ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ(၄) ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ(၄)
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
အခုကျနော်တို့က နာဂစ်ဥပဒေကို ပြင်ဆင်ကြရပါမယ်။ နာဂစ်ဥပဒေဟာ ဗိုလ်ရွှေတဦးထဲ စိတ်ထင်သလို တဘို့ထဲ ကြည့်ဆွဲထားတာ။ အင်မတန်လောဘ အတ္တကြီးပြီး နှစ်အနည်းငယ်အတွင်း သူတပည့်တွေတောင် ဘီလျှံနာဖြစ်အောင် ချမ်းသားသွားကြတဲ့အထိ လွန်လွန်မင်းမင်း မတရားချမ်းသာသွားတဲ့ လောဘရမက် ကြီးမားသူတွေ။ ဂရိအတွေးအခေါ်ပညာရှင်ကြီး ZENO (SOCRATES နောက်ပိုင်း -ဘီစီ-၃၃၆- ၂၆၄) အဆိုအမိန့်လေးကို ကိုးကားရရင် ..(The advaricious man is like the barren sandy ground of desert which sucks in all the rain and dew with GREEDINESS , but yeilds no fruitful herbs or plants for the benefit of others. သဲကန္တာရကြီးထဲက သဲပြင်ဟာ မိုးရည်တွေ နှင်းစက်တွေကို အငမ်းမရ စုပ်ယူပစ်လိုက်ပေမဲ့ အကျိုးရှိနိုင်တဲ့ သီးပင်စားပင်တွေတော့ ဖြစ်ထွန်းပေါက်ရောက် မလာနိုင်သလို လောဘ အလွန်အမင်းကြီးသူဟာလဲ သဲကန္တာရလိုပါဘဲ ဘာအကျိုးအမြတ်မှ ထွက်လာစရာမရှိပါဘူး။

အခုဘဲကြည့်ပါ။ သူ့စီမံချက်တွေက သူ့စိတ်ထင်တိုင်း မြို့တော်ကို ဇွတ်ရွှေ့တယ်။ လှိုဏ်ခေါင်းတွေမှာ မတရားအကုန်ခံတယ်။ လက်နက်မှာ အကုန်သုံးတယ်။ ပြည်သူပြည်သားတွေကို အသိမပေးဘူး။ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေဟာ ပြည်သူပြည်သားတွေရဲ့ ပိုင်တဲ့ငွေပါ။ တိုင်းပြည်တိုးတက်ရေး တစက်ကလေးမှ ထည့်မတွက်ထားတဲ့ သဲကန္တာရလို ပါဘဲ။ ဒီလို အတ္တကြီးမားလွန်းသူ ဆွဲတဲ့ နာဂစ်ဟာလဲ သူ့တဘို့ထဲ အာဏာလက်ဝါးကြီး အုပ်ထားဖို့ အကွက်ရှိရှိ စီမံချက်ချထားတာပါ။ ဒီလောဘသားက နိင်ငံတော်အရေးကို လုပ်နေပါတယ်ဆိုတာ ယုံသူရဲ့အပြစ်ပါ။

နာဂစ်ဥပဒေကြီးဟာလဲ နိမိတ်မကောင်းပါဘူး။ မြန်မာပြည်ဟာ ကြီးမားတဲ့မုန်တိုင်းတွေ အင်မတန် ကျရောက်ခဲပါတယ်။ အထူးသဖြင့် ဧရာဝတီတိုင်းဘက်ကို မကျရောက်ပါဘူး။ အခု မုန်တိုင်းကြီး ပေါ်လာတော့ ကမ္ဘာက နာမည်ပေးလိုက်ပါတယ်။ နာဂစ်တဲ့။ ၁၉၅၀-ခုနစ်တွေက နာမည်ကျော် အိန္ဒိယရုပ်ရှင် မင်းသမီိးကြီး နာမည်လို့လဲပြောတယ်။ အိန္ဒိယနတ်ဒေ၀ါတပါး နာမည်လို့လဲပြောတယ်  ထားပါတော့ ကုလားမနာမည်။ သန်းရွှေက ဒေါ်စုကို မဟုတ်တမ်းတရား နာမ်နိမ်ပြီး ကုလားမ ကုလားမ ခေါ်စေတယ်။ သူ့တသက် အရေးတကာ့ အရေးအကြီးဆုံး အခြေခံဥပဒေကြီး ဆန္ဒခံယူပွဲလုပ်ဖို့ တပတ်အလိုမှာမှ တိုက်တိုက်ဆိုင်ဆိုင် မုန်တိုင်းကြီးပေါ်လာတယ်။ မုန်တိုင်းတကာတို့ရဲ့ မိခင်ကြီး။ အဆင့်-၄ ပျင်းအား။ နံမည်က ကုလားမနံမည်(NARGIS)။ ပြီးဝင်လာတာ မြန်မာပြည်ကို ပထမဦးဆုံး ထိလိုက်တဲ့နေရာက နီဂရေ့အငူ (CAPE NEGRIS) (နဂါးငူစွန်း) (မော်တင်စွန်း) ရာဇ၀င်မှာသာ ပြန်ရှာဖတ်ကြည့်ကြပါ။ ဘာကြောင့်နဂါးငူအစွန်းလို့ ခေါ်တယ်ဆိုတာ။ နာဂစ်နဲ့ နီဂရေ့ .. သူစိတ်ထား ယုတ်တော့ ကုလားမကြီးက သူ့တသက်အဓိကအကျဆုံး အခြေခံဥပဒေကြီးကို ထက်ခြမ်းပိုင်း ထဲ့လိုက်တယ်။ နိမိတ်မရှိ နမာမရှိ နှစ်ပိုင်းခွဲလုပ်ရတယ်။ ဒါအလွန်မကောင်းတဲ့ နိမိတ် ။

ဆန္ဒခံယူပွဲကြီး မင်္ဂလာမရှိ နှစ်ခါခွဲ လုပ်လိုက်ရတာပါဘဲ။  ဒါမကောင်းလွန်းလှတဲ့ နိမိတ်ပါ။ တိုင်းပြည်တခုရဲ့ အရေးအကြီးဆုံး ဖွဲ့စည်းပုံကြီးဟာ အသုဘရက်ကြီးမှာ လုပ်လိုက်ရတယ်ဆိုတာ လုံးဝမလုပ်ကောင်းပါဘူး  မိသားစုတခုမှာ မင်္ဂလာဆောင်ခါနီး အသုဘကိစ္စ ပေါ်လိုက်ရင် ရပ်ထားသင့်တဲ့ကိစ္စပါ။ လူတိုင်း ရပ်ကြတာပါဘဲ။ အခုကျနော်နဲ့ အတူတူ အလုပ်လုပ်နေတဲ့ ကျောင်းဆရာမတဦး (ဂျပန်မ) သြဇီနဲ့ယူတယ်။ နာဂစ်ဖြစ်တဲ့ ရက်ပိုင်းဘဲ ဂျပန်ပြန် မင်္ဂလာဆောင်ဖို့ပြန်တယ်။ ဟိုမှာ အဒေါ် ဆုံးတော့ မင်္ဂလာဆောင်ကို ရွှေ့ပြန်ခဲ့ကြရပါတယ်။ အခုကလေးတောင် နှစ်ယောက်ရနေပါပြီ။

အခု ဆင်းရဲမှု တိုက်ဖျက်ရေး ပြန်ဆက်ပါမယ်။ ဆင်းရဲမှုတိုက်ဖျက်ရေး ပင်မအကျဆုံးက ပြည်သူလူထုဘ၀ အကြပ်အတည်း ဘယ်လိုရှိနေတယ် ဆိုတာကို စစ်တမ်းကောက်ယူတာ မလုပ်သေးဘဲ ဘယ်လို ကိန်းဂဏန်းတွေကို အခြေခံချပြီး ပန်းတိုင်ဘယ်လို ထားလဲမသိရပါဘူး။ လူမမာတဦးကို ဆေးကုပေးဖို့  ဘာရောဂါ အဖျားကဘယ်လောက်ရှိနေတယ် ကိုယ်ခန္ဒာအလေးချိန်ကဘယ်လောက် သွေးပေါင်က ဘယ်လောက်ဆိုတာတွေကို တိုင်းဆတာမလုပ်ဘဲ ဆေးကုမယ် လုပ်နေသလို ဖြစ်နေပါတယ်။  ကျနော်ဘဲမသိလို့လား။ ဥာဏ်မမှီတာလား ။

မြန်မာပြည်မှာ လူဦးရေအများစုက ကျေးလက်ဒေသနေသူတွေ။ တောင်သူတွေ လယ်သမားမိသားစုတွေ။ သူတို့အတွက် တပိုင်တနိုင် စီးပွားရေးလေးတွေ စီမံပေးရင် လုပ်ချင်နေကြသူတွေပါ။ အလုပ်ကို မျှော်နေကြရသူတွေပါ။ ဒါကို တချို့ ပြည်ပရောက်တွေက မြန်မာတွေမွဲရတာ မြန်မာလယ်သမားတွေက တနှစ်ကိုအလုပ်လေး နဲနဲလုပ်ပြီး အပျင်းထူနေကြတာဆိုပြီး လယ်သမားတွေဘဝကို နားမလည် ကိုယ်ချင်းမစာ ပုတ်ခတ်ထားပါတယ်။ အဲဒီလူကို ကျနော်က လယ်သမားတွေရနေတဲ့ လုပ်ခရဲ့  (ဆယ်ဆ - တနည်းပေါ့ တနေ့ကို -၁၅-ဒေါ်လာပေါ့) ပေးပြီး လယ်သမားတွေလုပ်သလို လုပ်ကြည့်စေချင်ပါတယ်။ နိုင်ငံခြားမှာနေပြီး တနာရီကို ၁၀- ၂၀ ဒေါ်လာရပြီး ပေါ့ပေါ့ပါးပါးလေး လုပ်နေရသူက ကိုယ်ချင်းမစာ ပြောနေတာ။ အခုကျနော့် အလုပ်လဲ ပေါ့ပေါ့လေးပါ။ တနာရီ- ၂၂-ဒေါ်လာရတယ်။ ဒါတောင် ကျောင်းဆရာမတွေနဲ့ အလုပ်တူပြီး လခ-၆၀-% နည်းနေလို့ စက်တင်ဘာလ-၁၇ရက်နေ့မှာ တနိုင်ငံလုံး မြို့တိုင်းတန်းစီပြီး ဆန္ဒပြကြမယ် အစီအစဉ်ကို တရားဝင်ဆွဲထားတယ်။ ကျနော်လဲ မပါရင် မကောင်းလို့လိုက်ဖို့ စာရင်းပေးထားရပါပြီ။ ( www.bigsteps.org.au) or (www.unitedvoice.org.au)  မှာဝင်ကြည့်လို့ ရပါတယ်။

ကျနော်တို့ဆီမှာ ပင်စင်လစာတွေ တိုးပေးရေး လက်မှတ်ထိုး ကမ်ပိန်းလုပ်လို့ ကျနော့်ဦးဇင်း ဦးဝေပုလ္လ (အင်းစိန် ရတနာသိင်္ခကျောင်းတိုက်) နဲ့တပါး အခြားလူငါးဦး ပြေးကြရပါတယ်။ တောလမ်းကနေ လူဝတ်နဲ့ ခက်ခက်ခဲခဲ ပြေးကြရပါတယ်။ ဝေါမြို့မှာ မင်းမဏ္ဍိုင်@အောင်ဇေထွန်း (တတိယနှစ် အနောက်ပိုင်းတက္ကသိုလ်) အဖမ်းခံလိုက်ရပါတယ်။ အခုတော့ ခံဝန်ချက်နဲ့ ပြန်လွတ်ပေးထားပါတယ်။ တလကို ကျပ်ငွေ ၅၀၀-အောက် (ဒေါ်လာနဲ့ဆို ဒေါ်လာတ၀က်လောက်သာ ရတာကို) ဒီမှာပြောပြတော့ မင်းက သိပ်ပိုနေတာလားအမေးခံရပါတယ်။ ကျနော့်လစာ တနှစ်ကို အခွန်ဆောင်အပြီး (၃၂၀၀၀ ဒေါ်လာ) ရတာကို နည်းနေလို့ ဆန္ဒပြရပါမယ်တဲ့။ မူလတန်းကျောင်းဆရာမတွေက တနှစ်ကို (၅၄၀၀၀) လောက်ရနေတာမို့ပါ။ ဘတ်စ်ကားမောင်းသူက ပိုတောင်များပါသေးတယ်။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လူကြီးမင်းများက ပင်စင်လစာနည်းနေတာ တင်ပြတာလေးအတွက်နဲ့ ဖမ်းလိုက်သေးတယ်။ မူလတန်းကျောင်းအုပ်က... ၉၇၀၀၀-လောက် ရနေတာပါ။ ကျနော်တို့ဆီက သမ္မတကြီး လစာထက်ကို ပိုပါတယ်။

လယ်သမားတွေအတွက် တပိုင်တနိုင် အလုပ်လေးတွေလည်း စဉ်းစားပေးကြရပါမယ်။  အဓိကကတော့ ဦးနေ၀င်း လူလည်လုပ်ထားခဲ့တဲ့ လယ်လုပ်သူ လယ်ယာပိုင်စေရမည်ဆိုတဲ့ လယ်သမားတွေအပေါ် နားလှဲ့ ပါးရိုက်ထားတဲ့ စံနစ်ကိုပြုပြင်ပေးရပါမယ်။ ဦးနေ၀င်းက ဆိုရှယ်လစ်စံနစ် (အတုပေါ့လေ) အော်ထားတော့ ဟုတ်သလိုလို ရှိသေးတယ်။ အခု န.အ.ဖ.က အစိုးရသစ်က ဒီမိုကရေစီဆိုပြီး တနိုင်ငံလုံး အကုန်ထုတ်ရောင်းစား၊ ပြီးတော့လယ်သမားတွေကို လယ်လုပ်သူ လယ်ပိုင်စေဆိုတာ ပြင်ပေးရပါမယ်။ လယ်ကို လယ်သမားတွေအပြီး ပိုင်ဆိုင်ခွင့်ပေးရပါမယ်။ လယ်လုပ်သူ လယ်ပိုင်စေဆိုတာက လယ်ယာလုပ်ကိုင်ခွင့်ကို ကြံဖွတ်ကကိုင်ထားတာ။ လယ်သမားတွေကို သူတို့ကိုမကန်ဖို့ လယ်ယာလုပ်ကိုင်ခွင့် ချပေးရေးနဲ့ ကိုင်ထားဖို့  ရည်ရွယ်ချက်ပါ။ လယ်သမားဟာ လယ်လုပ်လုပ် မလုပ်လုပ် (ပိုင်ဆိုင်)ရပါမယ်။ လယ်လုပ်ပိုင်ခွင့်နဲ့ လက်တလုံးခြား နားလှဲ့ ပါးရိုက်လုပ်နေတာရပ်ပါ။ မရပ်ရင် တိုက်ပွဲဖေါ်ပေးပါမယ်။

ဦးနေ၀င်းတက်လာတော့ ကျနော့်အဖိုးတွေက လယ်ပိုင်ရှင်ကြီးတွေ။ လယ်တွေအသိမ်းခံရတယ်။ ဘေးကပ်လျှက်က အိမ်က သူကြီးဖြစ်လာတယ်။ မ.ဆ.လ.ခေတ်သူကြီးပေါ့။ လယ်သမားတွေက အဖိုးဆီ ဆန်လေးဘာလေးလာ ကန်တော့ရင် ရန်ရှာတာခံရတယ်။ အဖိုးက ဆန်ဖွတ်စက်ကလေး ပဲခွဲစက်လေး လုပ်ထားတာ ခနခန အပိတ်ခံရတယ်။ ကျောင်းတော်က ရန်စတွေပါ။ ယုတ်မာနိုင်သလောက် ယုတ်မာပြနေတာ။ ပြီးတောင်သူလယ်သမားနေ့ ဘာနေ့ညာနေ့တွေဆို လယ်သမားတွေကို ဒိုးပတ်တွေနဲ့ တွံတေးသိန်းတန် သီချင်းတွေနဲ့ပေါ့။ လယ်ယာမြေရွှေဝါ၀င်းတို့ ဘာညာတွေ တီးမှုတ် အဖိုးအိမ်ဝိုင်းထဲ အထိ ၀င်ခိုင်းကပြခိုင်းပေါ့။ အဖိုးအိမ်ဝိုင်းကလဲ ရွာအလယ်ခေါင်မှာ တစ်ဧက အိမ်အကြီးကြီးတွေနဲ့။ လယ်သမားတွေ (တချို့က) ငါတို့ကလယ်ပိုင်တွေ ဖြစ်ပြီဟေ့ပေါ့ လယ်သမားတွေပိုင်ပြီပေါ့။ ဒို့ပိုင်တဲ့မြေ ဒို့ပိုင်တဲ့မြေ တွံတေးရဲ့ သီချင်းလေးနဲ့ အတင်းလာလိမ်ခိုင်းတယ်။ အဖိုးက ဒါလယ်သမားတွေကို လိမ်တာ ကြည့်နေပေါ့။ မကြာပါဘူး လယ်ကို ပိုင်မပိုင်တော့မသိဘူး။ လယ်ယာက သီးတဲ့အသီးအနှံကိုတော့ မပိုင်ပါဘူး။ ထွက်သမျှ အကုန်နီးနီး ဒိုင်ပို့ရတော့တာပါဘဲ။ ဆိုထားတယ်လေ။ ဒို့ပိုင် ဒို့ပိုင်...... ဒို့ပိုင်တော့ ဒိုင်ပို့။ အဖိုးလဲ ဒို့ပိုင်-ဒိုင်ပို့ ပြောလို့  သတိအပေးခံရပါသေးတယ် ။

လယ်သမားတွေလယ်ပိုင်ဆိုတာ မလှိမ့်တပတ် အလုပ်ခံရတယ်။ ၉၀-ခုနှစ်ရွေးကောက်ပွဲ ဥပဒေမှာလည်း လွှတ်တော်ခေါ်ပေးမဲ့ စကားလုံးမပါထားဘူး။ ဘယ်လိုခေါ်ပေးမယ် ဘယ်တော့ အာဏာဘယ်လိုလွှဲမယ် မပါဘူး။ ဒါကိုဒေါ်စုက ထောက်ပြတော့ နေအိမ်အကျယ်ချုပ်။ အာဇာနည်ကုန်းကိစ္စက အကြောင်းပြတာ သက်သက်။ ဒေါ်စုဖမ်းလိုက်တော့ အဖွဲ့ချုပ်က ဥပဒေလက်တလုံးခြား လုပ်ထားတဲ့ဟာကို သိပ်အလေးထား မတောင်းဆိုဘူး။ ဟိုကပါးစပ်နဲ့ဘဲ ပြောတယ်။ ဒါတောင် ဟိုမှာပြော ဒီမှာပြောတာမျိုးလေး လုပ်ပြတာဘဲရှိတယ်။ ပြီး ညစ်ပတ်တော့ ခံပေါ့။ အခုဒေါ်စုနဲ့ ဟန်ပြတွေ့နေတယ်။ ဘာအချိန်ဇယားမှ သတ်မှတ်ထားပုံ မရှိဘူး။ နောက်တခေါက် လာပြန်ပြီဟေ့ပေါ့။

လယ်သမားထုအရေးက ပိုအရေးကြီးတာပါ။ အခုဆို ရာသီဥတု ဖေါက်ပြန်လာတာ တစတစဆိုး လာနေပါပြီ။ တကမ္ဘာလုံးနဲ့ ဆိုင်ပေမဲ့ တကယ်ကပ်ဘေး ဆိုဒ်လာရင် သူတို့နိုင်ငံကြီးတွေက ချမ်းသားတော့ ခုသာခံသာရှိပါမယ်။ ဒီသဘာဝဂေဟ ပျက်ယွင်းလာတာကို အစိုးရအနေနဲ့ အထူးအလေးပေး လုပ်ဆောင်ပေးရပါမယ်။ လယ်သမားတွေရဲ့ ဘ၀က ရာသီဥတုသနားမှ ချမ်းသာရမဲ့ ဘ၀ဖြစ်နေပါတယ်။ တကယ်လို့  ကပ်ဘေးသာ ကျရောက်ခဲ့ရင် အစိုးရကလဲ ခပ်မွဲမွဲ ပြာထွက်သွားပါမယ်။  အဲဒီလိုပြာထွက်ရင် ကျနော်တို့ကတော့ ရှင်းရှင်းဘဲ လူညစ်တွေအခက် လူမှန်တို့ အတွက်အချက်။ ဂွင်ကောင်း ချက်ကောင်း စောင့်နေတာ ချမှာဘဲ။ အဆင်းဘီးတွန်းရုံတောင် အားမရသေဘူး အပိုပါလက်ဆောင်ပေးမှာ။ ကျုပ်တို့လုပ်ရပ်ကြောင့် လူတွေသေတာ တိုးလာတယ်ပြောမလား။ တခါဘဲ သေစေတော့မယ်။ ဒီလိုလူလိမ်တွေရှိလို့ သေကြရတာဘဲလို့ ပြန်ဖြေမယ်။ ဆက်ရှိရင် ထပ်သေနေဦးမယ်။

အခု ပြည်ပရောက် အလုပ်သမားတွေအပေါ် လစာအပေါ် အခွန်ကောက်နေတာ လျှော့ထားပါတယ်။ ပြည်တွင်းက ဆူပါသူဌေးကြီးတွေကို မကောက်သေးဘဲ လူဆင်းရဲတွေကို ကောက်နေတာ ရပ်ထားပေးပါ။  မတရား မမှန်မကန် ချမ်းသာနေသူတွေ ဘယ်လိုဝင်ငွေကြောင့် ချမ်းသာလာရတယ်ကို ရှင်းလင်းချက်တွေ ထုတ်ခိုင်းပါ။ လိမ်ရင် လုပ်ငန်းကို ပိတ်သိမ်းတဲ့အထိ အရေးယူရပါမယ်။ အစိုးရအပေါ် သစ္စာမဲ့သူတွေကို ဦးစားပေးနေတာဟာ ကိုယ်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်နေတယ် ဆိုတာလောက်တော့ မြင်သင့်ပါတယ်။ ဗိုလ်ချုပ် နောက်ဆုံးမိန့်ခွန်းမှာ အရင်အစိုးရ လက်ထက်က လာဘ်စားတဲ့ သူတွေရှိတယ်။ အဲဒီလူတွေ အာဏာပြန်ရလာအောင် သွေးရိုး သားရိုးဘဲလုပ်လုပ် မရိုးမသားဘဲလုပ်လုပ် အဲဒီလိုလုပ်နေတဲ့ သူတွေဟာ ကိုယ်လည်ပင်းကို ပြန်ပြီး ကြိုးကွင်းစွပ်နေတာပါဘဲတဲ့။

အခုတော့ လာဘ်ပေးလာဘ်ယူ လုပ်ခဲ့သူတွေ အခွန်ရှောင်ခံသူတွေ အစိုးရအဖွဲ့မှာရှိနေတယ်။ ဒီလိုလူတွေကို အခွန်လျှော့ပေးနေတာ ခင်ဗျားတို့ ကိုယ်ခင်ဗျားတို့ ကြိုးကွင်းစွပ်နေတယ်ဘဲ ပြောချင်ပါတယ်။ သူတို့ကို အခွန်မကောက်ဘဲ ဆင်းရဲသားတွေကို အခွန်ကောက်တာ ခေတ္တရပ်ထားပေးပါ။ အခုကျနော်လစာဟာ တလကို- ၂၄၀၀-ဒေါ်လာပါ။ ဒီဝင်ငွေဟာ ၀င်ငွေနည်းသူ စာရင်းမှာပါပါတယ်။ ဒီိမှာလစာပေးတာက နှစ်ပတ်တခါ ဘဏ်ကဒ်ထဲဝင်လာတာပါ။ ကြာသပတေးနေ့ ဆိုဝင်လာပါတယ်။ ရက်သတ္တနှစ်ပတ်စာ ထုတ်ပေးပါတယ်။ ကျနော်လုပ်ခ အမှန်နဲ့ဆို နှစ်ပတ် (အလုပ်လုပ်ချိန် -၇၆-နာရီ) အတွက် ၁၆၀၀-ဒေါ်လာရပါတယ်။ အခွန်ငွေကို လစာထဲက တခါတည်း ဖြတ်ယူထားလိုက်ပါတယ်။ နှစ်ပတ်အတွက် အခွန်က ၄၂၆-ဒေါ်လာကို အခွန်ဦးစီးဌာနက တခါထဲ ဖြတ်ယူထားလိုက်ပါပြီ။ အဲဒီတော့ကျနော် ဘဏ်စာရင်းထဲ ၁၂၀၀ - နီးပါးဝင်လာပါတယ်။ ကျနော့်ဝင်ငွေထဲကနေ အခွန်ဌာနက ဖြတ်ကောက်ယူထားတာ တနှစ်ကိုစုစုပေါင်းက- ၁၁၀၀၀-ဒေါ်လာ။

နှစ်ကုန်တိုင်း ဇူလိုင်လမှာ အခွန်ဌာနကို အခွန်ပြန်လျှောက်ရပါတယ်။ TAX RETURN ပေါ့။ ကျနော်က လစာနည်းတော့ အခွန်ပြန်လျှောက်ရင် နစ်စဉ်-၆၄၀၀-ခန့် ပြန်ပေးပါတယ်။ အခွန်ပြန်လျှောက်တိုင်း စိတ်ထဲမှာ မကောင်းဘူး။ ငါ့သူငယ်ချင်းဆရာဝန်တွေ မြန်မာပြည်မှာ ပြင်ပဆေးရုံတွေမှာ ပင်ပင်ပန်းပန်း တာဝန်ကြီးကြီး ယူကြရ။ လစာကြတော့ ငါအခွန် ပြန်ရငွေလောက်တောင် မရကြပါလားပေါ့။ တကယ်ကို ခံစားရတာပါ။ အော်သမ္မတကြီးက ပြန်ခဲ့ပါတဲ့ ရိုးရိုးသားသား သမ္မာအာဇီဝနဲ့ ရှာစားနေသူတွေအတွက် အခွန်ပြန်အမ်းငွေလေးလောက် ၀င်ငွေ အလုပ်ကလေးရှိရင် စဉ်းစားလိုက်အုံးမယ်။

ဇနီးကတော့ တလကို ၃၂၀၀-လောက်ရတော့ အခွန်လဲပိုဆောင်ရတယ်  အခွန်ပြန်လျှောက်တော့ ၁၂၀၀-လောက်ဘဲ ပြန်ရပါတယ်။ ဒါဒီကအခွန်စံနစ်ပါ။ အဲဒီအခွန် ပြန်အမ်းငွေကတော့ ကျနော့်နိုင်ငံရေး အတွက် သုံးပြီ။ ကိုယ်သုံးတဲ့အထဲ မပါဘူး။ ဒီမှာ ပင်လယ်ကမ်းခြေ နံမည်ကြီးတွေပေါ့ တမြို့လုံး ပတ်ပတ်လည်။ တခါမှ မသွားဘူး မရောက်ဖူးဘူး။ ဒီမှာဆရာဝန် ပြန်ဖြေလို့ ရပါတယ်။  နိုင်ငံရေးဖက် ဈာန်က ကြီးနေတာရော တခါဖြေရင် အလုပ်လျှောက်ရင် ဆရာဝန်အလုပ်ကို -၁၅-နှစ် အစဉ်အဆက်မပြတ် လုပ်နေပါတယ်ဆိုတာ အထောက်အထား ပြရပါတယ်။ အများစုကတော့ မြန်မာပြည်ကနေ ထောက်ခံချက် အတုတွေ တင်ပြကြတာပါဘဲ။ ကျနော် မလုပ်နိုင်ဘူး။ လိမ်ရရင် စိတ်ထဲတအုံနွေးနွေး စိတ်မဖြောင့်ဘူး။ လိမ်တယ်ဆိုတာ တခါလိမ်မိရင် အိုး အလိမ်တခုကို နောက်တလိမ်နဲ့ထပ်ဖုံး။ ပြီးဒီမှာက လိမ်တာကိုသာ တိုင်လိုက်လို့ပေါ်ရင် သြစတေးလျနိုင်ငံရဲ့ တရားသူကြီးချုပ်(အငြိမ်းစား) (အနှစ်၂၀-လုပ်ခဲ့တာနော်) ကားမောင်းတာ သတ်မှတ် မိုင်ကျော်မောင်းမိတာ ကင်မရာမှာ မှတ်တမ်းပါသွားတယ်။ ဒါကို သူမောင်းတာ မဟုတ်ဘူး။ သူ့မိတ်ဆွေဆိုပြီး လိမ်ပြောခဲ့တာ ပေါ်သွားလို့ ထောင်-နှစ်နှစ်ခွဲ ချလိုက်ပါတယ်။ ၀န်ခံပြီး ဒါဏ်ဆောင်ရင် ၂၂၀-ဒေါ်လာလေး ပေးရတာပါ။ သိက္ခာလဲ တပြားမှ မကျန်ကျသွားပါတယ်။ တချိန်က သြဇီဥပဒေကြီးရဲ့ အဘိဓါန်လို့ တင်စားဂုဏ်ပြုခံခဲ့ရသူ။ သွားပါလေရော။ မိုင်နှုန်းပိုမောင်းမိတာက ထောင်မကျနိုင်ဘူး။ လိမ်လိုက်လို့ ထောင်ကျသွားရတာပါ။ လိမ်တာကို လူသိရင်လဲ ဒီမှာက ပြသနာတခုခုဖြစ်ပြီ အကြောင်းကြီးငယ်ပြောရဆိုရပြီဆိုရင် HE IS A LIAR , HE HAD THE HISTORY OF LYING..သေပြီ။ လိမ်တာ လုံးဝလက်မခံကြဘူး။

အော်ဒါနဲ့ တဆက်ထဲပေါ့။ စီိးပွားရေးနဲ့ မဆိုင်ပေမယ့် လူစိတ်ဓါတ်က စီးပွားရေးနဲ့  နွှယ်နေတော့ ဒီနိုင်ငံမှာ လင်မယားရန်ဖြစ်လို့ မိန်းမကိုရိုက်ရင် ထောင် ၂-နှစ်ကနေ ၁၀-နှစ်အထိ ကျပါတယ်။ ထောင်ကျတာ အရေးမကြီးဘူး။ ထောင်ထဲကျရင် အကျဉ်းသားတွေက မိန်းမကို ရိုက်လို့ထောင်ကျသူဆိုရင် ခဏခဏ ရိကြတယ်။ ရန်လုပ်ကြတယ်။ ကလေးသူငယ်တွေကို မုဒိန်းကျင့်ထားသူ၊ လိမ်ညာပြီး ကျူးလွန်ထားသူ၊ ပြီးမိန်းမတွေကို မုဒိန်းကျင့်ထားသူဆိုရင် အထူးအခန်းနဲ့ ထားရတာ။ ၀န်ထမ်းလစ်ရင် အသေသတ်ပြစ်တာ။ အဲဒီသတ်တာကို မြင်လို့ဖေါ်ရင် ဖေါ်တဲ့သူကိုပါ ဆက်သတ်တာ။ ကျုပ်တို့ဆီကနဲ့ ကွာခြားတာတွေပါ။ ကျုပ်တို့ဆီမှာ ကလေးစစ်သားတွေ ထောင်ကျရင် ထောင်ထဲမှာ အကျပ်ကိုင် အလုပ်တွေ မတရားခိုင်း။ ထမင်းမငတ်ရုံလေးပေး။ သက်သာချင်ရင် လာညကျရင် တန်းစီိးဘေးမှာအိပ် စောင်ခြုံသိပ်ပေးတာနဲ့ ဘယ်လောက်ကွာခြားလဲ ။

ဆက်ပြောရဦးမယ်။ ကျနော်တို့ လေးတန်းတုန်းက အတူတက်ခဲ့တဲ့ (ပုသိမ်- အခု.အ.ထ.က.၆) (ယခင် St.JOSEPH CONVEN) မှာ တကောင်ပေါ့။ နာမည်အရင်းတော့ မေ့သွားပြီ။ သူရုပ်က အခု ကာတွန်း SIMPSON လိုရုပ်မျိုး။ သူ့အဖေက စစ်သား။ သူက မုဒိန်းကျင့်မှုနဲ့ထောင် ၃-နှစ်ကျသွားတယ်။ သူလဲ ကျောင်းက ထွက်သွားတယ်။ နောက်ကျနော် ထောင်ကျပြီး ၉၇- ဧပြီလမှာ မန်းထောင်ကို ပြောင်းရတယ်။ မန်းထောင်ကျတော့ သူကကျနော်တို့ တိုက်ရဲ့တန်းစီး။ သူရုပ်ကိုမှတ်မိနေလို့ မင်းပုသိမ်နေဖူးလား မေးတာ သူက ဒေါကန်နေတယ်။ သူကကျနော့်ကို ကောင်းကောင်း မှတ်မိတာပေါ့။ ညီအကိုနစ်ယောက်လုံးက မန်းထောင်ကျ။ ကျနော့်နံမည်က BILLY ညီရဲ့ နံမည်က JOE။ သူသိပ်သိပေါ့ ကျနော့်ညီနဲ့က သိပ်ခင်ခဲ့တာ။ ပြီးကျနော်က ရန်ခနခနဖြစ်လို့ အရိုက်ခံနေရသူ။ တလလောက်နေတော့ သူလွတ်သွားမှ တခြားတန်းစီးကို မေးကြည့်တော့ သူက ငယ်ငယ်က ပုသိမ်က (ဘိုကျောင်း)ပေါ့။ အင်္ဂလိပ်စာ တော်တယ် သိရပါတယ်။ သူထောင်ကျတာကလည်း သူကတပ်ကြပ်ကြီး။ မန်းတောင်ခြေနားက စစ်တပ်က။ တတပ်ထဲနေ ကိုးနှစ်သမီးလေးကို မန်းတောင်ပေါ်ခေါ်လာပြီး နစ်ဦးသားဝိုင်း တောထဲမုဒိန်းကျင့် သတ်ဖြတ်ခဲ့မှုနဲ့ ထောင်ကျလာတာ။ သူတို့ စစ်သားသားသမီး မုဒိန်းကျင့်သတ်ဖြတ်တော့ သေဒါဏ်။ တိုင်းရင်းသူလေးတွေ မုဒိန်းကျင့်တာကျတော့ စစ်တောင် မစစ်ဆေးဘူး။ နိုင်ငံတော် (လွတ်ငြိမ်းခွင့်) ရလာတော့ အနှစ်-၂၀ (တကျွန်းပေါ့) လျှော့ရက်နဲ့ ၁၃-နှစ်ဆို ပြန်လွတ်တယ်။ ယုံကြည်ချက်ကြောင့် ကျတဲ့ နိုင်ငံရေးသမားတွေကျတော့ လျှော့ရက်မရှိ။ ကျနော်တို့ဆီမှာ မုဒိန်းသမားက ထောင်မှာ တန်းစီး။ သြဇီမှာဆို အပြင်တောင် ထုတ်ရင်မထွက်ရဲဘူး။ ထောင်ထဲမှာတင် အစပျောက်သွားမယ်။ အဲဒီလို ကလေးမုဒိန်းသမား ပြန်လွတ်လာရင် ရပ်ကွက်တွေက လက်မခံကြလို့ နေစရာ အိမ်တောင် ရှာမရကြပါဘူး။  တီဗွီထဲ ခဏခဏ ပါတယ်။ ထောင်အပြင်မှာလဲ သူတို့ကိုသတ်မှာ ကြောက်နေကြရတာပါ။

ကျုပ်တို့ဆီမှာက ထောင်အပြင် ပြန်ရောက်လဲ ငါ့ဘာမှတ်သလဲ ထောင်ထဲမှာ တန်းစီးလုပ် လူသတ်လာတာပါ ကြီမ်းဝါးပြသေးတယ်။ ထောင်အာဏာပိုင်တွေ ရဲတွေနဲ့ ပိုင်တယ်ပေါ့။ အော်တိုင်းပြည်ကြီး ဥပဒေမဲ့တဲ့ ကျုပ်တို့ပြည်ကြီး။ အာဏာပိုင်တွေကအစ အလိမ်အညာနဲ့ ပြည်တော်ပြန်ခဲ့ပါ ဆိုပါလား။

ကျုပ်တို့ဆီမှာ ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမှုကြီးတုန်းက အမျိုးသမီးတွေ စီးလာတဲ့ယာဉ်တန်း လူအုပ်စုလိုက် ၀ိုင်းရိုက်သတ်တယ်။ တယောက်မှအဖမ်းမခံရဘူး။ စစ်ဆေး မေးမြန်းတာတောင် မလုပ်ဘူး။ လုပ်ဖို့မှ မလိုတာ လုပ်တာငါ ဘာလုပ်ချင်လဲ ဆိုပါလား။ အရိုက်ခံရသူတွေက သေတဲ့သူသေ၊ ကျိုးပဲ့၊ ခေါင်းကွဲသူတွေကွဲ၊ အဖမ်းခံသူ အဖမ်းခံရတယ်။ ပြောင်းပြန်တွေ ဖြစ်တာကတော့ ရိုက်တဲ့သူက ရာထူးနှစ်ဆင့်တိုး။ တာဝန်ခံ သန်းဟန်က အခုအထူးလျှို့ဝှက် စစ်ဆင်ရေး အရာရှိချုပ်ဖြစ်နေတယ်။ အခုအစိုးရက ဖွဲ့စည်းမဲ့ လူအခွင့်အရေး ကော်မတီကြီးကို သူကဘဲ ဦးဆောင်ဦးမလားမသိဘူး။

အဲဒီတော့ အချုပ်အနေနဲ့ပေါ့။ တိုင်းပြည်မှာ သယံဇာတတွေ အများကြီးထွက်ခဲ့တယ်။ န.အ.ဖ.က သီချင်းတွေမှာ သယံဇာတတွေပေါတဲ့ တို့နိုင်ငံဆိုပြီး ဘာညာနဲ့ ဆန့်ကျင်နေတဲ့ နိုင်ငံတွေကို မူနဲ့ ပြန်ထောင်ပြတယ်။ လက်တွေ့မှာလည်း သယံဇာတတွေမှ အများကြီးတွေ့တယ်။ တွေ့လေ ပိုပိုပြီး မွဲလာလေလေ။ အဲဒီလောက် မွဲပြာကျအောင် လုပ်သွားသူ ရေးပေးခဲ့တဲ့မူကြီးကို ဆက်ကျင့်သုံးမယ် ဆိုတာကတော့ ကျင့်သုံးမယ် မသုံးဘူး အာဏာဟာခင်ဗျားတို့ လက်ထဲမှာ ကြိုက်သလိုဆုံးဖြတ်။ ဆက်လက်ကျင့်သုံးမယ် မပြင်နိုင်ဘူးဆိုရင်တော့ ဆင်းရဲမှုတိုက်ဖျက်ရေး လုပ်မနေပါနဲ့တော့။ ပြည်ပက ပြန်လာမဲ့ မြန်မာတွေ ကိုသာ မာဆက်ခန်းလိုင်စင်တွေ တပုံတပင်သာချပေးလိုက်ပါ။

တိုင်းသူပြည်သားတွေ စီးပွားရေးကြပ်တည်း အ၀င်အထွက် မကာမိအောင် မွန်းကြပ်နေတာတွေကို မီဒီယာကြီးများ ပါတီကြီးများ မီးမောင်းထိုး ဖေါ်ပြကြပါဦးလို့ ပန်ကြားလိုက်ပါတယ်။ ခင်ဗျားတို့ မီးမောင်းထိုးပြကြရင် ထူးခြားလာပါမယ်။

အားလုံးကိုလေးစားလျှက်

လှိုင်မြင့်