ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ခေတ်သစ်မြိုင်ထနှစ်ပါးသွား (ဆောင်းပါးရှင် အောင်မျိုးထွန်း)

ခေတ်သစ်မြိုင်ထနှစ်ပါးသွား 
(ဆောင်းပါးရှင် အောင်မျိုးထွန်း)
ပြီးခဲတဲ့ အာဇာနည်နေ့က ထုတ်ဝေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက်နဲ့ ၁၉၈၉ ခုနှစ်က ထုတ်ဝေခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  အာဇာနည်နေ့ ကြေညာချက် နှစ်ခုကို လွန်ခဲ့တဲ့တစ်ပတ်က ကျွန်တော် ယှဉ်ဖတ်ကြည့်နေရင်း အတွေးတစ်စ ရခဲ့မိတယ်။ ဒီတစ်ခါ ကမ္ဘာကျော် မျက်လည့်ဆရာ ဒေးဗစ်ကော်ဖာဖီးရဲ့ ရထားကြီးတစ်စင်းလုံးကို ဖျောက်ပစ်လိုက်နိုင်တဲ့ ပြကွက်မျိုး မဟုတ်ပါရစေနဲ့လို့ ကျွန်တော်တို့ရဲ့ ဆုတောင်းမှုများကို နားလည်ပေးနိုင်ကြမယ်ထင်ပါရဲ့။ မီးစတစ်ဘက်၊ ရေမှုတ်တစ်ဘက် ဆိုတဲ့ ရှေးဆိုရိုးလေးကို ဖြတ်ကနဲ ၀င်လာမိလို့ ပါ။

ဒု-သမ္မတကြီးက သာမန်ပြည်သူ တစ်ယောက်လို သဘောထားပါတယ်လို့ ဆီနိတ်တာဂျွန်မက်ကိန်းကို ပြောချလိုက်တော့ ကျွန်တော်တို့ဒေါသတွေ တလိပ်လိပ်တက်လို့မှ ဘာမှမကြာလိုက်။ ပြီးခဲ့တဲ့ အာဇာနည်နေ့ နေ့ခင်းဘက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံဆက်ဆံပြလိုက်တဲ့ ပုံစံကို တွေ့လိုက်ရပြန်တော့ ရှေ့ရေးအတွက် အားတက်ရပြန်ပါတယ်။ မြန်မာပြည်မှာ နိုင်ငံရေးသမားမရှိလို့ သမ္မတအကြံပေးအဖွဲ့ဝင်တွေ လက်လွတ်စပယ် မှတ်ချက်ပေးတဲ့အခါ ပွတ်လောရိုက်ခဲ့ကြပြီး အခုတော့ ဒေါ်အောင်ဆန်းစုကြည်ခြံထဲကို အဲဒီအဖွဲ့ဝင်အချို့ ခြေပုန်းခုတ် ၀င်ထွက်မှုတွေ ရှိနေပြန်တယ်လို့ သတင်းတချို့ ကြားရပြန်ပါတယ်။ ပြည်ထဲရေးဝန်ကြီးရဲ့ ခြိမ်းခြောက်တားမြစ်စာ ပို့ပြီး သိပ်မကြာခင် ပြည်ထောင်စုဝန်ကြီးတစ်ပါးနဲ့ ရယ်ရွှမ်း ပတ်ရွှမ်းတွေ့ဆုံ၊ နှစ်ဘက် သဘောတူ ကြေညာချက် ထုတ်ပြန်လိုက်တဲ့အခါ ကျွန်တော်တို့ ဟာခနဲ ဟင်ခနဲ ဖြစ်ကြရပြန်ပါတယ်။

ပုဂံဒေသနဲ့ အင်ကြင်းတောကို ဒေါ်အောင်ဆန်းစုကြည် အလည်အပတ်သွားပြီး ပုဂံမိတ်ဆွေများအဖွဲ့လိုမျိုး ဖွဲ့ဖို့လိုအပ်တယ်လို့ ပြောဆိုလိုက်ပြီးမကြာခင် ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးလည်း အဲဒီဒေသကို အပြေးရောက်သွားပြီး မည်သည့်အဖွဲ့အစည်း၊ မည်သည့်လူပုဂ္ဂိုလ်နဲ့မဆို ပုဂံဒေသကိစ္စအတွက် ပူးပေါင်း လုပ်ဆောင်နိုင်ပါတယ်လို့ သတင်းစာထဲ ထည့်ရတဲ့ အဆင့် ရောက်ခဲ့ပါတယ်။

ကချင်၊ ရှမ်း၊ ကရင် စတဲ့ လူမျိုးစုလက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးပွားတွေ ပြေငြိမ်းဖို့ရန် ဒေါ်အောင်ဆန်းစုကြည်ဘက်က ကိုယ်စွမ်းရှိသရွေ့ ကြားဝင် စေ့စပ်ပေးလိုပါတယ်လို့ ပန်ကြားလိုက်တဲ့အပေါ် သမ္မတ အကြံပေးတစ်ယောက်က ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် စကားပြောကြခြင်းရဲ့ နောက်တွဲ အကျိုးဆက်လို့ ပြည်ပသတင်းဌာနတစ်ခုကို မက်ဆေ့ပေးလိုက်တာ ဖတ်ရပြန်တော့ စပ်သလိုချိုသလို ဖြစ်ခဲ့ပြန်ပါတယ်။ မစ္စတာဘန်ကီမွန်းနဲ့ ၀န်ကြီးဦးဝဏ္ဏမောင်လွင်တို့နှစ်ယောက် နိုင်ငံရေးအကျဉ်းသားများ မလွဲမသွေလွှတ်ပေးဖို့ တယ်လီဖုန်းနဲ့ ပြောကြဆိုကြ။

ဒါတွေဟာ ခုရက်ပိုင်းအတွင်းမှာ ဆက်တိုက်ပြေးနေတဲ့ နိုင်ငံရေးအဖြစ်အပျက်တွေပါ။ သတင်းတစ်ခုအဆို အရ မကြာခင် နေပြည်တော်မှာ တခမ်းတနားပြုလုပ်မယ့် လူမှုရေး ဖိုရမ်ကြီးတစ်ခုအတွက် အထူးဧည့်သည်တော် အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားတယ်လို့ သိုးသိုးသဲ့သဲ့ ကြားရပြန်ပါတယ်။ မှန်မမှန်ဆိုတာ စောင့်ကြည့်ရဦးမှာပေါ့။ ယေဘူယျ သုံးသပ်ရရင်တော့ “မင်္ဂလာသတင်းများ” လို့ အားလုံးသော အကဲခတ်တွေက မှတ်ချက်ပေးကြပါတယ်။ တို့နိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေး တကယ်ဖြစ်လာတော့မှာလို့ အကောင်းဘက်က ရှုမြင်နေကြပြီး အမှောင်ခေတ် နိတ္ထိတံပြီရယ်လို့  မှတ်ယူနေကြပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ သတိမြဲမြဲ ကပ်ထားရမှာက ဒေါ်အောင်ဆန်းစုကြည်လား၊ NLD လား ဆိုတဲ့ မေးခွန်း လေးတစ်ခုအကြောင်းပါ။ ၂၀၁၀ ရွေးကောက်ပွဲမလုပ်ခင်ကတည်းက တိုးတိုးတိတ်တိတ် စထွက်လာတဲ့ မေးခွန်းပါ။ အားလုံး မမေ့လောက်သေးတဲ့ အဖြစ်အပျက်တစ်ခုရှိခဲ့ပါတယ်။ NLD ကို ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်မှာပြန်ပြီး မှတ်ပုံတင်- မတင် ကိစ္စကို ပါတီအမှုဆောင်တွေ မဲခွဲဆုံးဖြတ်ရတော့မယ့် ရက်သတ္တပတ်က မြင်ကွင်းတွေဟာ မဟောင်းသေးပါဘူး။ ဘယ်လိုဖြစ်စဉ်တွေနဲ့ ပြီးဆုံးသွားခဲ့သလဲ။ အဲဒီအချိန်တုန်းက NLDပါတီ မှတ်ပုံတင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်လာမှာကို နအဖ အစိုးရက မလိုလားခဲ့ဘူးဆိုတာကို တချို့ တွေ သိခဲ့ကြပါတယ်။

မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အခန်းကဏ္ဍက ကြီးမားလွန်းတဲ့အပြင် ကြံ့ဖွံ့အစိုးရအနေနဲ့ လူထုရဲ့နှစ်ခြိုက်မှု မရရှိတာကို ကုစားနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးလိုနေတာအမှန်ပါဘဲ။ အစိုးရရဲ့ လိုအပ်ချက်ထဲမှာ NLD ဆိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရှိနေပုံမရပါဘူး။ ဦးအောင်ကြည်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကို ခေါ်တွေ့တာရယ်၊ သမ္မတနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီ ပေးပို့တဲ့စာမှာ ဒေါ်အောင်ဆန်းစုကြည် နာမည်တစ်လုံးထဲ ထည့်သွင်း ထားတာတွေဟာ ရှေ့မှာ ဘယ်လို အခင်းအကျင်းတွေ ဆက်တိုက်လာတော့မယ် ဆိုတာကို ခန့်မှန်းဖို့ သိပ်မခက်တော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဘက်က အဓိကပေးဖို့တစ်ခုက လွှတ်တော် ရွေးကောက်ပွဲတွေမှာ တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ပြီး နိုင်ငံရေးဆက်လုပ်ဖို့ဖြစ်ပြီး ဒီဘက်အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထွက်လာဖို့၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ကို ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ခွင့်အတွက် လိုက်လျောပေးဖို့ပါ။

ကြံ့ဖွံ့ အစိုးရရဲ့ ခြောက်အိပ်မက်တွေ အများကြီးထဲမှာ NLD ဆိုတာကြီးက ရှေ့ ဆုံးမှာရှိနေပါတယ်။ NLD အသံကြားလိုက်တာနဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ကို မြင်လာ၊ မတော်မတရားတာတွေက အသစ်ဖြစ်ဖြစ်လာတာကို လုံးလုံး လက်ခံချင်ပုံ မရပါဘူး။ ဒါ့ကြောင့်ဘဲ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌသစ်က ပါတီ ၃၇ ပါတီကို နေပြည်တော်မှာတွေ့ကြတုန်း ၉၀ ရလဒ်နဲ့ အာဏာ မလွှဲပေးတာဟာ စစ်တပ်ကို ရန်ရှာ တုန့်ပြန်မှာကြောင့်ဆိုပြီး စွပ်စွဲ ဝေဖန်သွားတာ ဖြစ်ပုံရပါတယ်။ ဦးဥာဏ်ဝင်းလည်း ဒါကို ပြန်ချေပပြီးပါပြီ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီမှတ်ပုံတင်မယ် ဆိုရင်တောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာမည်ကို သုံးခွင့်ရဖို့ အတော်ကလေး ညှိယူရဦးမယ့်သဘောပါ။ ကြံ့ဖွံ့ပါတီအနေနဲ့ သေတဖန် သက်တဆုံး အုပ်ချုပ်သွားဖို့ ပြင်ဆင်ထားတယ်ဆိုတော့ NLD နာမည်ကို စိုးရိမ် အထိတ်တလန့် အဖြစ်ဆုံးနဲ့သူတို့နဲ့ ပခုံးချင်းယှဉ်နိုင်မယ့် အင်အားကြီးပါတီအဖြစ် NLDကိုဘဲ နာမည်အရရော အင်အားအရရော ကြောက်လန့်နေတာဖြစ်ပါတယ်။ ဒီတော့ ပထမဆုံး နာမည်ကို ရှင်းထုတ်လိုတဲ့ သဘောဖြစ်ပါလိမ့်မယ်။ ပြီးမှ အင်အားကို စနစ်တကျ သတ်ရိုက်ဖြိုခွင်းပြီး ထာဝရ အာဏာရကြံ့ဖွံ့ပါတီ ဖြစ်စေရန်လို့ ဗျူဟာချထားတဲ့ပုံပါ။

ဒါတွေက ကျွန်တော်စဉ်းစားလို့ရတဲ့ လက်ရှိအစိုးရရဲ့ အတိုက်အခံအုပ်စုအပေါ် ကိုင်တွယ်နေတဲ့ လက်တံခြေတံများဖြစ်ပြီး ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ NLD၊ ပြီးတော့ ကျွန်တော်တို့လို Pro ဒေါ်အောင်ဆန်းစုကြည် ပရိသတ်တွေအနေနဲ့ ဘယ်ကွေ့ကို ဘယ်တက်နဲ့ ဘယ်လိုလှော်ဖို့ ကျွန်တော်တို့တွေဘက်က ဘာများ ပြင်ဆင်ထားရမလဲ ဆိုတာကို မဖြစ်မနေ တွေးထားရပါတော့မယ်။ ကျွန်တော်တို့ဟာ မဆလ ပါတီကို မကြိုက်ဘူး၊ ငြိမ်-ပိ အာဏာသိမ်း စစ်အစိုးရကို မကြိုက်ဘူး၊ ဦးသန်းရွှေ အုပ်ချုပ်သွားတဲ့ နအဖ အစိုးရကို မကြိုက်ဘူး။ ဒီအခြေခံပေါ်မှာ တစိုက်မတ်မတ် တောက်လျောက်ရပ်တည် လာခဲ့ကြပါတယ်။ 

အဲဒီအစိုးရ သုံးဆက်ရဲ့နောက်တွဲလို့ ခေါ်ရမယ့် ဦးသိန်းစိန်ရဲ့ ကြံ့ဖွံ့အစိုးရကိုလည်း မကြိုက်ဘူး။ ကျွန်တော်တို့ မဲထည့်ခဲ့တာ NLD၊ ကျွန်တော်တို့ လိုလိုလားလား အသည်းထဲက ပုံအောခဲ့တာ ဒေါ်အောင်ဆန်းစုကြည်။ ကျွန်တော်တို့ အကြွင်းမဲ့ယုံကြည်တာ ဒေါ်အောင်ဆန်းစုကြည်။ ကျွန်တော်တို့သည် ဒေါ်အောင်ဆန်းစုကြည်။ ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းပြည်ကို ဦးဆောင်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံအခုလို အောက်ကျနောက်ကျဖြစ်နေမှာ မဟုတ်ဘူးလို့  မှတ်ထင် ယုံကြည်ထားကြတယ် မဟုတ်လား။

သူ့အဖေဗိုလ်ချုပ်လိုဘဲ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်မျက်နှာ တစ်ခုသာကြည့်မယ်၊ ပြည်သူလူထု အကျိုးတစ်ခုကိုသာ ရှေ့တန်းတင်မယ်လို့ ကျွန်တော်တို့ အားကိုး ယုံကြည်ထားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လား၊ NLD လား ဆိုတဲ့အမေးကို အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်လို့ ပြန်ဖြေနေတဲ့အချိန်မှာ ကျွန်တော်တို့မှာရော ဘယ်လိုဆန္ဒမျိုး ရှိကြပါသလဲ။ ကျွန်တော်တို့ ဆန္ဒတွေကို ဒေါ်အောင်ဆန်းစုကြည် လက်ခံနားလည်ပေးဖို့ မလိုအပ်ဘူးလား။

အောင်မျိုးထွန်း
၁- ၈- ၂၀၁၁