ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အဖျက်သမားဘယ်သူလဲ......


အဖျက်သမားဘယ်သူလဲ

သင်္ကြန်အကြတ်နေ့ ညနေက ကန်တော်ကြီးပတ်လမ်း X2o ရေကစားမဏ္ဍပ် အနီးတွင် ဗုံးသုံးလုံးဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့၍၊ လူ၉ဦးသေဆုံးခဲ့ပြီး၊ ၁၇၀ကျော်ဒဏ်ရာရရှိခဲ့သည်။ အပြစ်မဲ့ပြည်သူများ ထိခိုက်ကုန်ပြီ။ ဗုံးဘယ်သူ ဖောက်တာလဲ။ စစ်အစိုးရမီဒီယာများကတော့အဖျက်သမားတွေ ဖောက်တာဖြစ်သည် ဟုကြေညာသည်။ မှန်သည် ပြည်သူတွေကို သေကြေထိခိုက်အောင် လုပ်သူက တော့အဖျက်သမားသာဖြစ်သည်။ သို့သော်အဖျက်သမား ဘယ်သူဘယ်ဝါဆိုတာ တိတိကျကျသိဖို့ လိုသည်။ အဖျက်သမားဘယ်သူလဲ။ ဗုံးဖောက်တဲ့ အဖျက်သမားသည် ဘယ်သူများပါလဲ။

န-အ-ဖခေတ်မြန်မာပြည်တွင် ဗုံးပေါက်ကွဲမှုဖြစ်ရပ်များ မကြာခဏဆိုသ လိုရှိခဲ့သည်။ သွားလေသူ န-အ-ဖအတွင်းရေးမှူး(၂) ဗိုလ်ချုပ်ကြီးတင်ဦး၏ သမီးပင်လျှင် အိမ်ထဲတွင်ဗုံးပေါက်ပြီး သေခဲ့သည်။ ဗိုလ်ချုပ်တင်ဦး ကိုယ်တိုင်ပင်လျှင် ရဟတ်ယဉ်ပျက်ကျတာမဟုတ်ပဲ ဗုံးပေါက်ပြီး ကွယ်လွန်ခဲ့သလိုလိုသတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုသို့သတင်းထွက်စရာ အကြောင်းကလည်းရှိခဲ့သည်။ ကမ္ဘာအေး စွယ်တော်ဗုံးပေါက်ကွဲမှုတွင် ဗိုလ်ချုပ်ကြီးတင်ဦး လက်မတင်ကလေး လွတ်ခဲ့သလို၊ နေအိမ်ဗုံးပေါက်ကွဲမှုတွင်လည်း သမီးဖြစ်သူက ဓားစာခံဖြစ်သွားခဲ့ ရသည်။

မည်သို့ပင်ဖြစ်စေ ဗုံးပေါက်ကွဲမှုဖြစ်ပြီးတိုင်း စစ်အစိုးရက သတင်းစာရှင်း လင်းပွဲလုပ်၍၊ တရားခံဖော်ထုတ်လေ့ရှိသည်။ ပြည်ပြေး ဘယ်အုပ်စုကဘယ် ငနီက တခြားအုပ်စုက ငနက်နဲ့တွဲပြီး ငဖြူကို သင်တန်းပေးကာ ငဖြူက ငကြောင် ၊ငကျားစသူတို့နှင့်ပေါင်းကာ ဖောက်ခွဲခဲ့ကြောင်း စသဖြင့်၎င်းတို့ မျက်စေ့ရှေ့ မှောက်တွင်လုပ်ဆောင်ခဲ့သကဲ့သို့ ရှင်းလင်းတတ်ကြသည်။ သို့သော်တရားခံ ကိုကားတခါမျှ မမိခဲ့ဖူးပေ။
ဗိုလ်ချုပ်ကြီးတင်ဦးကို လုပ်ကြံခဲ့သူ မည်သူပါနည်း။ ယခုထိတရားခံ မပေါ်သေး။ ထို့ထက်ပို၍ စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ရိပ်သာအနီး ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် တက္ကသိုလ်ရိပ်သာလမ်း လူသတ်မှုကြီး ယခုထိတရားခံမပေါ်သေး။ သတင်းစာရှင်းလင်းပွဲများတွင် အလွန်တိကျစွာတရားခံေ ဖ်ာထုတ်ခဲ့သော စစ်ထောက်လှမ်းရေးများ အထူးရဲတပ်ဖွဲ့ဝင်များ၊ ဆိုခဲ့ပါ အမူများကို တရားခံပေါ်အောင် ဘာကြောင့်မဖော်ထုတ်နိုင်ခဲ့ပါသလဲ။ အရေးကြီးဆုံးမေးခွန်း နောက်တစ်ခုကတော့ န-အ-ဖ စစ်အုပ်စုဝင်များနှင့် ၄င်းတို့ ဆွေမျိုးမိတ်သင်္ဂဟများ နေထိုင် သောအင်းယားလမ်းတွင် နှစ်စဉ်သင်္ကြန်ပွဲ ချိမ့်ချိမ့်သဲ ကျင်းပခွင့်ပြုထားခဲ့ရာမှ ယခုနှစ်တွင်ကျင်းပခွင့်မပြုတော့ပဲ၊ သင်္ကြန်မဏ္ဌပ်များကိုကန်တော်ကြီးစောင်းသို့ ရွှေ့ခဲ့တာ အဘယ်သို့ သောအကြောင်းကြောင့်ပါလဲ။

ကန်တော်ကြီး X2o ရေကစားမ ဏ္ဍပ်၊ ဗုံးကွဲမှုတွင် ပြည်သူ ၉ဦးသေ၊ ၁၇၀ ကျော်ဒဏ်ရာရခဲ့ပြီ။ ထိုသို့ အပြစ်မဲ့သော ပြည်သူများအပေါ် ရက်ရက်စက်စက် တိုက်ခိုက်တတ်သူ မည်သူ၊ မည်ဝါ ဖြစ်သည်ကို သိနိုင်ရန် အတိတ်ဖြစ်ရပ်များကို ပြန်လည် သုံးသပ်ကြည့်ပါအုံးမည်။ မဝေးလှသောအတိတ် ၂၀၀၃ မေ ၃၀ ဒီပဲရင်း လုပ်ကြံမှုကြီး၊ ပြည်သူရာထောင်ချီ၍ သေဆုံးခဲ့သောတိုက်ခိုက်မှုကြီး၊ ထိုတိုက် ခိုက်မှုကို ကျူးလွန်ခဲ့သူမှာ န-အ-ဖ အစိုးရဖြစ်ကြောင်း တကမ္ဘာလုံးက သတ်မှတ် ထားသည်။ ထိုစဉ်က န-အ-ဖ မီဒီယာများမှာ ဘာအသံမှ မထွက်ခဲ့ကြ။ အပြစ်မဲ့သော ကျေးလက်တောသူတောင်သားများ ရက်ရက်စက်စက် အသတ်ဖြတ်ခံ ခဲ့ရခြင်း ဖြစ်သည်။ ၂၀၀၇- စက်တင်ဘာ ရွှေဝါရောင် မေတ္တာပို့သမှုကြီးကို မြို့လည်ခေါင် တွင်ရက်ရက်စက်စက် ဖြိုခွဲခဲ့သူ၊ ရဟန်းရှင်လူ ရာထောင်ချီ၍သတ် ဖြတ်ခဲ့သူမှာ န-အ-ဖပင်ဖြစ်သည်။ ထိုသို့ လူသတ်မှုများသာမက ပြန်ပေးဆွဲ ပြီးလူသတ်သည့် အမှုများကိုပင် န-အ-ဖအစိုးရကျုးလွန်ခဲ့ကြောင်းကို ကိုအောင်လှိုင်ဝင်းသေဆုံးခဲ့ မှု၊ အိမ်မဲမြို့ က ကရင်အမျိုးသားကျောင်းဆရာ သေဆုံးခဲ့ရမှုများက သက်သေ ပြလျက်ရှိသည်။

ဖော်ပြခဲ့သော အကြောင်းအရာများကို ထောက်ချင့်ကြည့်သော်၊ မင်္ဂလာအခါတော် မြန်မာ့နှစ်ကူး အခါသမယမှာ ပြည်သူတွေသေကြေ ထိခိုက်ထိတ်လန့် အောင် တိုက်ခိုက်ခဲ့သည့်အကြမ်းဖက်အဖျက်သမားမှာ မည်သူမည်ဝါ ဖြစ်နိုင်သည်ကို ခန့် မှန်းနိုင်လောက်ပါပြီ။

ပြည်သူတွေပြောနေသော စကားနှင့်ပြောရလျှင် “ဒီကောင်တွေ စစ်အစိုးရ ဘာကြံပြန်ပြီလဲ မသိဘူး” ဟု ပြောရုံသာရှိတော့သည်။

စေတနာဖြင့် ရန်ငြိမ်းအောင်(လူငယ်)

ပေးပို့ပေးသူ ကိုစိုင်း, Silver Moon