိုးရ၏ အမှတ်(၄)စစ်ဒေသမှုး ဗိုလ်မှုးကြီးအုံးချိုအား စင်္ကာပူနိုင်ငံရှိ ဆေးရုံသို့သွားရောက် ဆေးကုသခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ကြားသိရပါသည်။

ဗုံးပေါက်ကွဲမှု၏ အဓိက သံသယ တရားခံမှာ နအဖစစ်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ မြေးဖိုးလပြည့်(ခ)နေရွှေသွေးအောင် ဖြစ်သည်ဟု ယူဆနေကြပြီး ၊ ၄င်းတို့စစ်အစိုးရအတွင်းရှိ သူမကျေနပ်သော ဗိုလ်ချုပ်သားများကို လုပ်ကြံခြင်းဖြစ်ကြောင်း ခိုင်လုံတိကျသေချာသော သတင်းရပ်ကွက်မှ သတင်းရရှိပါသည်။နအဖ စစ်အစိုးရမှ ယင်းဗုံးပေါက်ကွဲမှု သတင်းကို ပြည်တွင်း မီဒီယာဂျာနယ်များ တွင် အကျယ်တ၀င့် ဖော်ပြရန် ညွှန်ကြားနေကြောင်း၊ ဂျာနယ်မျက်နှာဖုံးများ၌ပင် ကြီးမားစွာ ဖော်ပြခိုင်းနေကြောင်း၊ ဤပေါက်ကွဲမှုသည် မိမိတို့နှင့်မသက်ဆိုင်၊ မိမိတို့တွင်တာဝန်မရှိ ၊ မိမိတို့၏ လုပ်ကြံခြင်း မဟုတ်ကြောင်း သိသာစေရန် နအဖစစ်အစိုးရ၏ ကာကွယ်မှု တစ်ရပ်ပင်ဖြစ်ကြောင်း ပြည်သူများအကြား ပြောဆို ဝေဖန်လျှက်ရှိပါသည်။

ရန်ကုန်မြို့နေရာအနှံ့အပြားတွင်လည်း ရှာဖွေရေးလုပ်ငန်းများကို ပြင်းပြင်းထန်ထန်လုပ်ဆောင်နေပြီး၊ ဗုံးဖေါက်ခွဲသူအား ဖမ်းဆီးမိပါကဆုငွေ ၁၀ သိန်းဆုချမည်ဆိုသည့် ကြော်ငြာစာများကိုလည်း လမ်းဆုံလမ်းခွများတွင် ရယကများ ၊ စွမ်းအားရှင်များက လိုက်ကပ်နေကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့ပါသည်။ ဗုဒ္ဓဘာသာဝင်များ၏ ထွဋ်အမြတ်ဖြစ်သော လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်သို့ လာရောက်ကြသူ ဘုရားဖူးပြည်သူများ ကိုလည်း မုခ်ဦးအပေါက်ဝများမှ နေ၍ နအဖ လက်အောက်ခံ လုံခြုံရေးများ ၊ အရပ်ဝတ် စရဖ ထောက်လှမ်းရေးများမှ အိတ်သွန်ဖာမှောက် သဲသဲမဲမဲရှာဖွေ စစ်ဆေးလျှက်ရှိပါသည်။ နအဖ စစ်အစိုးရ၏လုပ်ရပ်များသည် ကလေးနှင့်ခွေးများကပင် ယုံကြည်မှုမရှိ၊ ရွံ့မုန်းလျှက်ရှိကြောင်း လူတိုင်းလူတိုင်း၏ ပါးစပ်ဖျားတွင် ရေပန်းစား ပြစ်တင်ဝေဖန်သံများစွာ ဆူညံ၍ ထွက်ပေါ်နေပါတော့သည်။

လေးစားဦးညွှတ်လျှက်
Burma Paparazi

ပေးပို့လာသူကတော့ အခုတလော သတင်းမှန်တွေနဲ့ ရေပန်းစားနေတဲ့
ပြည်သူ့အတွက် သတင်းအမှန် တင်ပြပေးမည့် ဆောင်ပုဒ်နဲ့ သတင်းတွေရေးနေတဲ့...ရဲရဲတောက် ဘားမားပါပါရာဇီ ဖြစ်ပါတယ်။