ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကြွေးကြော်သံတိတ် ဆန္ဒပြပွဲများ ဆောင်းပါးရှင်(မောင်မောင်ဝမ်း)

ပဲခူးမြို့ အောင်ဆန်းဂျာမွန်း စာဖတ်ခန်းဖွင့်ပွဲနဲ့ အမေစုဟောပြောပွဲမှာ မြင်တွေ့ရတဲ့ ကလေးငယ်တစ်ဦးရဲ့ အားကိုးယုံကြည်စွာနဲ့ လက်အုပ်ချီနေတဲ့ မြင်ကွင်း 
ဓာတ်ပုံများ (AP)

ကြွေးကြော်သံတိတ် ဆန္ဒပြပွဲများ
 ဆောင်းပါးရှင်(မောင်မောင်ဝမ်း)

ပဲခူးခရီးစဉ်အတွက် မီဒီယာတွေကတဆင့် ကြည့်လိုက်ရတာ ကြက်သီးတောင်ထမိတယ်။ များပြားလိုက်တဲ့ပရိတ်သတ် အန်တီစုမိန့်ခွန်းကလည်း အတွေ့အကြုံတွေများလာလို့ မသိဘူး ပိုရင့်ကျက်လာတယ်။ အန်တီစုလွတ်လာကတည်းက ပဲခူးခရီးစဉ်အဆုံး.. အန်တီစုကိုဝန်းရံနေကြတဲ့.. လူပင်လယ်ကြီးကို ကြည့်ပြီး..(ခင်ဗျားသာ အစိုးရအဖွဲ့ဝင် တဦးဦးဖြစ်ခဲ့မယ်ဆိုရင်) ဘယ်လိုမြင်မိမလည်း။

ဒါတွေဟာတကယ်လား.. ဖန်တီးယူတာတွေလား.. ဖန်တီးထားတာတွေလားဆိုတာ… အားလုံးအသိဖြစ် နေပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်ဆိုတာ… ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးကိုလိုချင် တယ်ဆိုတာကို ပြသလိုက်တာနဲ့ အတူတူပါပဲ… ဒါ.. ကြွေးကြော်သံတိတ် ဆန္ဒပြပွဲဖြစ်တယ်။
ပြည်တွင်းက လူငယ်တွေနဲ့ တွေ့တိုင်းကျနော့်ကို ခနခဏမေးတဲ့ မေးခွန်းရှိတယ်။ ကျနော်တို့ ဘာလုပ်ရမ လည်း ဘာလုပ်သင့်သလည်းတဲ့။ အားလုံးကယူဆနေတာ.. ဆန္ဒပြတယ်ဆိုတာ.. ၈၈တုန်းကလို၊ ရွှေဝါရောင် တုန်းကလို လူအုပ်ကြီးနဲ့ စီတန်းလှည့်လည်မှ အထမြောက်တယ်လို့ ထင်မြင်ကြတယ်။ သူတို့ထင်မြင်ချက်လည်း မှန်ပါတယ်။ ဖြစ်နိုင်ရင်လူထုအင်အားနဲ့ ၈၈တုန်းကလို သမ္မတအဆက်ဆက် ဖြုတ်ချပစ်ချင်တယ်။ အခွင့်အခါမပေး သေးတဲ့အချိန်မှာ… ဒေါ်အောင်ဆန်းစုကြည် မလွတ်ခင်က ဒေါ်နော်အုန်းလှတို့.. ရွှေတိဂုံဘုရားပေါ်တက်ပြီး.. ၀တ်ပြုဆုတောင်းပွဲတွေ အဆက်မပြတ် လုပ်နေတာဟာလည်း.. ပွင့်ပွင့်လင်းလင်းပြောရရင်.. နိုင်ငံရေး အံတုမှုတမျိုးပဲ.. ဆန္ဒပြခြင်းတမျိုးပဲ… တကယ်တော့ ရွှေဝါရောင်မှာ ရဟန်းတော်တွေ ချီတက်လှည့်လည်တာ.. နိုင်ငံရေးကြွေးကြော်သံနဲ့ လှည့်လည်တာမှ မဟုတ်တာ.. မေတ္တာပို့သံတွေနဲ့ သွားကြတာ။ ဒါ…ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့အံတု လိုက်တာ… အာဏာရှင်ဆိုတာ.. အကြမ်းဖက် အံတုခြင်းကို သိပ်မဖြုံတတ်ကြဘူး။ ဒါပေမယ့် လူထုအင်အားကိုတော့ ကြောက်တတ်ကြတယ်…။

ကျနော်စဉ်းစားမိတာ တခုရှိတယ်။ မြန်မာလူထုဟာ.. သူတို့အတွက်အန္တရာယ် အနည်းဆုံးနဲ့ အထိ ရောက်ဆုံး လမ်းကြောင်းတခုကိုသာ တွေ့ခဲ့မယ်ဆိုရင် အစိုးရကိုအံတုဘို့ အသင့်အနေထားမှာရှိတယ်။ ဥပမာ. .၁၉၉၀ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဘာဖြစ်လို့ အပြတ်အသတ် အနိုင်ရခဲ့တာလည်း။ ပြည်သူလူထုကြီးအနေနဲ့ သူတို့ဆန္ဒတွေကို ထုတ်ဖော်ပြသရာမှာ မဲပြားတွေနဲ့ ပြသကြတယ်..။ ဒီနည်းလမ်းက သူတို့အတွက် အန္တရာယ်နည်းတယ်..။ ထိရောက်တယ်လို့ ယုံကြည်လို့.. အပြတ်အံတုခဲ့ကြတာ..။ ထိုနည်းတူစွာပဲ အခွင့်အခါပေးရင် လူထုဘက်က အသင့်ရှိတယ်..။ ဒါဆိုမေးစရာရှိတယ်… ဘာလို့လမ်းပေါ်တက် ဆန္ဒပြမယ့် ကိစ္စကိုကြ တွန့်ဆုတ်ကြတာလည်း?...။ 
နေပူကြဲတဲမှာ အမေ့ကို ချစ်ခင်ယုံကြည် အားကိုးစွာ လာရောက်အားပေးကြတဲ့ ပဲခူးပရိသတ်များ..
ဒီကိစ္စမှာ အန္တရာယ်တွေရှိတယ်…။ များတယ်… အဆင်မသင့်ရင်  အရိုက်ခံ၊ အဖိနှိပ်ခံရတာကအစ.. ထောင်ကျတာ.. သေတာတွေဖြစ်နိုင်တယ်။ ဒါ့အတွက်ကြောက်တာ.. သဘာဝကျပါတယ်…… .ဒီလိုကြောက်နေ အောင်လည်း အာဏာရှင်များက နှိပ်ကွပ်ထားတာကိုး…။ ရှစ်လေးလုံးအစမှာ လူထုတရပ်လုံး ပါဝင်လာတယ် မထင်ပါနဲ့..မပါပါဘူး။ သူတို့အတွက် အန္တရာယ်နည်းတယ်လို့ ထင်နေတဲ့ အချိန်ရောက်တော့.. တနိုင်ငံလုံးအုံးထသွား တယ်ဆိုတာ.. သမိုင်းရှိပါတယ်…။ ဒါတွေဟာ ပြည်သူဘက်က ကြည့်မယ်ဆိုရင် တရားနည်းလမ်း ကျတဲ့အရာတွေပါ….။ အမေရိကားက.. လူ့အခွင့်ရေး လွတ်မြောက်မူ့အတွက် လှုပ်ရှားခဲ့တဲ့ လူမဲခေါင်းဆောင်.. မာတင်လူသာကင်း ပြောခဲ့တဲ့စကားရှိတယ်…။

“နိုင်ငံရေး ခေါင်းဆောင်ကောင်းဆိုတာ… အန္တရာယ် အနည်းဆုံးလမ်းကြောင်းကို ရွေးချယ်၊ ပစ်မှတ်ကိုထိအောင် ပစ်နိုင်သူဖြစ်ပြီး လူထုကို ဆွဲဆောင်နိုင်သူဖြစ်ရမယ်တဲ့”

ဒီနေ့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ဧရာဝတီကိစ္စ လက်မှတ်ရေးထိုး လှုပ်ရှာမှုဆိုတာ.. လူထုအတွက် အန္တရာယ် အနည်းဆုံး နည်းလမ်းတွေနဲ့ ပစ်မှတ်ကို မှန်အောင်ပစ်နေတဲ့.. နည်းဗျူဟာဖြစ်တယ်။ တနည်းအားဖြင့် ကြွေးကြော်သံတိတ် ဆန္ဒပြပွဲဖြစ်တယ်။ ဒီကိစ္စမျိုးကို ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ အကြံပြုပါရစေ။
ထိုနည်းတူစွာပဲ… အရေးကြီးဆုံးတချက်က.. ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိရာ နေရာတိုင်းမှာ လူပင်လယ်ကြီး ဖြစ်အောင်ကြိုးစားကြပါ။ ဒါဟာ.. ကြွေးကြော်သံတိတ် ဆန္ဒပြနေတာဖြစ်ပါတယ်။ ဘာမှထူး ထူးခြားခြား လုပ်ပေးဘို့ မလိုပါဘူး။ သွေးဆူပြီး နိုင်ငံရေး ကြွေးကြော်သံတွေ အော်နေစရာလည်း မလိုဘူး။ ဒေါ်စု သွားရာနေရာတိုင်းမှာ… သင်နဲ့ သင့်အသိုင်းဝိုင်း မတ်တပ်ရပ်ရုံလေး သွားရပ်ပေးပါ…….

ဒါဟာ… လက်ရှိအခြေနေမှာ… ကြွေးကြော်သံတိတ် ဆန္ဒပြပွဲဖြစ်တယ်။ အထွေထွေ လုပ်ပိုင်ခွင့်ပါဝါကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်လိုက်တာဖြစ်တယ်။ ယနေ့အလုပ်သင့်ဆုံး နိုင်ငံရေး လုပ်ဆောင်ချက်ဖြစ် တယ်ဆိုတာ အကြံပြုပါရစေ။

အားလုံးကိုလေးစားစွာဖြင့်
(မောင်မောင်ဝမ်း )