ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရန်ကုန်က ဂျပန်နဲ့ ကားဖက်စပ် ထုတ်တဲ့ စက်ရုံတစ်ခုမှ အင်ဂျင်နီယာ တစ်ယောက်ရဲ့ ဖွင့်ဟပြောဆိုချက် (မြန်မာပြည်ကလာတဲ့စာ...)


ရန်ကုန်က ဂျပန်နဲ့ ကားဖက်စပ် ထုတ်တဲ့ စက်ရုံတစ်ခုမှ အင်ဂျင်နီယာ တစ်ယောက်ရဲ့ ဖွင့်ဟပြောဆိုချက်

ကိုဒီမိုရေ ဒီတစ်ခေါက်တော့ ဂျပန်-မြန်မာ ကားစက်ရုံမှာ လုပ်ကိုင်ခဲ့တဲ့ အင်ဂျင်နီယာ တစ်ယောက်ရဲ့ ဖွင့်ဟပြောဆိုချက်လေးကို ရေးသားပေးပို့လိုက်ပါတယ်...။ ကိုဒီမို အဆင်ပြေသလို ပြန်ပြင်ပြီး တင်ပေးပါဦး...။

ကိုဒီမိုရေ ရန်ကုန်မှာတော့ ဂျပန်နဲ့ ကားဖက်စပ် ထုတ်တဲ့ ကုမ္ပဏီက နှစ်ခုပဲ ရှိတယ်လေ.. SUZUKI နဲ့ ISUZU ပါ.. အဲ့ဒီကုမ္ပဏီ ၂ခုထဲက တစ်ခုမှာပေါ့..။ ပြောချင်တာကတော့ မြန်မာပြည်က စစ်အာဏာရှင်တွေက ပြည်သူအတွက် ဘာမှ မစဉ်းစားဘဲ သူတို့ စစ်တပ်အသိုင်းအဝိုင်း ကြီးပွားချမ်းသာဖို့ လုပ်နေတယ်ဆိုတာပါပဲ.. ကျွန်တော် အဲ့ဒီစက်ရုံမှာ အင်ဂျင်နီယာ တစ်ယောက်အနေနဲ့ ၂၀၀၀ခုနှစ်လောက်က ဝင်လုပ်ခဲ့တယ်လေ.. ဒီစက်ရုံကို ဝင်တုန်းကတော့ စစ်တပ်အသိုင်းအဝိုင်း အတွက် ထုတ်လုပ်နေတဲ့ စက်ရုံဆိုတာ မသိခဲ့ရိုးအမှန်ပါပဲ... ရန်ကုန်မှာ ဂျပန်စက်ရုံဆိုတော့ လုပ်ချင်ဝင်ချင်တဲ့ သူတွေ အများကြီးကြားမှာ တစ်လဒေါ်လာ ၃၀၀ ဆိုတဲ့ မျှော်လင့်ချက်နဲ့ လူတွေ့စာတွေ့ အရည်အချင်းစစ် စာမေးပွဲတွေ ဖြေပြီးတစ်ခြား အင်ဂျင်နီယာတွေနဲ့ အတူဝင်ခွင့် ရခဲ့တာပေါ..။ အဓိကကတော့ ဂျပန်တွေနဲ့ တွဲလုပ်ချင်တာရယ် ပညာလိုချင်တာရယ်ပါ..။

အာပတ်လွတ်အောင် Toyota Double Cab ပုံလေးတင်လိုက်ပါတယ်
ကျွန်တော်တို့ စက်ရုံက အဲ့ဒီတုန်းက Double Cab တွေထုတ်ခဲ့ပါတယ်.. စက်ရုံဆိုလို့ အထင်တော့ မကြီးနဲ့ဦး နှစ်ရက်နေမှ (၁)စီးပဲ ထုတ်နိုင်တာပါ...။ တစ်လမှ ၁၅စီးနဲ့ တစ်နှစ်မှ အစီး (၃၀၀) ကျော်လောက်ပါ..။ စက်ရုံအင်ဂျင်နီယာ ၁၅ယောက်လောက်နဲ့ပေါ့ ပစ္စည်းအပိုင်းအစ(Parts)တွေ အားလုံးကို ဂျပန်က မှာယူတာလေ..။ ဒီမှာ ကားတစ်စီးလုံး ဖြစ်အောင်.. ပြန်ဆင်တာဆိုတော့ စက်ရုံအဆင့်လို့တော့ ပြောလို့တော့ မရဘူးပေါ.။ အဲ့ဒီကားတွေကို ဂျပန်မှာရောင်းတာ အသစ်မှ ဒေါ်လာ ၂သောင်း၂ထောင်လောက်ပဲ ကျတာလေ..။ အဲ့ဒီကားတွေကို ကျွန်တော်တို့ ဂျပန်ကုမ္ပဏီကဒေါ်လာ ၂သောင်း၅ထောင်နဲ့ ပြန်ရောင်းပြီး သိန်း၃၀လောက်ပဲ အမြတ်ယူပြီး ပြန်ရောင်းရတာလေ..။ ပြန်ရောင်းတယ်ဆိုတာ ပြည်သူလူထုကို ရောင်းရတာ မဟုတ်ပဲ.. သူတို့စစ်တပ်ကို ပြန်ရောင်းရတာ.. သူတို့ကိုပဲ ချပေးရတာ အဓိက ဦးပိုင်ကိုပေါ့... ဦးပိုင်က ဗိုလ်မှုးကြီး အဆင့်ကနေ ဗိုလ်ချုပ်အဆင့်ထိ ရကြတာလေ.. ဥပမာ အကိုက ဗိုလ်မှုးကြီးဆိုရင် ဦးပိုင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အေး လက်မှတ်နဲ့ ဗိုလ်မှုးကြီးဘယ်သူ ဘယ်သူကိုချပေးလိုက်ပါဆိုပြီး ပါမစ်ထွက်လာတယ်...။ ဒီကားတွေက ဗိုလ်မှုးကြီး အဆင့်နဲ့ အထက်ပဲချပေးတာနော်... အခြားအဆင့်မရဘူး.. အဲ့ဒီတော့ ပါမစ်ရတဲ့ ဗိုလ်မှုးကြီးက အပြင်မှာ သိန်း၈၀၀ကျော်လောက် ပေါက်ဈေးရှိတဲ့ ကားကို သိန်း ၂၅၀နဲ့ ဝယ်လို့ရသွားပြီပေါ့.. အဓိကသူတို့က အဲ့ကားတွေ စီးတာမဟုတ်ဘူး အဲ့တော့ကားဝယ်ဖို့ ငွေမလောက်တဲ့ တစ်ချို့ဗိုလ်မှုးကြီးတွေက ကုလားပွဲစားကို သိန်း၇၀၀ နဲ့ရောင်းပြီး ကုလားပွဲစားက ကျွန်တော်တို့ ဆီမှာလာထုတ်တာပေါ့...။ ဗိုလ်မှုးကြီးတွေက စက်ရုံဈေးသိန်း၂၅၀ပဲ သွင်းရတော့ ငွေသိန်း ၄၅၀က အလကားရလိုက်တာပေါ့ .. ထီပေါက်သလိုပေါ့ သူတို့အချင်းချင်း ဝေစားမျှစား ပြသနာ မရှာအောင် အလကားပေးစားတဲ့ သဘောပေါ့ အကိုရာ.. နောက် Double Cab ကိုနောက်က အမိုးတွေ ဘာတွေနဲ့ လုပ်ထားတော့ ဇိမ်ခံကားလို့ စီးလို့ရတယ်လေ. တစ်ချို့ဗိုလ်ချုပ်တွေက သူတို့သားသမီးတွေ ကိုယ်တိုင်လာထုတ်ကြပြီး ပြီးတော့ ပြန်ရောင်းပေါ့..။

ကျွန်တော်မှာရှိတဲ့ စာရင်းအရ ၂၀၀၁ခုနှစ်မှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနာမည်နဲ့ ၆စီးထုတ်ပြီး ဗိုလ်ချုပ်ခင်ညွန့်နာမည်နဲ့က ၃စီးထုတ်ပါတယ်.. ဒါကျွန်တော်ရှိတုန်းက မှတ်ထားမိတဲ့ စာရင်းပေါ့...။ ဦးပိုင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အေးက လက်မှတ်ထိုးပေးရတယ်..။ အဲ့ဒါတွေက တစ်နှစ်တစ်နှစ်ကို အစီး ၃၀၀ကျော် ၄၀၀ကြားမှာလေ.. အဲ့ဒါသူတို့ အတွက်ကြီးပဲလေ.. အဓိကအကိုရာ ဂျပန်ကုမ္ပဏီက အဓိကလိုချင်တာ Open ဖွင့်ပေးပါ.. ပြည်သူလူထုတွေပါ ရောင်းပေးပါ.. အစီးရေ တစ်သောင်းထုတ်ပေးပါ.. စက်ရုံကြီးတွေဆောက်ပေးမယ် များများထုတ်ပေးမယ် ပြည်သူတွေကို Open ဖွင့်ရောင်းပေးပါ.. ပြောတော့..။ သူတို့က ဂျပန်တွေကို ဘာပြောလည်းဆိုတော့ ငါတို့တိုင်းပြည်က ဆင်းရဲတယ် .. အဟောင်းပဲ ဝယ်စီးနိုင်တာ. အသစ်ဝယ်စီးမယ့် အစားအဟောင်း ၃စီး လောက်ဝယ်ပြီး ပြန်ရောင်းစားလို့ ရတယ်လို့ ပြောတယ်လေ.. ဒါဆိုသူတို့ဘာလို့ ဝယ်စီးလဲ.. ဂျပန်ကားအစုတ်တောင် အပြင်မှာ သိန်းသုံး လေး ငါးရာပေးဝယ်နေရတာ။ ဂျပန်ကုမ္ပဏီကလည်း သိသိကြီးနဲ့ ခံနေရတာလေ..။ သူတို့တွေက ဒီကားတွေကို သူတို့စစ်တပ် အသိုင်းအဝိုင်းတွေအတွက်ပဲ မျောပြီး မျှင်းပြီး ထုတ်ချင်တာလေ.. ဘယ်လောက် ရင်နာဖို့ကောင်းလဲ.. ။ အဓိကရည်ရွယ်ချက်က သူတို့လူကြီးတွေဗျာ စိတ်ငြိမ်ငြိမ်နဲ့ ငြိမ်ငြိမ်စိမ်စိမ်နဲ့ စားလို့ရအောင် စိတ်ဝမ်းမကွဲအောင် လုပ်ထားတာပေါ့.. အကိုရာ ဗိုလ်မှုးကြီးအဆင့်ရတာနဲ့ ကားဝယ်ခွင့် သေချာပေါက်ရပြီ.. ။ စက်ရုံမှာ ဦးစီးတာကလည်း ဘာမှ မသိတဲ့ ဗိုလ်မှုးကြီးပဲလေ..။

ဂျပန်တွေကလည်း မြန်မာပြည် ပြန်ကောင်းလာရင်ဆိုတော့ မျှော်လင့်ပြီး တမင်အရှုံးခံပြီး လုပ်နေရတာပေါ့.. နောက်ပိုင်းကြတော့ သူတို့လည်း နှစ်တွေကြာလာ နောက် ကျွန်တော်တို့အတွက် ဝန်ထမ်းခတွေ မတတ်နိုင်တော့သလို ဂျပန်မှာလည်း ကုမ္ပဏီက မော်ဒယ်မြင့်တွေပဲ ထုတ်တော့ နောက်မြန်မာပြည်မှာလည်း တစ်လတစ်လ အစီး ၂၀လောက်တောင် မထုတ်နိုင်တော့ လွန်ခဲ့တဲ့ ၅နှစ်လောက်က စပြီး တစ်ခြား ထရပ်ကားတွေ ပြန်ပြောင်း ထုတ်နေပြီလေ.. ဗိုလ်မှုးကြီးတွေအတွက် နောက်တစ်ဂွင်ပေါ့...။

နောက်တစ်ခု ၂၀၀၂ခုနှစ်လောက်က ဘယ်သူမှ မသိလိုက်တဲ့ လျှို့ဝှက်ကိစ္စတစ်ခုကတော့ ဂျပန်ကားကုမ္ပဏီက အီရတ်ကို စစ်တပ်သုံးကားတွေ ရောင်းချင်တော့ မြန်မာပြည်ကနေ လှည့်ရောင်းဘို့ ကြိုးစားတယ်လေ..။ ဂျပန်က တိုက်ရိုက်ရောင်းရင် အမေရိကန်က ထောင်းမှာကိုး.... အဲ့ဒီတုန်းက အီရတ် စစ်ပွဲ မဖြစ်သေးဘူးလေ.. အဲ့ဒီတော့ မြန်မာစစ်တပ်နဲ့ အီရတ်စစ်တပ်ချင်း ညှိနှိုင်းပြီး စစ်ကားတွေ မြန်မာဘက်က လှည့်ပြီး ရောင်းဖို့လုပ်ကြတယ်လေ။ ဂျပန်ကလည်း စီးပွားရေးဆိုတော့ လုပ်ချင်တာပေါ့.. နောက်ဆုံးကြတော့ မြန်မာပြည်က လှည့်သွင်းရင် စားရိတ်စားက မကိုက်တာနဲ့ အဲ့ဒီအစီအစဉ် ပျက်သွားတယ်။

အဓိကကတော့ အကိုရေ စစ်တပ်က သူတို့စစ်တပ် Fun အတွက်နဲ့ မျှဝေမျှစားဖို့ သူတို့စစ်တပ် အတွက် ကောင်းစားဖို့ပဲ လုပ်နေတာပါ.. စစ်တပ်အတွက် ဆိုတာလား သူတို့အပေါ်ပိုင်းက လူတစ်စုအတွက်ပါပဲ.. အောက်ခြေစစ်တပ်က အခြားအဆင့်တွေကတော့ ဆင်းရဲမွဲတေနေတာ သိတဲ့အတိုင်းပါပဲ။ ပြည်သူအတွက် ဘာမှကို မစဉ်းစားတော့တာ.. အဲ့တော့ ဒီစံနစ်ကြီးကို ကာကွယ်ဖို့က သူတို့အားလုံးရဲ့တာဝန်လေ..။ ဒီအာဏာရှင် စံနစ်ခိုင်လေ သူတို့ရေရှည်ကြီးပွား ချမ်းသာလေပေါ့... ဒီအကြောင်းတွေကိုလည်း စစ်တပ်အတွင်းက အောက်ခြေက စစ်သည်တွေကို သိစေချင်တယ်.. ဘယ်သူတွေကို ဘာကြောင့် ကာကွယ် ပေးနေရတာလည်းဆိုတာပေါ့။

ကိုဒီမိုရေ နောက်တစ်ခေါက် ဂျပန်နိုင်ငံက ODA နဲ့ ကျောင်းတွေ လာဆောက်ပေးတဲ့ ဂျပန် NGO အဖွဲ့Green Grass Association ရဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ဆောင်ပေးတဲ့ ကုမ္ပဏီတစ်ခုက ဝန်ထမ်းတစ်ယောက်ရဲ့ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဋ္ဌာနက ပိတ်ပင်တားဆီးမှုတွေ အကြောင်း ဖွင့်ဟချက်ကို ရေးပို့လိုက်ပါမယ်။

လေးစားစွာဖြင့်
ပြည်သူ့ဝန်ထမ်းတစ်ဦး

ဒါကတော့ မြန်မာပြည်ရဲ့ စီးပွားရေးလောကမှာ တစ်ဦးတည်း ပိုင်ဆိုင်ချင်တဲ့ ဦးပိုင်ရဲ့ ဗိုလ်မှုးကြီး အဆင့်နဲ့ အထက် ဗိုလ်ချုပ်တွေရဲ့ အခွင့်ထူးခံအကြောင်းတွေပါ.. အောက်ခြေစစ်သည် တွေကတော့ ရှေ့တန်းထွက်ရင်တောင် Equiment တွေကို နောက်တန်းမှာ ကျန်ခဲ့တဲ့ မိသားစုအတွက် ပေါင်နှံပြီး မပြည့်မစုံနဲ့ အသက်စွန့်ပြီး ရှေ့တန်းထွက်နေရတာပါ။ အထက်က ဗိုလ်ချုပ်တွေကတော့ တစ်သက်စား မကုန်တဲ့ စည်းစိမ်တွေကို ကာကွယ်ဖို့ အာဏာရှင် စံနစ်ကို ရေရှည် တည်တံ့အောင် အသက်ဆက်ဖို့ ၂၀၁၀ဆိုတဲ့ အတုအယောင် ရွေးကောက်ပွဲကို အတင်းအကြပ် ပြုလုပ်ပါတော့မယ်။ ကျွန်တော်တို့ ပြည်သူ့ဘက်က ပြည်သူ့စစ်သည်တွေ အမှန်တရားအတွက် ပြည်သူတွေနဲ့ ပူးပေါင်းဖို့ အချိန်ရောက်နေပါပြီ..။