ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နိုင်ငံအရေး ခရီးကြမ်း ဘယ်လဲ ဘာလဲ.... (၂) ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)

နိုင်ငံအရေး ခရီးကြမ်း ဘယ်လဲ ဘာလဲ.... (၂) 
ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
(၂) တွေ့ဆုံဆွေးနွေးရေးလား။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် ဘဲဖြေရပါမည်။ တွေ့ဆုံ ဆွေးနွေးရေးကတော့ တိုင်းပြည်အတွက် win- win ပေါ့။ အကောင်းဆုံးပေါ့။ ဒါက ပါးစပ်လေးနဲ့ တောင်းနေရုံနဲ့ ကတော့ အချိန်ဆွဲ အညာခံခဲ့ရပြီးပြီ ထပ်ညာပွားမယ်။ ဒီတွေ့ဆုံဆွေးနွေးရေး ကတောင် ရွှေဝါရောင်တော်လှန်ရေးကြောင့် ကမ်းလှမ်းလာရတာပါ။ အခု တကယ်အနှစ်သာရ ရှိတဲ့တွေ့ဆုံမှု လိုချင်ရင် ယခင်ကျနော် ရေးခဲ့ဘူးပါတယ်။ ပြည်သူလူထု တတိုင်းတပြည်လုံး ပါလာစေမယ့် လူထုအရေးကို လိုင်းတင်လိုက်ပါ ။

အမေရိကန် သမ္မတကြီး ရော်နယ်ရီဂင်စကား TO HAVE A NICE TALK , CARRY A BIG STICK ။ ဒေါ်စုကိုလဲ ထပ်မံပြောလိုပါတယ်။ TO MAKE THEM TALK NICELY, MOVE THE WHOLE COUNTRY သူတို့ စကားကောင်းကောင်း ပြောလာစေဖို့ တတိုင်းတပြည်လုံးကို လှုပ်နှိုးလိုက်ပါ ။

ဒေါ်အောင်ဆန်းစုကြည်က လက်တွေ့ အကြိမ်ကြိမ် တွေ့ဆုံခဲ့သူ  ဘာတွေဆွေးနွေးခဲ့တယ် ဘယ်အဆင့် ရောက်နေတယ်ဆိုတာကို ပြည်သူတွေကတော့ အခုချိန်အထိ ဘာမှမသိရပါဘူး။ ကျနော့်အနေနဲ့က တကယ်သာ တွေ့ဆုံဆွေးနွေးရေးဆိုရင် ဒီလောက် အိယောင်ဝါးဆွေးနွေးနေပြီး အချိန်ကုန်ခဲ့တာကို မလုပ်စေချင်တော့ဘူး။ ဒီလမ်းက အလိမ်ခံရတာ သက်သက်ပါဘဲ။ ၂၀၀၇- ကစခဲ့တဲ့တွေ့ဆုံရေး ၁၀-ခါနီးနီး။ ထားပါစုစုပေါင်းတွေ့ဆုံချိန် -၁၀-နာရီလောက်အချိန်မှာ နအဖဘက်က နိုင်ငံအရေးနဲ့ မဆိုင်တာတွေေ လျှာက်မေးနေပြီး နိုင်ငံအရေးက မိနစ်-၄၀-တောင်မရှိတော့ နိုင်ငံအရေးဆွေးနွေးတာက တနှစ်မှာမှ -၁၀ -မိနစ်လောက်ဆိုတော့ ..

(၃) လွှတ်တော်ထဲကနေ တဖြေးဖြေးချင်း ပြောင်းယူကြမယ်ဆိုတဲ့ အင်အားစုတွေ လမ်းစဉ်။ ဒါကလဲ မြန်မာပြည်လွှတ်တော်ဟာ တခါလုပ်ရင် နာရီဝက်နဲ့ ရပ်ဆိုင်းတာနဲ့တင် အလိမ်ခံနေရပါတယ်။ လွှတ်တော်မှာ ဘာမှဆွေးနွေးလို့ မရဘူးဆိုတာ ခင်ဗျားတို့ အပေါ်မှာလဲ မူတည်ပါတယ်။ လွှတ်တော်မခေါ်ခင်မှာကို လွှတ်တော်ကို ကိုယ်တင်ချင်တာကို စာနဲ့ပေနဲ့ အရင်တင်ထားလိုက်ပါ။  လက်မခံရင် မီဒီယာကြီးတွေကိုချပြလိုက်။ ချပြလို့ ဖမ်းမယ်ဆိုရင် လာမဖမ်းနဲ့ ဘယ်လာခဲ့ရမလည်း သာမေးလိုက်ပါ။ သူတို့ ထက်မိုက်တဲ့သူဆို မထိရဲပါဘူး။

တခါလွှတ်တော်မှာ ဘာတွေ ချတောင်းဆိုမှာလည်း။ လမ်းကိစ္စ တံတားကိစ္စလား တကယ်က လွှတ်တော်နဲ့  အုပ်ချုပ်သူတွေ လှစ်လျှူမရှုရဲတဲ့  ပြည်သူလူထု အလွန်လိုလားနေတဲ့ ၀န်ထမ်းလစာ/ စစ်သည်တော်လစာ /နေ့စားအလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်အားခ သတ်မှတ်ရေးတောင်းဆိုတာ ကိုသာ တင်ကြည့်ပါ။ သမ္မတကြီး လှစ်လျှူရှုရဲတယ်ဆိုရင် ပြောစမ်းပါ။ ပြာထွက်သွားစေရပါမယ်။ ရှိစုမဲ့စု ဆံပင်တွေပါ ပြောင်ထွက်သွားစေရပါမယ်။ တကယ်တိုင်းပြည်တပြည်လုံး လူထု တရပ်လုံးကိုယ့်နောက်က ပါလာစေချင်ရင် တခြားမစဉ်းစားနေပါနဲ့ စားဝတ်နေရေးသာ လိုင်းတင်လိုက်ပါ။ ဒါကိုမဟရဲကြရင်လည်း တိုင်းပြည်အတွက်လို့ ပြောမနေကြပါနဲ့ တော့။

(၄) ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး။ ဒါကလည်း ဖြစ်နိုင်ချေ နည်းပါတယ်။ အခုတိုင်းရင်းသားတွေ ကိုထိုးစစ်ဆင်လာတဲ့ အကြောင်းရင်းတွေအထဲမှာ ဒီ-ဒုတိယ ပင်လုံညီလာခံကိစ္စ လိုင်းတင်လာတာလဲ အဓိက ကျနေပါတယ်။ ဒါကိုလက်မခံနိုင်တော့ အပြုတ်ရှင်းရေး လမ်းစဉ်ကို လုပ်လာတာပါဘဲ။ နဲနဲလည်း ပြန်စဉ်းစားစေချင်ပါတယ်။ ပြန်သုံးသပ်ကြပါဦး။ ကိုယ်ကတော့ ပါးစပ်လေးလှုပ်ရုံ လုံလုံခြုံခြုံနဲ့ တိုင်းရင်းသားတွေခမြာ နေစရာတောင်မရှိတော့ဘူး။ ကုလားမနိုင် ရခိုင်ကိုမဲဆော်တော့တာပေါ့။ ဒုတိယပင်လုံညီလာခံ ကိုလိုင်းတင် နေကြတာလည်း တချက်ပြန် သုံးသပ်စေချင်ပါတယ်။ လုပ်ဖို့တော့ လိုနေပါတယ်။ လိုပါတယ် ခံရတော့ တိုင်းရင်းသားတွေပါ။

အဲဒီတော့ မြန်မာ့နိုင်ငံအရေး ဘယ်လမ်းလဲဆိုတာ ပြည်သူတွေကိုချပြဖို့  ပါတီတွေမှာ တာဝန်ရှိနေပါတယ်။ ပြည်သူ့အားနဲ့ အပြီးသတ်တိုက်ပွဲကို ဖေါ်ဆောင်ဖို့ အားလုံးက ဆုံးဖြတ်ထားကြတာလေ။ ဘယ်လဲသွားမှာလဲ ... ဘာလဲ ဘယ်လိုလဲ။

ကောင်းပြီ ။ လမ်းတခု သို့မဟုတ် နှစ်ခုရွေးလိုက်ပါပြီတဲ့။
(၁) အချိန်ကာလ ဘယ်လို အကြမ်းဖျင်း သတ်မှတ်ထား ကြပါသလည်း။ ပန်းတိုင်ကိုရောက်ဖို့ ၂၀၁၅-လောက်လား။ ၂၀၂၀ လောက်မှလား။ ၂၀၅၀ လောက်အထိလား။ အိယောင်ဝါး ပြောခဲ့တာများပါပြီ ။ ပြည်သူတွေဘက်ကလိုနေသေးရင် ဘာလိုနေတယ် ဘယ်လိုလုပ်ရမယ်ဆိုတာလဲ တိတိကျကျလေးပြောပါ ။

ဒါတကယ်လေးလေးနက်နက် ပြည်သူတွေ သိလိုကြတဲ့ အဖြေပါ။ အခုကျနော်လည်း အသက်-၆၀ ကျော်ခဲ့ပါပြီ။ ကျနော်ခေါင်းချတဲ့ အချိန်မှာ ငါ့တို့မြန်မာတွေ လူလို ရပ်တည်ခွင့်ရခဲ့ပြီ ဆိုတာကို သိတဲ့အသိလေးနဲ့ ခေါင်းချသွားချင်ပါတယ်။ ၂၀၁၀ -မှာ ကျနော် ထောင်ထဲ အတူနေခဲ့ရတဲ့ ရဲဘော်ကြီး ( (ကလေးမြို့အမတ်-ဦးဒိုထောင်း) (ကွယ်လွန်တာကလည်း ကျနော့်မွေးနေ့ ဆိုပါတော့)။ နဲ့ တခြားရဲဘော်ကြီးတွေ ကွယ်လွန်ကြတော့ သူတို့က ကျနော့်ထက်ကို တိုင်းပြည်အတွက် နေ့တဓူဝ တဘ၀လုံး မြုပ်နှံ လုံ့လစိုက်ခဲ့ကြသူတွေ။ သူတို့ ကွယ်လွန်ချိန်မှာ စိတ်ထဲမှာ မတင်မချိနဲ့ ဖြစ်ကြရရှာမှာကို တွေးမိတိုင်း စိတ်မကောင်းသလို ငါခေါင်းချချိန် မှာ ဒင်းတို့မရှိတော့ဘူး ပြည်သူအားလုံးလွတ်လပ်နေပြီ ဆိုတာကို ပီတိပွားရင်းဘဲ ဘ၀ကိုနိဂုံးချုပ်ချင်စိတ် သိပ်ပျင်းနေမိတယ်။ ရဲဘော်ကြီး ဦးဒိုထောင်းဆိုရင် ၁၉၇၂ -ကနေ ၇၄ ခုနစ်အထိ ဘာအမှုမှမပြဘဲ -၃-နစ်အချုပ်ခံခဲ့ရှာရတယ်။  သူကအဲဒီကတည်းက နိုင်ငံရေးလုပ်လာတာ။

(၂) ဒုတိယအချက်အနေနဲ့ အထက်ကပြောထားသလို ပြည်ပဆရာကြီးများ မှတ်ချက်ပေးခဲ့သလို အပြောင်းအလဲဖြစ်ဖို့က ပြည်တွင်းပြည်သူလူထု ကိုယ်တိုင်တော်လှန်မှသာအောင်မြင်ပါမယ်ဆိုတာ လက်ခံပါသလား ။

လက်ခံရင် ပြည်သူလူထုက အသက်အိုးအိမ်ကို ရင်းရကြရမှာ။ နှစ်ခါ ရင်းခဲ့ရပြီးပြီ။ အခုတတိယအကြိမ် ထပ်ရင်းရပြီဆိုရင် ကြောင်နဲ့ကြွက်ပြေးတမ်း လိုက်တမ်းကစားတဲ့ အခြေနေမျိုး ဖြစ်မသွားအောင် တတိုင်းတပြည်လုံး တိုင်းရင်းသားတွေပါ ပါလာအောင် နိုင်ငံရေးခေါင်းဆောင်တွေက နိုင်ငံရေးအုံကြွမှုကြီးကို ကြံဆဖေါ်ဆောင်ဖို့ ယတိပြတ် လိုအပ်ပါတယ်။ တူနီးရှားမှာ လူရွယ်တဦး စွန့်စားလိုက်တာ အခုသူဟာသာမန် အလုပ်လက်မဲ့ဘ၀ကနေ ဒီမိုကရေစီ သူရဲကောင်းကြီးဖြစ်သွားပါပြီ။ ကျနော်တို့ ဆီမှာအဲ အခက်အခဲတွေကြောင့် ကိုယ့်ကိုကို သေကြောင်းကြံကြရင် (သေကြောင်းကြကြလို့ မတိုက်တွန်းပါ) ကြံကြပြီဆိုရင် လူသူစည်ကားတဲ့ မြို့လယ်လူမြင်ကွင်းမှာ လုပ်ကြပါ။ သေချင်းသေရင် သူရဲကောင်း မှတ်ကျောက် အတင်ခံပြီးသေကြပါလို့။

အဲဒိလိုဘဲ ဗိယက်နမ်စစ်ပွဲကာလမှာလဲ ဗုဒ္ဓဘာသာရဟန်းတော်တချို့ ရဲဝံ့စွာ မိမိကိုမိမိ မီးရှို့ဆန္ဒပြ အသက်တွေ ပေးလှူသွားခဲ့ကြပါတယ်။ (ဒါနိုင်ငံရေး အသိဟောကြားရာမှာ လေးလေးနက်နက် လူသိများအောင် လုပ်ထားပေးရပါမယ် ။)

နိုင်ငံရေးခေါင်းဆောင်များအနေနဲ့  လူထု အြုံ့ကွမှုကို ဖေါ်ရာမှာ ထိုးနက်ချက်ပေါ့။ ဘာတွေနဲ့ ဘယ်လို လှုံ့ ဆော်မှုနဲ့ ဖေါ်ဆောင်ကြမှာပါလဲ ဆိုတာကိုပြည်သူလူထု သိအောင်ချပြသင့်ပါပြီ။ အစိုးရသိလို့ မရဘူးဆို တဲ့ လျှို့ဝှက်ချက်ဆိုတာနဲ့တော့ အကာအကွယ် မယူကြပါနဲ့တော့။ ကိုယ်က ဖြစ်လာနိုင်ခြေရှိတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားရင် ပြည်သူလူထုကိုချပြလိုက်ပါ။ ယောင်ဝါးဝါး တွေ ဆက်မလုပ်သင့်တော့ပါဘူး။ ပြည်သူလူထုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကိုင်လိမ့်နိုးနိုးနဲ့ နောက်ဆုံးတော့ NO တာ ခံခဲ့ရပြီးပြီ ၁၉၉၈- လောက်နေ ကုလလုံခြုံရေးကောင်စီ ၀င်ကိုင်တော့မလိုလို။ ဘာလိုလိုနဲ့ လူထုမှာ မျှော်လင့်နေကြရတာ။ တခါ စီးပွားရေးပိတ်ဆို့လာတာနဲ့ ဒူးထောက်လာတော့ မယောင် မျှော်လင့်ချက်ပေးခဲ့လို့  ကြာခဲ့ရပြီးပြီ ။ (ကျနော်အမြင်ကို အောက်မှာ ဆက်ဖေါ်ပြပါမယ်)

နောက်တခုက နိုင်ငံရေးအပြောင်းအလဲကို သူ့အလိုလိုပေါ်လာတာကို ထိုင်စောင့်နေကြမှလား။ ပေါ်လာအောင် မဖေါ်တတ်ကြတော့ဘူးလား။ ဖေါ်တတ်ရင်ဘယ်လို ဖေါ်ကြမှာလဲ။ ဒီတခါအုံကြွမှုဖြစ်လာရင် နိုင်ငံရေးခေါင်းဆောင်များရော လူထုနဲ့အတူ လမ်းပေါ်ထွက် ၀ံ့ကြပါသလား။ ပြီးခဲ့တဲ့ အုံကြွမှု နှစ်ရပ်စလုံးမှာတော့ မပါခဲ့ကြသလို အဖမ်းအဆီးပင်မခံကြရပါဘူး။ ပါလာရင်လဲ ထိုင်းမှာ ရှပ်နီတော်လှန်ရေးတုန်းကလို ခေါင်းဆောင်ကို စနိုက်ပါနဲ့ ဆော်ထဲ့မှာကတော့ အသေအချာပါ။

ဘယ်လိုတွေ ဘယ်ကဏ္ဍတွေကနေ ဖေါ်ကြပါမလဲ။ အခုအဖွဲ့ချုပ်က နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး လက်မှတ်ထိုးကမ်းပိန်းနဲ့ အချိန်နဲ့ ၀ီရိယ ကုန်ခဲ့ပါတယ်။ အကျဉ်းသားလွှတ်ပေးရေး လှုပ်ရှားမှုကို ကျနော်အမြင်ပါ သိပ်မလုပ်စေချင်ဘူး။ နံပတ်တစ်က အာဏာရှင်ကနေ အရပ်ဝတ်ပြောင်းလိုက်ရတော့ ဦးသိန်းစိန်အစိုးရဟာ အာဆီယံကို အပြုသဘောဆောင်တာ တခုခုလုပ်ပြဖို့ လိုနေပါတယ်။  ကျနော်အနေနဲ့ဆို သူကလွှတ်မပေးတော့မှ ထတောင်းဆိုတာ လုပ်စေချင်ပါတယ်။ အခုသူ့ကို လုပ်ဖို့ အချိန်လေးတခု တောင်မပေးတော့ဘဲ အဖွဲ့ချုပ်က ထတောင်းပွဲတိုက်ပွဲ ပုံစံလုပ်လိုက်တော့ ဟိုက လွှတ်ပေးဖို့  ခက်သွားတယ်။ လွှတ်ပေးပြန်ရင် အဖွဲ့ချုပ်ကိုကြောက်လို့ လွှတ်ပေးလိုက်တာ ဖြစ်သွားတယ်။ အဖွဲ့ချုပ်ကတောင်းဆိုလို့ လက်မှတ်ထိုး ကမ်ပိန်းကို ကြောက်လို့ လွှတ်လိုက်ရတယ် ဖြစ်သွားရော။ အရပ်စကားပေါ့ ။ မတော့မတာဘဲ အချွန်နဲ့ ဆိုတာ ဖြစ်နေတယ် ။

ကျနော်တို့က တဆင့်အဆက်အသွယ်နဲ့ ဒေါ်စု ဆီကို စစ်သည်တော်လစာ/ ၀န်ထမ်းလစာ/ ပင်စင်စာလစာနှင့်  နေ့စားအလုပ်သမား (အနိမ့်ဆုံးလုပ်ခ) လက်မှတ်ထိုး အဆင့်တောင် မဟုတ်ပါ။  အဖွဲ့ချုပ်က ဒီကိစ္စတွေ အစည်းအဝေးလုပ်တယ် သုံးသပ်တယ်။ မိသားစုတွေဆီ ကိုယ်တိုင်ဆင်း မေးမြန်းပြီး မိသားစုတွေရဲ့ တကယ့်လစဉ် ကုန်ကျစားရိတ်နဲ့ ရနေတဲ့လစာ လောက်ငှမှု ဘယ်လိုရှိတယ်ဆိုတာကို လေ့လာတာလေးဘဲ လုပ်လိုက်ပါ။ ဦးသိန်းစိန် ပြာသွားပါမယ်။ အဲဒီလိုဒေါ်စုကိုယ်တိုင် ဆင်းလေ့လာတယ်ဆိုတာ မီဒီယာမှာဘဲ ပါကြည့်ပါ။ လွှတ်တော်အရေးပေါ်ခေါ် လစာတွေ ချက်ချင်းတိုးပေး လာစေရပါမယ်။ သူတို့မှားနေတာက လွန်လွန်ကဲကဲလေ။ နောက်တခု ဒေါ်စုကိုယ်တိုင် ကျမကလည်း ပြည်သူလူထုကိုချစ်ပါတယ် ဆိုတာကို ပြည်သူတွေ ဘယ်လိုလက်တွေ့ ခက်ခဲနေပါတယ်ဆိုတာ အရင် လက်တွေ့ သိသင့်ပါတယ်။ လေ့လာသင့်ပါတယ်။

ပြည်သူလူထု အိမ်ထဲမှာ တကယ်ဝင်စားသောက်ပြီး မီဒီယာကြီးတွေပေး တင်ပေးစေချင်ပါတယ်။ အထူးသဖြင့် ကျောင်းဆရာ ဆရာမ တွေရဲ့မိသားစုအိမ်ကို အသိမပေးဘဲ ရုတ်တရက်ဝင် အတူတကွ ချက်ပြုတ်စားသောက် ၀င်ငွေ/ထွက်ငွေ တွေမေးမြန်းတာလေးဘဲ လုပ်ပြီး မီဒီယာကြီးတွေပေါ်သာ တင်လိုက်ပါ။ လူထုကို ဆူကြပါ အော်ကြပါ လုပ်စရာမလိုပါဘူး။

ပြီးတော့မှ ၀န်ထမ်းလစာ ဘယ်လောက်တော့ ဖြစ်သင့်တယ်ဆိုတာလေး ဘယ်လောက်တော့ ထားသင့်တယ်။ ဖြစ်သင့်တယ်လေး လေသံလေးသာ ထုတ်ပေးဖို့ တင်ပြခဲ့ပါတယ်။ ဒေါ်စု ဆီ ရောက်မရောက်တော့ အတတ်မပြောနိုင်ပါ။ နောက်တော့ မစောင့်နိုင်တော့တာနဲ့ ကိုယ်လူလေးတွေ နဲ့ အထက်ပါလစာတွေ တိုးပေးရေး လက်မှတ်ထိုးကမ်ပိန်းကို ဇွန်လ-၉-ရက်နေ့ မှာ စတင်လိုက်ပါတယ်။ စ.ရ.ဖ တွေ ချက်ချင်းလိုက်တော့ စာရွက်ကို ဖြန့်ဘဲဖြန့် နိုင်ခဲ့ပါတယ်။ ပြန်မသိမ်းနိုင်တော့ပါ။  ဒါကိုပင် လူထုက အဆင့်ဆင့် မိတ္တူပွား လက်မှတ်တွေထိုးကြတာ သမ္မတကြီးဦးသိန်းစိန် ပင်စင်လစာ တိုးပေးလိုက်ရပါတော့တယ်။ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်းတိုင်းဘက် တွေမှာဖြန့်ဖို့ အစီအစဉ်ကိုပါ ရပ်ထား လိုက်ရပါတယ်။ ဆက်မဖြန့် ရဲတော့ပါ။

ကျနော့်ရဲ့ ဦးဇင်းနှစ်ပါးလဲ ပုန်းနေကြရပါတယ်။ လူငါးယောက် အခုပုန်းနေကြရပါတယ်။  ဖမ်းခံရရင်လဲ သမ္မတသစ်လက်ထက် ပထမဦးဆုံး နိုင်ငံရေးအကျဉ်းသားပေါ့။ အဖမ်းခံရလဲ အဖမ်းခံရကျိုးနပ်တယ်။ ကျနော်တို့ရဲ့ မဖြစ်စလောက် လှုပ်ရှားမှုကြောင့် (စာရွက်လေးတွေဝေပြီး လစ်ပြေးရရုံလေး)နဲ့ ပင်စင်စား ကျေးဇူးရှင် ကျောင်းဆရာကြီးများကို ဂုဏ်သိက္ခာရှိရှိဘ၀ကို ရအောင် ကံတော့နိုင်ခဲ့ပါပြီ။

တကယ်လို့သာ အဖွဲ့ချုပ်နဲ့ ဒေါ်စု တို့ကသာ လစာကိစ္စ ကုန်ဈေးနှုန်းကိစ္စ အစည်းအဝေးလုပ်ပြီး ဒီကိစ္စကို ထိပ်ဆုံးဦးစားပေး လိုင်းတင်လိုက်ရင် သမ္မတကြီး နိုင်ငံရေးမှာ အလဲထိုး ချခံလိုက်ရသလို ဖြစ်သွားပါမယ်။ ပြည်သူလူထုက ဘ၀ချောင်လည်ဖို့ ဒေါ်ဟာ မျှော်လင့်ချက် မိးတိုင်ဖြစ်သွားပါမယ်။ အဲဒီလိုဖြစ်သွားရင် သမ္မတကြီးက လစာတွေတိုးပေးလာရင်လဲ ပြည်သူလူထုက ဒါဟာ ဒေါ်စုကြောင့်တိုးပေးလာရတာ သမ္မတကြီးရဲ့ အရင်းခံ စေတနာကြောင့် မဟုတ်ဘူးဘဲ မြင်ကြမယ်။ လစာတိုးမပေး ပြန်ရင်လဲ ဘ၀ချောင်လည်ဖို့ ဒေါ်စု အုပ်ချုပ်မှ ဖြစ်လာတော့မယ်ဆိုတာ မျှော်လင့်လာကြမယ်။ တော်လှန်စရာ ပေါ်လာရင် အပြီးတိုင် အဆုံးတိုင်တော်လှန်ကြတော့မယ်။

ဘ၀ရပ်တည်ရေးအတွက် တော်လှန်လာရင် ဒါဟာ တတိုင်းတပြည်လုံး လူထု တရပ်လုံးအရေး လူထုတရပ်လုံးနဲ့ ဆိုင်နေတော့ နိုင်ငံရေးအတွက် အုံကြွတာခြင်းမတူဘူး။ နိုင်ငံရေး အာသီသက အင်္ဂလိပ်လိုတော့ political thirst ပေါ့။ မအောင်မြင်ရင် နောက်ဆုတ် ပေးတတ်တယ်။ မျိုသိပ်ထားလို့ရတယ်။ လူနည်းစုဘဲ ပါလာတယ်။ ဘ၀ရပ်တည်ရေး (livelihood struggle) ကတော့ နောက်ဆုတ်ပေးဖို့ မရတော့ဘူး။ အပြီးအပြတ် တော်လှန်ရေးဆီကို ရောက်အောင် တွန်းအားကြိးတယ်။ လူထုပါဝင်မှု အင်အားလဲကြီးမားတယ်။ သေမထူးနေမထူး စိတ်ပိုင်းဖြတ်လုပ်တတ်ကြတယ်။ အခုအဖွဲ့ချုပ်က တင်နေတဲ့ လိုင်းက- ၂၃-နစ်လုံးမှာ လူထုဘ၀အရေးကို လိုင်းတင်လာတာမရှိသေးဘူး။ နိုင်ငံရေးလိုင်း သက်သက်။ လူ့ အခွင့်အရေး စသည် ။

နောက်တခုက အဖွဲ့ချုပ်မှာ ပိုတာဝန်ရှိတယ်ဆိုပေမယ့် ပါတီအားလုံး နိုင်ငံအရေး စကားပြောနေသူ အားလုံးမှာပါ တာဝန်ရှိနေတာက မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရတော်လှန်ကြ ဆိုတဲ့အဆိုကိစ္စ။ အခုအစိုးရဟာ သူ့ယန္တားကြီး လည်ပတ်နေဖို့ ပြည်သူလူထုတရပ်လုံး လုပ်အားကို အသုံးပြု မောင်းနှင်နေတယ်။ ပြီးလုပ်ခလစာ ကျတော့ မတရားသဖြင့် နည်းလွန်းလှတဲ့လုပ်ခကိုသာပေးနေပါတယ်။ ဒါဟာ ပြည်သူတွေနေ့ စဉ်မတရား အနိုင်ကျင့်ခံနေရတာပါ။ မတရားမှုကြီးပါ။ ဒါကြီးကို မတရားမှုကြီးလို့ မြင်ဖို့လိုနေပါတယ်။ မြင်ရင် အစိုးရဆီကိုတင်ပြပါ။ ဒါဟာမတရားမှုကြီးပေါ့။ ပြည်သူတွေ နှိုးထ လာကြပါလိမ့်မယ် ။

အဲဒီလိုပြည်သူလူထုကို လစာနနဲလေးပေးပြီး ပြည်သူလူထုကို အကြပ်ကိုင်ဖို့ ကြံ့ဖွတ်တွေ စွမ်းအားရှင်တွေ မွေးဖို့ပေးဖို့ အမြတ်ထုတ်နေတဲ့ ဒီကျွန်လခ စံနစ်ကြီးကို တော်လှန်လိုက်ရင် ကြံ့ဖွတ်တွေကို ပေးစရာငွေ လျှော့သွားပါမယ်။ ဘာမှသုံးလို့ မရနိုင်တဲ့ နေပြည်တော်ကြီးမှာ ငွေတွေ ပုံအောသုံးနေတာကြီးကို အဆုံးသတ် သွားစေပါမယ်။ လစာတိုးပေးရေး ကမ်ပိန်းကနေ ပေါ်ပေါက်လာမယ့် အကျိုးဆက်တွေက အစိုးရအတွက်ကတော့ အနုတ်လက္ခဏာ ချည်းပါဘဲ။ ပင်စင်လစာ တိုးပေးရေး လက်မှတ်ထိုး ကမ်ပိန်းလေး လုပ်လိုက်တာကို (နေပြည်တော်က ရလာတဲ့မေးလ်ပါ တရက်ပြပါမယ်) ကသမ္မတကြီးက ဒီအဖွဲ့ကို ရအောင်ဖမ်း အစိုးရအသစ်ကို တက်တက်ချင်းဆောက်နဲ့ ထွင်းတဲ့အကောင်တွေတဲ့။

အဲဒီမေးလ်မှာဘဲ ပင်စင်လစာကတော့ မပေးလို့ မကောင်းတော့ဘူး ပြီးလူနည်းစုပေါ့။ ၀န်ထမ်းလစာကတော့ ပေးစရာ ငွေမရှိဘူး ပြီးလူအများကြီတဲ့။ ပြောထားတော့ တိုက်ယူကြရပါမယ်။ ကျနော် အာနေတာ မဟုတ်ပါဘူး။ တရက်အဲဒီမေးလ်တွေ ချပြပါမယ်။ အခုနေတော့ ကျနော့်အဆက်အသွယ်ကို ရန်ပြုနိုင်ပါတယ်။  အတွင်းသတင်းလဲ သားကျောပြတ် သွားနိုင်ပါတယ်။ သမ္မတကြီးစကားကို သုံးသပ်ကြည့်ရင် ၀န်ထမ်းတွေကိုလဲ ပေးချင်တယ် ပေးဖို့လိုနေတာကို သူလက်ခံတယ်။ သူမတတ်နိုင်ရှာဘူး ဆိုတာပေါ်နေတယ်။

တကယ်သာသမ္မတကြီး ဆန္ဒအမှန်ရှိနေရင် အခွန်ငွေကိုသာ မှန်မှန်ကန်ကန် ရအောင်သာ ကောက်လိုက်ပါ။ အခွန်ရှောင်ထားသူတွေကို စီစီစစ်စစ်လေး စစ်လိုက်ပါ။ ဘဏ္ဍာငွေတွေ အများကြီး ရလာပါမယ်။  ဥပမာ တလောက တေဇက သူဟာဘီလျှံနာလို့ တရားဝင် ကြေငြာလိုက်ပါတယ်။ တနှစ်ကို ဒေါ်လာ-သန်း-၅၀၀-မြတ်ပါတယ်လို့ သူကိုယ်တိုင် ပြောထားတာလေးနဲ့တင် သူဘယ်လိုဘဲ မြတ်မြတ်လေ။ ဒေါ်လာ-သန်း-၁၀၀၀- မြတ်ထားရင်အစိုးရကို ဒေါ်လာ-သန်း၃၀၀- ဆောင်ထားတာ ပြနိုင်ရပါမယ်။  ကုမ္မဏီကြိးတွေကိုဆိုရင် ဆူပါအခွန်ဆောင်ရတာပါ။ သန်းရွှေသားသမိးတွေဆိုလဲ တဦးဆီ တဦးဆီကို ဒေါ်လာ ဘီလျှံနဲ့ချီ ချမ်းသာနေကြတာပါ ။

ဒီလိုဘဲ ပြည်တွင်းရင်းနှီး မြုပ်နှံမှု ပမာဏဟာ ဒေါ်လာ- ၃-ဘီလျှံမက ရှိနေတော့ အဲဒီပမာဏ ပိုင်ဆိုင်ဖို့က အခွန်-ဒေါ်လာသန်း -၁၀၀၀- လောက်ဆောင်ထားမှ ပိုင်ဆိုင်ခွင့်ရှိတာပါ။ ဒါတွေကို လွှတ်တော်အမတ်တွေကလည်း ရဲရဲဝံ့ဝံ့ ထောက်ပြဖို့ လိုနေပါပြီ။

အားလုံးကို လေးစားလျှက်
 ဒေါက်တာလှိုင်မြင့် 
(ဆက်လက်တင်ပြပါမည်)

လွန်ခဲ့တဲ့ ၂ပတ်ခန့်ကတည်းက ပေးပို့ထားတဲ့ ဆောင်းပါးဖြစ်ပါတယ်..။ ယခုမှ ပိုစ့်တင်ဖြစ်တဲ့အတွက် ဆရာ့အား တောင်းပန်အပ်ပါတယ်..။ ဆက်လက်ပြီး ယနေ့ ပေးပို့ထားတဲ့ အပိုင်း(၃)အား ပြင်ဆင်ပြီးပါက ဆက်လက်ဖော်ပြပေးပါမည်...။ 

ဒေါက်တာလှိုင်မြင့် ဆောင်းပါးများ ပြန်ဖတ်ချင်ရင် Label (ဒေါက်တာလှိုင်မြင့် ဆောင်းပါးများ)အား နှိပ်ပြီးပြန်လည် ဖတ်ရှုနိုင်ပါတယ်..။