တခါစား.....မြတ်ခိုင်....

တခါကမြတ်ခိုင်(ခေါ်) တခါစားမြတ်ခိုင်ဟာ ၁၉၈၀ ပြည့်လွန်နှစ်များက မဟေသီ မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ဖော်ပြချင်သူတွေကို မဂ္ဂဇင်း မှာဖော်ပြခွင့်ပြုနိုင်ရန် ကြားပွဲစားလုပ်ခဲ့သူပါ။ နောက်သူရဲ့ အတင်းအဖျင်း ရေးသားမှုများနဲ့ လူသိများလာခဲ့ပါတယ်။ ၁၉၉၅၊၉၆ခုနှစ်လောက်က ထင်ပါသည်။ ထိုစဉ်ကဂျပန်နိုင်ငံတွင် စာပေအဖွဲ့အစည်းတစ်ခုက မြန်မာပြည်ရှိ လူရိုသေ၊ရှင်ရိုသေ စာပေပညာရှင်ကြီးများ ဖြစ်ကြသည့် အမေလူထုဒေါ်အမာ၊ ဆရာကြီးဒဂုန်တာရာတို့ နှင့်အတူ မြတ်ခိုင်အားမှားယွင်း၍ ငွေတစ်သိန်းချီးမြှင့်ခဲ့သည်ကို ဖတ်ရှုခဲ့ဘူးပါသည် ... မကြာမှီ မြတ်ခိုင် ဇာတိပြလာပါတော့သည်။ မဟေသီမဂ္ဂဇင်း၌ ဂျပန်မှာ အလုပ်သွားလုပ်တဲ့သူတွေကို ရိုးသားကြိုးစားတယ် ဆိုပြီး ဂုဏ်ပြုဆုပေးရမှာလား.. ပြန်လာရင် လေဆိပ်မှာ အိုးစည်၊ဗုံမောင်းတွေနဲ့ ကြိုဆိုရမှာလား ဆိုပြီးခနဲ့တဲ့တဲ့ ဝေဖန်ချက် တစ်ပုဒ် ရေးသားခဲ့ပါတယ်။ ထိုစဉ်က ဂျပန်နိုင်ငံမှ စာပေဝါသနာရှင် တစ်ချို့ရဲ့ ပြန်လည် ရေးသားချက်တွေကိုလည်း ဖတ်ရှုဘူးသူများ သိကြပါလိမ့်မည်....။
နောက်ပိုင်းမှာ မြတ်ခိုင်ဟာ စစ်အစိုးရအတွက် သိသိသာသာကြီး ဖော်လံဖားလုပ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံရမယ်လို့ မိန်ခွန်းခြွေခဲ့တဲ့ သွားလေသူ ရထားဝန်ကြီးဝင်းစိန်ရဲ့ ဖော်လံဖား ဖြစ်လာပါတယ်.. သူရဲ့ကြီးပွားရေးမဂ္ဂဇင်းမှာ ဝန်ကြီးဝင်းစိန်ရဲ့ သတင်းများနဲ့အတူ ရင်းနှီးမှုတွေကို ရွှန်းရွှန်းဝေအောင် ဖော်ပြပါရှိခဲ့ပြီး စာနယ်ဇင်းလောကမှာ ရထားလက်မှတ်လိုချင်ရင် သူ့ကိုလာရောက် ပြောဆိုကြတယ်ဆိုပြီး ကိုယ့်ကိုယ်ကို မီးရထားလက်မှတ်ရောင်းအဆင့်၊ ရထားမဂ္ဂဇင်းအဆင့် ဖြစ်မှန်းမသိ ဖြစ်နေတာကို သတိမထားမိပဲ သာယာနေခဲ့ပါတယ်။ စာပေလောကမှာလည်း မြတ်ခိုင်ဖွခဲ့လို့ ပြသနာတက်ပေါင်းများခဲ့ပါပြီ။ စာပေပညာရှင်များနဲ့ ပြသနာဖြစ်တဲ့ အခါတိုင်း မြတ်ခိုင်ဟာ သူနဲ့ပတ်သတ်သိကျွမ်းတဲ့ စစ်အာဏာရှင်များရဲ့ အကာအကွယ်ယူကာ ဖြေရှင်းခဲ့ပါတယ် ..။

၂၀၀၈ ခုနှစ်ဇန္နဝါရီလ မှာတော့ ကဗျာဆရာကိုစောဝေဟာ အချစ်ဂျာနယ်မှာ ချစ်သူများနေ့အထိမ်းအမှတ် ဖေဖော်ဝါရီ ၁၄ကဗျာဖြင့် " အာဏာရှုးကြီးမှုးကြီးသန်းရွှေ "စာသားပါတဲ့ ကဗျာကို မြတ်ခိုင် အယ်ဒီတာချုပ် လုပ်တဲ့ အချစ်ဂျာနယ်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ အချစ်ဂျာနယ် ထုတ်ဝေသူကတော့ ဘက်ပြောင်းသွားတဲ့ ဂျပန်ပြန် သာကူး မောင်ပန်းမွှေးဖြစ်ပါတယ်။ အဲ့ဒီတုန်းက ကိုစောဝေရဲ့ ကဗျာကို မြတ်ခိုင်က သူတာဝန်ယူတယ်ဆိုပြီး အချစ်ဂျာနယ်တွင် ထည့်သွင်းပေးခဲ့တာ ဖြစ်ကြောင်း ကိုစောဝေရဲ့ဇနီးပြည်ပ မီဒီယာများနဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။ တာဝန်ခံအယ်ဒီတာမြတ်ခိုင်နှင့် မောင်ပန်းမွှေးတို့ကတော့ ဘာမှ အရေးယူခံရခြင်း မရှိခဲ့တာကြည့်ရင် မြတ်ခိုင်ရဲ့ ထောင်ခြောက်ဆင်ပြီး တွန်းပို့ခြင်းခံရတယ် ဆိုတာသိတာပါတယ် ဒီနေရာမှာ အယ်ဒီတာဟာ NLD အဖွဲ့ဝင်သာဆိုရင်တော့ ကြီးလေးတဲ့ စွဲချက်တွေ ထောင်ဒဏ်တွေနဲ့ ရင်ဆိုင်ရမှာ မလွဲမသွေပါပဲ။
အခုလည်း စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဥပဒေကို ထောက်ခံတယ်ဆိုပြီး လုပ်လာပါပြီ.. ရွေးကောက်ပွဲနေ့ရက် ထွက်လာရင်တော့ ကြိုဆိုတယ် ဆိုပြီးတော့ မြတ်ခိုင်တို့ Monitor ပြီးတော့ Key Board တို့ Mouse တို့ USB ဂျာနယ်တွေများ ထပ်ထွက်လာမလားပဲ... လူတစ်ယောက်ရဲ့ လုပ်ဆောင်မှုကို သူ့ရဲ့သမိုင်းတွေ လုပ်ဆောင်ချက်တွေက သက်သေပြပါတယ်။ မြတ်ခိုင်ဟာ သူရဲ့ဂျာနယ်တိုက် ရုံးခန်းအဝင်ဝမှာ ရေးထားတာကတော့ သေရင်ပြီးပြီတဲ့... ဆိုလိုတာကတော့ မသေခင် ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ် နာမည်ပျက်ပျက် မပျက်ပျက် သေရင်ပြီးပြီလို့ အဓိပ္ပါယ်ရနေတော့ မသူတော်ချင်း သတင်းလွေလွေ့ဆိုသလို မိစ္ဆာဒိဋ္ဌိဝါဒကို ပုံဖော်နေပါတယ်။ သေရင်တော့ မပြီးသေးပါ ခွေးဖြစ်မလား မျောက်ဖြစ်မလား လောက်ဖြစ်မလားဆိုတာ မိမိလုပ်ခဲ့တဲ့ စေတနာက အကျိုးပေးပါဦးမယ်။ မြတ်ခိုင်ရဲ့ လက်ထွက်စကားဖြစ်တဲ့ တခါကတို့ တခါစားတို့ နောက်ဆုံး အခါခါဖားနေရင်တော့ သေရင်မပြီးသေးဘဲ ရှင်လျှက်နဲ့ ကိုယ့်ကိုယ်ကို မွန်းတည့်ချိန်လို့ ထင်နေတဲ့အချိန်မှာ နေဝင်သွားနိုင်ပါကြောင်း ရေးသားလိုက်ရပါတယ်။