ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရင်ထဲကရှစ်ဆယ့်ရှစ် အပိုင်း (၃) (ဆောင်းပါးရှင် မောင်မောင်ဝမ်း)


ရင်ထဲကရှစ်ဆယ့်ရှစ် အပိုင်း (၃)
(ဆောင်းပါးရှင် မောင်မောင်ဝမ်း)

၁၉၈၈သြဂုတ်လ (၈)ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့.. ရှစ်လေးလုံး အရေးတော်ပုံဆိုတာ… တပါတီ အာဏာရှင်စနစ်ကနေ.. ဒီမိုကရေစီစနစ်ကို အကောင်ထည်ဖော်ဘို့.. တောင်းဆိုခဲ့ကြတဲ့.. လူထုတော်လှန်ရေးကြီး ဖြစ်တယ်။ မင်းမဲ့စရိုက်တွေနဲ့ ပရမ်းပတာဖြစ်ပျက်ခဲ့တဲ့.. ဆူပူအရေးအခင်းမဟုတ်...

ခေါင်းလောင်းသံ မဆုံးခင်မှာပဲ ကျနော်တို့ သုံးယောက်သား ကျောင်းထဲကို အပြေးဝင်သွားတယ်။ လုံခြုံရေးဆရာတ ယောက်က တံခါးပိတ်မလို့ ထအလာ… ဆရာက ကျနော်တို့ကို ကြည့်ပြီးကြောင်သွားတယ်။ ကျန်တဲ့ဆရာနှစ်ယောက်က ထလာပြီး ကျနော်တို့ကို လိုက်တားတယ်။ “ဟာ..ဟာ.. ဘာလုပ်ကြမလို့လည်း ခလေးတို့… ဘာလုပ်ကြမလို့လည်း….” ဆရာ့အော်သံကို ကျနော်တို့ နားစွန့်မနေနိုင်ဘူး.. ကျနော်တို့ သုံးယောက်လုံး ကျောင်းအပေါ်ထပ် ပြေးတက်သွားခဲ့တယ်။ ကျောင်းအုပ်ဆရာကြီး ရုံးခန်းနားရောက်တော့… ကျောင်းအုပ်ကြီးနဲ့ ရုံးစာရေးတယောက်က မတ်တပ်ရပ်လို့ ရုတ်တရက် ဆိုတော့သူတို့လည်း ကြောင်သွားပုံရတယ်။ ကျနော်က “တယ်လီဖုန်း ဘယ်မှာလည်းဗျ” ဆိုတော့… ရုံးစာရေးလုပ်တဲ့ သူကလက်ညှိုး လှမ်းထိုးပြလိုက်တယ်။ ကျနော်အပြေးအလွှား သွားပြီး ပါလာတဲ့ ဓါးမြှောင်နဲ့ ဖုန်းကြိုးကို ဖြတ်ပစ်လိုက်တယ်။ မြို့နယ်ပညာရေးမှုးရုံးကလည်း ကျောင်းအပေါ်ထပ်မှာ ကျနော် ပညာရေးမှုးရုံးခန်းဆီကို တခါအပြေးဝင်သွားတယ်။ ကျနော်ဝင်သွားတော့.. ရုံးခန်းက ၀န်ထမ်းတွေက… မတ်တပ်လေးတွေရပ်ပြီး.. ဘာလုပ်ရမှန်းမသိဘူး.. သူတို့စိတ်ထဲ ဘာတွေ ဖြစ်နေတာလည်းကို မသိတာ…. စောစောကလိုပဲ ဖုန်းကိုလိုက်ရှာပြီး ကြိုးကို ဖြတ်ပစ်လိုက်တယ်။ အဲဒီအချိန်မှာ.. သက်နိုင်နဲ့ ကျော်ဆန်းဦးက ကျောင်းဆောင် အပေါ်ထပ် ဆရာ၊ ဆရာမများ နားနေရာအခန်းမှာ.. တရားတွေဟောလို့…

“ဆရာ၊ ဆရာမတို့ခင်ဗျား… အခုချိန်ကစလို့.. ကျနော်တို့ လူထုတော်လှန်ရေးကြီး စပါပြီ…။ ဆရာတို့ဆရာမတို့ဟာ ကျနော်တို့ဆရာတွေပါ.. အားတော့နာပါတယ်။ ဒါပေမဲ့… ဆင်းရဲတွင်းနက်နေတဲ့… ပြည်သူလူထုကြီး အတွက် လုပ်သင့် လုပ်ထိုက်တာဖြစ်လို့.. ကျနော်တို့ကို နားလည်ပေးပါ….” ကျော်ဆန်းဦးက လက်သီးလက်မောင်း တန်းပြီး တရားဟောနေတော့… ဆရာဆရာမတွေလည်း ဘာမှပြန်မပြောကြဘူး.. ငုတ်တုတ်လေးတွေ ထိုင်ပြီး.. ကျနော်တို့ကို ကြောင်စီစီလေးတွေ ကြည့်နေကြတယ်။ ကျနော်က ကျောင်းအောက်ကို တချက် လှမ်းကြည့်လိုက်တော့ ကျောင်းရှေ့ ကွင်းပြင်လယ်မှာ ရန်ကုန်စက်မှုတက္ကသိုလ်က ကိုကံတင်နဲ့ ကျော်စွာတို့ အုပ်စုက ခွပ်ဒေါင်းအလံကို လွှင့်ပြီး ကြွေးကြော်သံတွေတိုင်လို့…

တပါတီအာဏာရှင်စနစ်ဖြုတ်ချရေး--------- တို့အရေး…တို့အရေး
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး----------- တို့အရေး---တို့အရေး
ဒီမိုကရေစီရရှိရေး------------------တို့အရေး---တို့အရေး
အရေးတော်ပုံ-----------------အောင်ရမည်၊ အောင်ရမည်။

ဒါပေမယ့် ကျောင်းသားအင်အားက ဘာမှမရှိဘူး… ကွင်းပြင်အလယ်မှာ အယောက် နှစ်ဆယ်လောက် ငုတ်စုစုလေး အော်နေကြတာ။ ကျနော်တော်တော် အားငယ်သွားတယ်။ ဒါနဲ့ကျနော်တို့ ကျောင်းအောက်ထပ်ကို ပြန်ဆင်းလာကြပြီး စာသင်ခန်းထဲကို ၀င်တယ်။ ကျောင်းသားတွေကို ၀င်ပြီးတရားဟောတယ်။ တခြားအဆောင်တွေမှာလည်း… ကျနော်တို့ရဲဘော်တွေက.. စာသင်ခန်းတွေထဲဝင်.. ကျောင်းသားတွေကို ကွင်းလယ်ထွက်ခဲ့ဘို့ ပြောတယ်။ ဒါပေမဲ့ ကျောင်းသားတွေက ကြောက်နေကြပြီး ဘယ်သူမှထွက်မလာဘူး။ ကျောင်းရှေ့ကို လှမ်းကြည့်လိုက်တော့… ကျော်လင်းတို့အုပ်စုက တံခါးမကြီးကို သူတို့ယူလာတဲ့ သံကြိုးတွေနဲ့ ချည်ပြီး ပိတ်ထားလိုက်တယ်။ တံခါးမကြီးရဲ့ တဘက် ကျောင်းဝန်း အပြင်ဘက်မတော့… အစုလိုက်အပြုံလိုက် လူထုကြီး…။ နောက်မှသိရတာက… ကျနော်တို့ သတ်မှတ်ထားတဲ့ အချိန်ကိုက် နာရီကို ရောက်တာနဲ့  တပြိုင်နက်ထဲ… မြို့ထဲမှာ တာဝန်ယူထားတဲ့ သူတွေက… သတင်းစကားတွေကို လိုက်ဖြန့်ကြတယ်။ ဖြစ်ချင်တော့… ကျနော်တို့ထဲက တယောက်ဖြစ်တဲ့ မြင့်ငွေ (ယခု NDFပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်)က လမ်းတလျှောက် အော်ပြေးတယ်လေ…။

“ အထက (၁) မှာ သူပုန်တွေဝင်စီးလို့ဗျို့ အထက (၁) မှာ သူပုန်တွေဝင်စီးနေပြီ ” ဆိုတော့… မြို့နေလူထုက ထိတ်လန့်သွားပြီး.. သူတို့သားသမီးတွေရှိရာ ကျောင်းဆီကို တဟုန်ထိုးရောက်လာကြ တယ်… ကျောင်းဝန်းပြင်ပမှာသာ လူထုကြီးက ရောက်နေတာ… ကျောင်းဝန်းအတွင်းမှာက ဘာမှမရှိသလောက်နီးပါး။ ကျနော်တို့ စိတ်ဓါတ် တော်တော်ကျသွားကြတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ ပြာယာခတ်နေ ကြပြီ… သက်နိုင်က ကျနော့်ကိုကြည့်ပြီး.. မျက်နှာအမူအရာနဲ့… ဘာဆက်လုပ်ကြမလည်းပေါ့။ ကျနော့်ခေါင်းထဲ အကြံတခုဝင်လာတယ်… ဘာမှ ပြောမနေတော့ဘူး။ ကျောင်းအပေါ်ထပ်ကို ပြေးတက်သွားပြီး.. ခေါင်းလောင်းရှိ ရာကို သွားတယ်။  ပြီးတော့..ခေါင်းလောင်းကို အဆက်မပြတ်တီးတော့ ကျောင်းအုပ်ဆရာကြီးက ကြောင်ပြီး ကြည့်နေတယ်။ စာသင်ခန်းတွေဆီက ကျောင်းသားတွေက.. တကယ် ကျောင်းဆင်းတယ်ထင်ပြီး အကုန်ထွက်လာကြတယ်။ အဲဒီအခါကြမှ ကျောင်းသားတွေက ကွင်းလယ်ကိုစုရုံး ရောက်ရှိလာပြီး.. ကျနော်တို့လူတွေနဲ့ ပေါင်း စည်းမိသွားတော့တယ်။ ခွပ်ဒေါင်းအလံတော်ကို ရှေ့က ငွားငွားစွင့်စွင့် ကိုင်သူကကိုင်နဲ့ စနစ်တကျ တန်းဆီထွက်ဘို့ လိုက်ပြောအပြီးမှာတော့ ငါးယောက်တတွဲ တန်းစီပြီး ကျောင်းထဲကနေ ထွက်လာတော့တယ်။ ကျောင်းဝန်းအပြင်က စောင့်ကြည့်နေကြတဲ့ လူထုကြီးက အဲဒီအခါကြမှ သဘောပေါက်တယ်ထင်ပါရဲ့။ လက်ခုပ်သံတွေ.. မိုးထိယံနေအောင် တီးလို့ အားပေးကြရင်း သူတို့ပါ စီတန်းဆန္ဒပြတဲ့ အထဲမှာ ပါလာကြတယ်လေ။ ဘေးမှာရှိတဲ့ ကျောင်းသားတယောက်က ကျနော့်ကို လက်ကိုင်ပုဝါတထည် လှမ်းကမ်းတယ်။ သူကိုယ်တိုင်လည်း မျက်နှာမှာစည်းထားတော့ စိတ်ထဲမှာ.. သူ့များဒီလိုလုပ်ရမယ်လို့ ဘယ်သူကများ ပြောထားပါလိမ့်ပေါ့ ဒီလိုနဲ့နေရာတနေရာ အရောက်မှာ ပထမဆုံး လူထုနိုင်ငံရေး တရားပွဲစကျင်းပတယ်။ လူတွေက စားပွဲခုံတလုံး ထုတ်ပေးတော့ ကျနော်က အဲဒီအပေါ်တက် ဦးထုပ် အမဲတလုံးကိုလည်း ခေါင်းမှာဆောင်း… လက်ကိုင်ပုဝါကိုလည်း.. မျက်နှာမှာ စည်းထားရင်း (ရုပ်ဖျက်တာ) နိုင်ငံရေးတရားတွေကို အားနဲ့မာန်နဲ့ဟောတာပေါ့...

“ပြည်သူလူထုကြီးခင်ဗျား….. ကျနော်တို့ဟာ တက္ကသိုလ်ကျောင်းသားတွေပါ… အခုဒီနေ့ကစလို့ ကျနော်တတွေ ဦးဆောင်မှုနဲ့… တပါတီအာဏာရှင် မဆလအစိုးရ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ)ကို လူထုအုံကြွမှုနဲ့ တော်လှန်လိုက်ပါပြီ……..”

ဖြောင်း… ဖြောင်း… ဖြောင်း…. ဖြောင်း…. လူထုကြီးရဲ့ လက်ခုပ်သံတွေ ထွက်ပေါ်လာတယ်။
“ဘာလို့ တော်လှန်ရသလဲ ဆိုရင် ပြည်သူလူထုကြီး သိတဲ့အတိုင်းပဲ.. ကျနော်တို့နိုင်ငံဟာ ဆင်းရဲတွင်း နက်သထက်နက်လို့ နေပါပြီ။ ဒါဘယ်သူ့ကြောင့် ဒီလိုဖြစ်နေတယ်လို့ ထင်ပါသလဲ...

“ ခွေးသူတောင်းစား အစိုးရကြောင့် ဒီပါတီ၊ ကောင်စီတွေကြောင့်…..”
“ဟုတ်တယ်… လက်ရှိအစိုးရကြောင့် ဒါ့ကြောင့် ဒီအစိုးရကို ကျနော်တို့အားလုံး ဖြုတ်ချပစ်ရမယ်။ ဒီမိုကရေစီစံနစ်ကို ထူထောင်ရမယ်…… အားလုံး သဘောတူပါသလား ခင်ဗျား----”

“တူပါတယ်….တူပါတယ်…တူပါတယ်..”
“ကျနော်ပြောချင်တာ ဒီလောက်ပါပဲ။ ကျနော်တို့ လူထုကြီး ဆက်လက်ပြီး စီတန်းလှည့်လည်ရင်း ဆန္ဒတွေကို ထုတ်ဖော်ကြမယ်။ ကျနော်တို့နဲ့အတူ လိုက်ခဲ့ကြပါ..”
“လိုက်မယ် လိုက်မယ် ဖြောင်း… ဖြောင်း… ဖြောင်း….. ဟေ့ဒါမှ… တို့ရွာသစ်သား… မောင်မောင်ဝမ်းကွ.. ရွာသစ်သားကွ….”

ဟာသွားပြီ.. ကျနော်တော်တော် ရယ်ချင်သွားတယ်။ ရွာသစ်ဆိုတာ ကျနော်နေတဲ့ ရပ်ကွက်. ကျနော်ကမသိအောင် ရုပ်ဖျက်ထားကာမှ.. ကျနော့်နာမည်ကို ထုတ်အော်နေကြတော့.. မထူးတော့ပါဘူး.. မျက်နှာမှာ စည်းထားတဲ့ လက်ကိုင်ပုဝါရော ဦးထုတ်ရော ဆွဲချွတ်ပစ်လိုက်တယ်။ လူအုပ်ကြီးက များသထက် များလာပြီ။ ကျောင်းသား တယောက်က ကြွေးကြော်သံ ရှေ့က တိုင်ပေးတယ်။
“ တပါတီအာဏာရှင် မဆလအစိုးရ ဖြုတ်ချရေး------တို့အရေး..တို့အရေး”

“ဒီမိုကရေစီရရှိရေး----တို့အရေး…တို့အရေး”
“ကျောင်းသား ကုလသမဂ္ဂဖွဲ့စည်းရေး တို့အရေး… တို့အရေး”
“အရေးတော်ပုံ….အောင်ရမည်…အောင်ရမည်”

ဟာသွားပြီ ကျနော်အပြေးအလွှား လှမ်းပြောလိုက်ပေမယ့် မမှီလိုက်တော့… ဘယ်နဲ့ ကျောင်းသား ကုလသမဂ္ဂ ရမှာလည်း ကျောင်းသားသမဂ္ဂ… ကျောင်းသားသမဂ္ဂ… ကျနော်က သူ့ကိုရှင်းပြလိုက်တော့မှ….

“ဟုတ်လားအကို…ကျနော်က ကျောင်းသား ကုလသမဂ္ဂထင်နေတာ…ကျနော်ပြန်ပြင်အော်ပါ့မယ်…”


လမ်းဘေး တလျှောက်မှာလည်း အားပေးနေကြတဲ့ လူထုပရိတ်သတ်ကြီးက အားရစရာ…. ရေတိုက်သူကတိုက်.. မုန့်တွေပေးသူကပေး…. လက်ခုပ်တီးသူကတီး…. ဒီလိုနဲ့မြို့ထဲ တနေရာရောက်တော့…..

“ကုလားဗလီ မီးရှို့ကြမယ်ဟေ့ ကုလားတွေ လိုက်ရိုက်… ကုလားဆိုင်တွေ ဖျက်ကြ….”ဆိုတဲ့ အသံတွေက စူးထွက်လာတယ် လူတွေအားလုံး စနစ်တကျ စီတန်းလှည့်လည် လာရာက ၀ရုန်းသုံးကားတွေ ဖြစ်ကုန်ကြတယ်။ ဒါနဲ့ ကျနော်က ကျောင်းသားတွေအားလုံးကို အပြေးအလွှား လိုက်ခေါ်ပြီး မွတ်စလင် ဗလီသွားရာ လမ်းသွယ်ထိပ်ကနေ တယောက်ကို တယောက် လက်ချင်းယှက် ပိတ်ထားလိုက်တယ်။ စားပွဲခုံတလုံးကို အမြန်ယူခိုင်းပြီး ခုံပေါ်တက် စကားပြောရပြန်တော့တယ်။

“ပြည်သူလူထုကြီးခင်ဗျား… ကျနော်တို့တတွေဟာ.. ဘာသာရေး ဆန့်ကျင်မှုအတွက် အခုလို ဆန္ဒပြပွဲကို ဖော် ဆောင်နေတာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ.. လက်ရှိတပါတီ အာဏာရှင် မဆလအစိုးရကို ဆန့်ကျင် တော်လှန်နေတာပါ။ ဒါ့ကြောင့်အခုလို… မွတ်စလင်ဗလီများကို ဖျက်စီးဘို့ဆိုတဲ့ ကိစ္စကို မပြုလုပ်ကြဘို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ်။ အာဏာရှင်တွေဟာ သူတို့ကိုဆန့်ကျင်တဲ့ ကိစ္စတွေ အာရုံအလှည့်အပြောင်း ဖြစ်သွားအောင်… လူမျိုးရေး အဓိကရုန်းတွေကို ဖန်တီးလေ့ရှိပါတယ်။ တကယ်လို့ ကျနော်တို့အားလုံးက ဘာသာရေး၊ လူမျိုးရေး၊ အဓိကရုန်းကို ပြုလုပ်လိုက်မယ်ဆိုရင်…. အစိုးရ အကြိုက် ဖြစ်သွားပါလိမ့်မယ်။ အစိုးရအကြိုက် အဖြစ်ခံတော့မှာလား ”


“ အဖြစ်မခံနိုင်ဘူး… ဒီခွေးသားတွေ အကြိုက် အဖြစ်မခံနိုင်ဘူး… ဆက်ချီတက်ကြမယ် ”

လက်ခုပ်တွေကို တဖြောင်းဖြောင်းတီးရင်း ဆက်ချီတက်ခဲ့ကြတယ်။ မြို့မြောက်ဖျားဘက် ရောက်သည့်တိုင် အောင် လူထုဆန္ဒပြပွဲကြီးကို ကျင်းပခဲ့ကြတယ်။ တခါမြို့ထဲဘက်ကို ပြန်လှည့်လာခဲ့တယ်။ ကျနော်တို့အားလုံးက သပိတ်စခန်း အမာခံထိုင်မယ့် နေရာကို လျှို့ဝှက်ထားတယ်။ တကယ်လို့ ဒီလိုမလုပ်ပဲ ကြိုတင် ကြေငြာလိုက်မယ်ဆို.. အာဏာပိုင်တွေက လက်နှက်ကိုင်တွေနဲ့ စီးစောင့်နေမှာကို ကာကွယ်ထားတဲ့ သဘောပါ။

သပိတ်စခမ်းအမာခံ ထိုင်မဲ့နေရာက မြို့လယ်နားမှာရှိတဲ့.. လည်ပေါ်(လယ်ပေါ်) သာသနာ့ဗိမ္ဗာန်… ဒီနေရာက သမိုင်းရှိခဲ့တဲ့နေရာ တို့ဗမာ အစည်းရုံးကြီး ပြည်လုံးကျွတ်ညီလာခံ ကျင်းပခဲ့တဲ့နေရာ…. ဗိမ္ဗာန်ကြီးကလည်း တော်တော်ကြီးတယ်။ ဘေးပတ်လည်ကလည်း ရပ်ကွက်တွေ အိမ်တွေ ၀န်းရံထားတော့… လက်နှက်ကိုင်တွေ တော်ယုံဝင်ဘို့ မလွယ်ဘူး လည်ပေါ်သာသနာ့ဗိမ္ဗာန်ကို ၀င်မဲ့ လမ်းသွယ်ထိပ်ကို ဆန္ဒပြလူအုပ်ကြီး ရောက်တယ်ဆိုရင်ပဲ…. ကျောင်းသားတွေအားလုံးက လမ်းကြောင်း ပေးလိုက်ကြတယ်။ အဲဒီ့နေရာမှာ အမာခံ သပိတ်စခန်း ထိုင်မယ်ဆိုတဲ့ သတင်းကိုလည်း အားလုံးသိအောင် ဖြန့်ဝေလိုက်တယ်။ သာသနာ့ဗိမ္ဗာန်ထဲကို လူထုကြီးရောက်တော့… တော်တော် မောနေကြပြီ… မြို့တပတ်ဆိုတာ နည်းတဲ့အကွာဝေးမှ မဟုတ်တာ… ရပ်ကွက်ထဲမှာရှိတဲ့ သူတွေက သောက်ဖို့..ရေတွေကို ပလပ်စတစ်ပုံးတွေ..ရေအိုးတွေနဲ့ အဆက်မပြတ် သယ်လာရင်း… လာတိုက်ကြတယ်။ ခနနေတော့ လူထုထဲကပဲ သူတို့ဖာသာ သူတို့မိုက်ကရိုဖုန်းတွေ လော်စပီကာတွေ သယ်လာကြတယ်။ မမောနိုင် မပန်းနိုင် အသံချဲ့စက်တွေဆင်.. နေရာတွေချပေါ့။

လူစုမခွဲဘို့ ကျောင်းသားတွေကေ မတ္တာရပ်ခံထားတော့… လူအုပ်ကြီးက ကွဲမ သွားဘူး…။ ဒီလိုနဲ့ နေ့လည်(၁)နာရီ လောက်ကနေ. သာသနာ့ဗိမ္ဗာန်ထဲမှာ.. အထိုင်သပိတ်စခန်း နိုင်ငံရေး တရားပွဲကို ကျင်းပကြတော့ တယောက်ပြီး တယောက် စင်ပေါ် တက်ပြောတော့တာပဲ။ လူထုရဲ့ ရင်ဖွင့်သံ အသီးသီးကို ကြားနေရပြီ…။

“ကျမမှာ သားသမီး ၅ယောက်ရှိပါတယ်။ ယောကျာင်္း ဆုံးသွားတာ… ၁၂နှစ်လောက်ရှိပါပြီ။  ကျမကအကြော်ရောင်းပြီး သားသမီးတွေကို စောင့်ရှောက်လာခဲ့တာ.. ကျမမှာဝင်ငွေနဲ့… ထွက်ငွေ မလောက်ပါဘူးရှင်.. မနှစ်က သမီး အငယ်ဆုံးလေးဖျားလို့ ဆေးရုံသွားပို့တာ… ကျမတို့မှာ.. ဆေးကုစရာ ပိုက်ဆံကလည်းမရှိ..  ဘယ်သူကို အားကိုးရမှန်းလည်း မသိ…. သောကတွေ ဝေခဲ့ရပါတယ်… ဒါပေမဲ့..ကျမသမီးလေး အသက်မရှင်ရှာပါဘူး။ ဒီဘ၀မှာ ကျမတို့မိသားစု ဘယ်သူ့ကို အားကိုးရတော့မှာလည်း…. ဟီး….ဟီး” ချုံးပွဲချ ငိုကြွေးရင်း ရင်ဖွင့်သွားတဲ့ အမျိုးသမီးတဦးရဲ့ ခံစားမှု။

“အလုပ်လုပ်တိုင်းသာ ချမ်းသာရစတမ်းဆို… ကျုပ်ချမ်းသာတာကြာပြီဗျ…. ကျုပ်ကဆိုက်ကားနင်းတယ်…. အားတဲ့အချိန် ၀ါသနာပါတဲ့… စာလေးပေလေး ဖတ်တယ်။ ကျုပ်ရဲ့အလုပ်လုပ်ချိန်ဟာ တနေ့ကို ၁၀နာရီလောက်ရှိတယ်။ .တနေ့တနေ့စားဘို့ကို မနည်း ရုန်းကန်နေရတယ်...။ ဒါတောင် မတ်တပ်စာပဲ ရှိသေးတယ်နော်..  …တုန်းလုံးစာ… (နေထိုင်မကောင်းလို့ ဆေးကုသရမဲ့စရိတ်) တပြားမှမရှိဘူး။ နေမကောင်းလို့ ဆေးရုံသွားမယ်… ဘယ်မှာလည်းဆေး… အလုပ်မလုပ်နိုင်လို့.. စားစရာမရှိရင်.. ဘယ်သူက လာကျွေးမှာလည်း… ဒီစနစ်ဆိုးကြီးကို ကျုပ်မကြိုက်ဘူးဗျာ… အားလုံး တော်လှန်ပစ်ကြမယ်….။

ဒီလိုနဲ့ ညနေ နည်းနည်းစောင်းသွားတော့…. စီတန်းလှည့်လည်ဆန္ဒပြပွဲကို ဆက်လို့ဖို့.. ဆုံးဖြတ်လိုက်တယ်။ ကျနော်က တချို့လူတွေကို မေတ္တာရပ်ခံပြီး သပိတ်စခန်းမှာ စောင့်ကျန်ရစ်ခဲ့တယ်။ ဘာလို့လည်းဆိုတော့… လူတွေအားလုံး ထွက်ခွာသွားတဲ့အခါ.. အာဏာပိုင်တွေက… သပိတ်စခန်းကို ၀င်သိမ်းသွားမှာကိုလည်း စိုးရိမ်ရ သေးတယ်။ ကျန်တဲ့ ကျောင်းသားတွေ ခေါင်းဆောင်ပြီး… လူထုဆန္ဒပြပွဲကို ဆက်လက် လုပ်ဆောင်ခဲ့တယ်။ ညနေ၆နာရီလောက်လည်း ရောက်ရော… သတင်းဆိုးတခုက ၀င်လာတယ်… ဆန္ဒပြပွဲကို အာဏာပိုင်တွေက ဖြိုခွင်းနေပြီ။ အခုဆန္ဒပြသမားတွေ.. ပိတ်မိနေပြီ… သေနတ်နဲ့လည်း ပစ်တာ… တယောက် သေသွားတယ်လို့ ကြားတယ်….။ ကျနော် တော်တော်စိုးရိမ်သွားတယ်… စိတ်တွေလည်း အရမ်းလှုပ်ရှားနေပြီ… မတတ်နိုင်ဘူး။ ကျန်ရစ်ခဲ့တဲ့သူတွေကို ဦးဆောင်ပြီး နောက်ကနေ လိုက်သွားခဲ့တယ်။ မြို့ထဲတလျှောက်မှာလည်း.. လူထုကိုလှုံ့ဆော်ရင်း… ပိတ်မိနေတဲ့ နေရာစီ ချီတက်လာတော့… တနေရာအရောက်မှာ… လူတွေက ၀ိုင်းတားတယ်။ ရှေ့ဆက်မသွားနဲ့ ပစ်လိမ့်မယ်… အကြောင်းမဲ့ အသေမခံကြပါနဲ့။ သပိတ်စခန်း မကျအောင်သာ ကာကွယ်ကြအောင်ပါ… ဆိုတော့ ကျနော်တို့ နောက်ကြောင်း ပြန်လှည့်လာခဲ့ကြတယ်။

ရွှေဘုံသာရပ်ကွက်နေ.. ဖိုးချိုဆိုတဲ့သူ သေနတ်နဲ့ အပစ်ခံရတာ ပွဲချင်းပြီး သေသွားတယ်။ သုံးဦးလောက် ဒဏ်ရာရတယ်... လူထုကြီးက.. အာဏာပိုင်တွေ စီးလာတဲ့ကားကို အတင်းလုယူပြီး မီးရှို့ပစ်လိုက်ကြတယ်...။ လူအုပ်ကြီးက ယူကြုံးမရ ဖြစ်နေပြီ။ ဒေါသတွေ ပေါက်ကွဲနေပြီ… ဒါပေမယ့် အမာခံသပိတ်စခန်းကိုတော့ မကျရအောင် ပြန်လှည့်ကာကွယ်ဘို့ ပြန်လာရာကနေ.. ရဲစခန်းတခုရှေ့လည်း ရောက်ရော… လူအုပ်ကြီးက ရဲစခန်းဝင်းထဲက.. အဆောက်တဦတခုကို မီးရှို့ပစ်လိုက်တယ်လေ… လူအုပ်ကြီးကို ကျနော်တို့ မထိန်းနိုင်တော့ဘူး။ ဘာတတ်နိုင်မှာလည်း… ကျနော်တို့ ဘယ်လိုမှ မတားဆီးနိုင်တော့ဘူး။

ညဘက်၈နာရီ သတင်းမှာတော့… ဆူပူအကြမ်းဖက် ဆန္ဒပြသူလူတစုက ကားကိုမီးနဲ့ရှို့လို့ သေနတ်နဲ့ ပြန် လည် ပစ်ခတ်တာ လူတဦး သေဆုံးသွားတယ်ဆိုတာ ပါလာတယ်။ ကျနော်တို့တတွေ ဒေါသထွက်လိုက်တာ မပြောပါနဲ့..တကယ်က..  သေနပ်နဲ့ပစ်တာ..လူတဦးသေလို့… လူထုကကားကို မီးနဲ့ရှို့လိုက်တာ။ ပြောင်းပြန် ကြေငြာသွားတယ်။ အစိုးရရဲ့မသမာမှုနဲ့  လိမ်ညာမှု့ကို အားလုံးက သဘောပေါက်သွားကြပြီ။ အဲဒီနေ့က လူတွေတော်တော် များများ ဒေါသတွေ ထွက်ကြတယ်…။ ကြေကွဲကြတယ်။ ဘာပဲဖြစ်ဖြစ် သပိတ်စခန်းကို အာဏာပိုင်တွေ ၀င်မစီးနင်း နိုင်အောင်တော့ ကာကွယ်ရမယ်။ သပိတ်စခန်းတည်ရှိရာ.. ဆုံတိုက်ရပ်ကွက်သူ၊ ရပ်ကွက်သားတွေအပါဝင် လူတွေက နိုးနိုးကြားကြားနဲ့ ၀ိုင်းဝန်း ကာကွယ်ကြတယ်လေ…
အပိုင်း ( ၄ ) ဆက်ပါဦးမည်
အားလုံးကိုလေးစားစွာဖြင့်
(မောင်မောင်ဝမ်း)