ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

“သေနတ်သံကြားတိုင်း အသက်စွန့်သွားတဲ့ညီအကိုများအတွက် တစ်သက်တစ်ကမ္ဘာမကြေ”


“သေနတ်သံကြားတိုင်း အသက်စွန့်သွားတဲ့ညီအကိုများအတွက် တစ်သက်တစ်ကမ္ဘာမကြေ”

“မောင်ကျောင်းသား”

ကြားလိုက်ရပြန်ပြီ..၊ ပစ်သတ်လိုက်ကြပြန်ပြီတဲ့ ၊ ပဲခူးမှာ စစ်တပ်ကပစ်သတ်လို့ အပြစ်မဲ့ကျောင်းသားလူငယ်နှစ်ယောက် သေဆုံးရပြန်ပြီတဲ့ ၊ အကြောင်း အရာအပြည့်အစုံမဖတ်ရခင် သတင်းခေါင်းစဉ်မှာတင် တောက်ခေါက် ၊ အသားတဆတ်ဆတ် တုန်နေအောင်ဒေါသထွက်ခံစားလိုက်ရပါတယ် ၊ နိုင်နေတယ် ဆိုပြီးထင်တိုင်းကြဲနေလိုက်တာကွာ ၊ စစ်အာဏာရှင်တွေရဲ့အောက်မှာ ငါတို့ပြည်သူတွေ ကျောင်းသားတွေရဲ့အသက်ဟာ တိရိစ္ဆာန်တွေလောက်မှတန်ဘိုး မရှိတော့ဘူးလား ၊ ဥပဒေမဲ့ သတ်ချင်တိုင်း သတ်နေတာကို ငါတို့ကျောင်းသားလူငယ်တွေ ဒီလိုပဲငြိမ်ခံနေကြတော့မှာလား ။

ဖြစ်စဉ်က ၄.၉.၂၀၁၀ရက် စနေနေ့ည၁၂နာရီလောက်မှာ၊ ပဲခူးမြို့လယ်ခေါင်ဇိုင်းဂနိုင်းတောင်ပိုင်းမှာရှိတဲ့ “ကယ်လီဖိုးနီးယား” ကာရာအိုကေဆိုင်ကနေမူးပြီး ထွက်လာတဲ့ ခလရ-၅၉(ပဲခူးဘူတာလုံခြုံရေးယူထားတဲ့နယ်မြေခံတပ်)က အရာရှိနှစ်ယောက် ငှားစီးတဲ့ဆိုင်ကယ်နဲ့ ကျောင်းသားလူငယ် ငါးယောက်စီးလာတဲ့ သုံးဘီးဆိုင်ကယ်(ပဲခူးအခေါ်တုတ်တုတ်)ချိတ်မိ စကားများရန် ဖြစ်ကြရာက စစ်ဗိုလ်နှစ်ယောက်က ပါလာတဲ့စကားပြောစက်နဲ့ သိပ်မဝေးတဲ့တပ်အထိုင်ရှိရာ ပဲခူးဘူတာကစစ်သားတွေကို လှမ်းခေါ်လိုက်ပြီး ချက်ခြင်းလို ရောက်လာချိန်မှာပစ်မိန့်ပေးခဲ့လို့ စစ်သားတွေက အချက်ပေါင်းများစွာ ပစ်ခတ်ရာက လက်နက်မဲ့ ကျောင်းသားလူငယ်နှစ်ယောက်ဖြစ်တဲ့ မောင်စိုးပိုင်ဇော်(၁၈) နှစ်နဲ့ မောင်အောင်သူဟိန်း (၂၂)နှစ် တို့ပွဲချင်းပြီးသေဆုံးခဲ့ရပါ တယ် ။

ပဲခူးမြို့ဇိုင်းဂနိုင်း(တောင်)ရပ်ကွက်၊ မင်္ဂလာလမ်း၊ အိမ်အမှတ်၂၀၀နေ အဘဦးမြတ်သူရဲ့သား မောင်အောင်သူဟိန်းက၆ချက်ထိမှန်ပြီး ဇိုင်းဂနိုင်း(တောင်) ရပ်ကွက်၊ မြလမ်း၊ အိမ်အမှတ်၁၇၇နေ အဘဦးဟုတ်ကြည်ရဲ့သား မောင်စိုးပိုင်ဇော်က ၄ချက်ထိမှန်ခဲ့ပါတယ်၊ မြလမ်းထိပ်မှာပဲပစ်ခတ်မှုဖြစ်တာဖြစ်ပြီး သွေးသံတရဲရဲ လမ်းမပေါ်လဲကျသွားကြချိန်မှာ စစ်သားတယောက်က“ စစ်တပ် ကိုစမ်းချင်တဲ့ကောင်စမ်း သေချင်းဆိုးနဲ့သေသွားမယ်” လို့ ကြိမ်းမောင်းအော်ဟစ်ပါတယ် ၊ ရဲတွေရောက်လာချိန်မှာ စစ်တပ် ကရှောင်ထွက်သွားပြီး ဘယ်သူမှ ထွက်ကြည့်လို့မရအောင် ရဲတွေက ပိတ်ဆို့ပေးထားပါတယ် ၊ အလောင်းကိုဆေးရုံသယ်တာတောင် ကောင်းကောင်းမွန်မွန် ဆေးရုံကားနဲ့မသယ်ပဲ ဆိုက္ကားနဲ့ ဖြစ်သလိုသယ်ခဲ့ပါတယ် ။

၅.၉.၂၀၁၀နေ့မှာ ချက်ချင်းအသုဘစီစဉ်ဘို့ အာဏာပိုင်တွေက ဖိအားပေးခဲ့ပါတယ် ၊ မိဘတွေ အဝေးရောက်နေလို့ ပြန်လာချိန်ရအောင် စောင့်ခွင့်ပေးပါ ၊ အိမ်ပြန် သယ်ခွင့်ပေးပါလို့ သက်ဆိုင်ရာ မိသားစုဝင်တွေက အာဏာပိုင် အဆင့်ဆင့်ဆီ ခွင့်တောင်းခဲ့ပေမဲ့ (မတရားသတ်ဖြတ်မှုကို ဖုံးကွယ်ချင်တဲ့ အာဏာပိုင်တွေ ရဲ့ထုံးစံအတိုင်း) အလောင်းကိုတော့ အိမ်ပြန်သယ်ခွင့်မပြုခဲ့ပါ ဘူး၊ ပဲခူးတမြို့လုံး အုတ်အော်သောင်းနင်းဖြစ်ပြီး ထောင်ဂဏန်းရှိမဲ့လူထုက ပဲခူးဆေးရုံ ရင်ခွဲရုံ ကို သတင်းစုံစမ်းသွားရောက်လေ့လာကြပေမဲ့ ရဲလုံခြုံရေးအများအပြားနဲ့ အရပ်ဝတ်ထောက်လှမ်းရေးတွေက တားဆီးပိတ်ပင်ခဲ့ပါတယ်တဲ့ ။

သတင်းအပြည့်အစုံဖတ်ပြီးချိန်မှာ သေဆုံးသူတွေရဲ့မိသားစုတွေနဲ့ထပ်တူ ကြေကွဲစိတ်မကောင်းဖြစ်စိတ်၊ နာကျည်းခံပြင်းစိတ်တွေကြောင့် ဒင်းတို့ကိုနိုင် အောင်ပြန်မတိုက်နိုင်သေးတဲ့အခြေအနေကိုပဲ တနုံ့နုံ့တွေးအားမလိုအားမရဖြစ်နေမိပါတယ်၊ စစ်အာ ဏာရှင်တွေရဲ့ ဒီ့ထက်ဆိုးတဲ့လုပ်ရပ်တွေနဲ့ဖြစ်စဉ်တွေကို အခါခါမြင်ဘူး ကိုယ်တိုင်လဲခံစားဘူးပါရဲ့ ၊ ဟောဒီနှလုံးသားက ထုံကျင်အသားကျမနေဘူး ၊ ကြားလိုက်ရတိုင်းနာတယ် ၊ မြင်လိုက်ရတိုင်းနာတယ် ၊ တွေးမိ တိုင်းလဲနာတယ်ဗျာ ။

ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် တည်တံ့ခိုင်မြဲရေးဆိုတဲ့ သတင်း စာတွေ တီဗွီဖန်သားပြင်တွေ ပေါ်က ဟန်ဆောင်ပန်ဆောင် ပြောပြောနေတဲ့စကားတွေ ဘယ်မှာလဲ ၊ ဒါလား တရားဥပဒေစိုးမိုးတာ ၊ ဒါလား ပြည်သူတွေကို ကာကွယ်စောင့်ရှောက်တာ ၊ ဆင်းရဲမွဲတေမှုတွေကြောင့် မလူးသာမလွန့်သာတဲ့ ပြည်သူတွေကို ပိပြားနေအောင်နင်းဖိထားပြီး အများပြည်သူမမြင်ကွယ်ရာ ကျေးလက်တောရွာတွေမှာ ထင်သလိုလုယက် ၊ မုဒိန်းကျင့်လူသတ် လုပ်နေတဲ့ဇရိုက်တွေ ခုလို မြို့ပြပေါ်ထိပြောင်ပြောင်တင်းတင်းအတင့်ရဲကျူးလွန်လာတာ တုန့်ပြန်မှုမရှိ ငြိမ်ခံနေကြ ရင်တော့ ရုပ်ရှင်တွေ ဗွီံဒီယိုတွေထဲတွေ့ဘူးတဲ့ ဖက်စစ်ခေတ် ဂျပန်တွေထက်ဆိုးလာတော့မယ် ။

“စစ်တပ်ဆိုတာ လက်နက်အားကိုးတန်ခိုးပြဘို့မဟုတ်ဘူး ၊ စစ်တပ်က ပြည်သူတွေကို လက်နက်နဲ့အနိုင်ကျင့်ဖိနှိပ်ဘို့မဟုတ်ဘူး ၊ စစ်တပ်ဟာ ပြည်သူရဲ့ အစေခံပဲဖြစ်ရမယ် ၊ ပြည်သူဟာ စစ်တပ်ရဲ့အစေခံ ဘယ်တော့မှမဖြစ်ရဘူး ” လို့ပြောခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းသာသက်ရှိထင်ရှားရှိလို့ စစ်တပ်ရဲ့ ဒီလိုရက်စက်ယုတ်မာမှုတွေကိုသာသိရင် ဆရာတင်ခေါ်လာခဲ့တဲ့ ဂျပန်ကိုပြန်ချသလို သူတည်ထောင်ခဲ့တဲ့စစ်တပ်ကို “ရရာလက်နက်နဲ့ပြန်ချကြတော့”လို့ ပြည်သူကိုနှိုးစော်ပြီး သူကိုယ်တိုင် တော်လှန်စစ်ကိုဦးဆောင်ဆင်နွှဲမယ်ထင်ပါရဲ့ ။

“ညီအကိုတို့ ပေတရာပေါ်မှာစီးတဲ့ သွေးတွေမခြောက်သေးဘူး ၊ မတွေဝေနဲ့ ” တဲ့ ၊ ဒီလောက်ထပ်ထပ်သတ်ပြီး သွေးဟောင်း တို့စွန်းခဲ့တဲ့မြေပေါ် သွေးသစ် တွေအကြိမ်ကြိမ်စီးနေတာ အပြစ်မဲ့ကျောင်းသားလူငယ်တွေ ခုလိုရက်ရက်စက်စက်အသတ်ခံရ မှုမျိုးကို မကြုံဘူးမခံစားဘူးလို့ကိုယ်ချင်းမစာနိုင်သေးတဲ့ ညီငယ်တွေလဲ သတိမူစဉ်းစားကြဘို့လိုပါပြီ ။

၁၉၈၈ ကျွန်တော်တို့ခေတ်ကတော့ လက်သဲဆိတ်ခံရချိန်မှာ လက်ထိပ်သာမက ရင်ထဲအသဲထဲသွေးသားထဲကပါနာခဲ့ကြလို့ ကျွန်တော်တို့ အောင်မြင်မှု တစ်စုံတစ်ရာရရှိသည်အထိ တိုက်ပွဲဝင်ရဲခဲ့ကြတယ် ၊ ကိုဖုန်းမော်နဲ့ကိုစိုးနိုင်တို့ ရန်ကုန်စက်မှုတက္က သိုလ်ဝန်းထဲမှာ ခုလိုရက်ရက်စက်စက်ပစ်သတ်ခံခဲ့ ရမှုကနေ ကျောင်းသားသပိတ် ၊ နောက်ဆုံးလူထုအုံကြွမှုကြီးဆက်ဖြစ်ပြီး စိန်လွင်လိုစစ်ခေါင်းဆောင်အစိုးရတွေနဲ့ နေ၀င်းရဲ့တပါတီအာဏာရှင်စနစ် ကိုဖြုတ်ချနိုင်ခဲ့တယ် ။

ဒါပေမဲ့ ကျွန်တော်တို့ တာဝန်မကျေခဲ့ပါဘူး ၊ ကျွန်တော်တို့မြင်ခဲ့မှီခဲ့တဲ့ ကိုဖုန်းမော်ကိုစိုးနိုင်ကစလို့ ၁၉၈၈မတ်လမှာအသတ်ခံ ခဲ့ရတဲ့ကျောင်းသားတွေ ၊ ၁၉၈၈ ဇွန်လမှာအသတ်ခံခဲ့ရတဲ့ကျောင်းသားတွေ ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ အသတ်ခံခဲ့ရ တဲ့ကျောင်းသားလူငယ်တွေ ၊ ပြည်သူတွေ ၊ ဒီပဲရင်းမှာမတရားရိုက်သတ်ခံရတဲ့ ကျောင်းသားလူငယ်တွေ ၊ ၂၀၀၇ စက်တင်ဘာ မှာပစ်သတ်ခံရတဲ့ သံဃာတော်တွေ ၊ ကျောင်းသားလူငယ်တွေ ၊ တောထဲတောင်ထဲမှာကျဆုံးသေဆုံးခဲ့တဲ့ ကျောင်းသား တွေ ၊ အကျဉ်းထောင်တွေထဲမှာသေဆုံးခဲ့ရသူတွေအတွက် ကျွန်တော်တို့ တာဝန်မကျေသေးပါဘူး ၊ သူတို့သေဆုံးခဲ့ရမှုတွေ အတွက် တရားမျှတမှုကို မဖြစ်စေသေးသမျှ ကျွန်တော်တို့ တာဝန်ကြေပြီ မခေါ်နိုင်ပါဘူး ၊ ဒီအတွက် ကျွန်တော်တို့ဆက်လက် တိုက်ပွဲဝင်နေရဦးမှာပါ ။

စစ်အာဏာရှင်သက်တာရှည်ခဲ့ပြီ ၊ အနိဌာရုံတွေများပြီ ၊ လူပုံအလယ် ရက်ရက်စက်စက်ပစ်သတ်တာမျိုးကြောင့် မဟုတ်ပဲလဲ စစ်အာဏာရှင်တွေကြောင့် နေ့စဉ်လူတွေသေနေကြပါတယ် ၊ ဆင်းရဲမွဲတေမှုကြောင့် အဟာရချို့တဲ့ ၊ နောက်ဆက်တွဲ ရောဂါ ဘယထူပြော ၊ ဆေးကုသစရိတ်မတတ်နိုင်တော့ ရောဂါကနိုင်သွားပြီးတဖြည်းဖြည်းသေ ၊ အဲလိုပြည်သူတွေလဲ အသတ်ခံ လိုက်ရတာပါပဲ၊ ကလေးမီးမဖွားနိုင်လို့သေတယ် ၊ မြွေဆိပ်မိလို့သေတယ် ၊ ဆေးရုံကိုအချိန်မှီမရောက်လို့သေတယ် ၊ ဆေးရုံ မှာဆေးမရှိလို့သေတယ် ၊ ဆေးရုံဆေးခန်းကိုမရှိလို့သေတယ် ၊ ဆရာဝန်မရှိလို့သေတယ် ၊ ၀ဋ်ကြွေးမဟုတ်ဘူး ၊ ကံကြမ္မာ မဟုတ်ဘူး ၊ ပြည်သူတွေဘာဖြစ်နေနေ ငတေမာပြီးရောကိုယ်ကျိုးရှာနေတဲ့ စစ်ဗိုလ်ချုပ်တွေသတ်တာ ။

နာတယ်..၊ လက်ထိပ်ကတင်မဟုတ်ဘူး ၊ ရင်ထဲအသဲထဲ သွေးသားထဲကပါနာတယ် ၊ ခုလိုရက်ရက်စက်စက် ပစ်သတ်ခံရ တာမျိုး ပိုနာတယ် ၊ မကြေ..ဘယ်တော့မှမကြေ.. တစ်သက်တစ်ကမ္ဘာမကြေ..။

စစ်အာဏာရှင်စနစ်ကျဆုံးသည်ထိ

မောင်ကျောင်းသား