ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ရင်ထဲက ရှစ်ဆယ့်ရှစ် အပိုင်း (၅) ဆောင်ပါးရှင် (မောင်မောင်ဝမ်း)

အလယ်မှ မျက်မှန်နဲ့ သူကတော့ ဆောင်းပါးရှင် ကိုမောင်မောင်ဝမ်းပါ...
ရင်ထဲက ရှစ်ဆယ့်ရှစ် အပိုင်း (၅)
ဆောင်ပါးရှင် (မောင်မောင်ဝမ်း)

သြဂုတ်လ ၉ ရက် ၁၉၈၈

ဒီနေ့လည်း မနေ့ကရှစ်လေးလုံးလိုပဲ.. လူထုဆန္ဒပြပွဲနဲ့ စီတန်းလှည့်လည်တာကို မြို့မြောက်ဘက်ကနေ ထွက်ပြီး တောင်ဘက်က ပြန်ဝင်လာခဲ့တယ်…။ ထူးခြားတာက.. ပစ်တာခတ်တာ လုံးဝမရှိခဲ့ဘူး..။ မြို့လူထုက ပိုရဲတင်းလာတယ်… သောက်ရေတွေ အိုးတွေကို အိမ်တွေရှေ့မှာ တန်းစီချထားတာမျိုး၊ သပိတ်တပ်ဦးကို ပန်းကုံးတွေစွပ်တာမျိုးတွေ လုပ်ကြတယ်….။ သတင်းတွေထဲမှာလည်း တနိုင်ငံလုံးလောက် လူထုအုံကြွမူ့တွေ စနေကြပြီ…။ 

တမြို့ပြီးတမြို့ ဆန္ဒပြပွဲတွေအကြောင်း အသံလွှင့်ဌာနတွေက တဆင့်သိနေရတယ်…။ .တကယ်တော့… လူထုဟာဘယ်ဟာ မတရားဘူး၊ ဘယ်ဟာတရားတယ်ဆိုတာကို သိကြပါတယ်..။ အကြောက်တရားတွေ ဖြစ်အောင်ခြောက်လှန့်ဖိနှိပ်ထားလို့သာ မလွန်ဆန်ဖြစ်နေကြတာပါ..။ လွတ်လပ်ခွင့်နဲ့ ထိုးဖောက်ခွင့် တစုံတရာလည်း ရောက်လာရော.. လူထုရဲ့ဆန္ဒတွေ သဘောထားတွေက သိသာတယ်…။

သပိတ်စခနေ်းထဲ ဆန္ဒပြစစ်ကြောင်းကြီး ပြန်ဝင်တော့.. ကျနော်တို့ကျောင်းသား ခေါင်းဆောင်တွေ တယောက်ကို တယောက်ကြည့်ပြီး တော်တော်ရီချင်နေကြတယ်..။ ဘာလို့လည်းဆိုတော့.. လူတွေက ချွေးသံတွေတရွဲရွဲနဲ့ ဆံပင်တွေမှာလည်း ဖုံတွေအလိမ်းလိမ်း.. ဒါပေမဲ့..လည်ပင်းမှာ အစွတ်ခံထားရတဲ့ ပန်းကုံးတွေက ဇာတ်မင်းသားလိုလို ဘာလိုလိုနဲ့ဆိုတော့ ..စပ်ဖြဲဖြဲပုံတွေ ပေါက်နေကြတယ်။ ဒီကြားထဲမှာ သပိတ်စခမ်းထဲက စင်မြင့်မှာ နိုင်ငံရေး တရားဟောတော့.. ပန်းကုံးတွေက မချွတ်ရဲသေးဘူး..။ လူထုက တမြတ်တနိုးနဲ့ ချီးမြှင့်ထားတာဆိုတော့… ငြိုငြင်သွားမှာကိုလည်း ကြောက်ရသေးတယ်..။ တခါဆန္ဒပြလမ်းကြောင်းကို အကြံပေးတဲ့ အမကြီးက လုပ်ပြန်ပါလေရော..။ ကျနော်တို့စင်မြင့်ပေါ်တက် တရားမဟောခင် ခြေထောက်အောက်နားမှာ ခြင်္သေ့ပုံနဲ့ နေ၀င်း၊ စိန်လွင်ဆို နှစ်ပုံခင်းထားတယ်လေ…။ အဲဒီပုံတွေပေါ် ခြေဖနောင့်နဲ့“ဟိတ်” ဆိုပေါက်ပြီးမှ ပြောရမယ်တဲ့..။ ကျနော်တို့ကလည်း အားနာတတ်တယ်..။ ဒါလေးလုပ်တာ ဘာမှမခက်ပါဘူးလေဆို.. သူပြောသလို လုပ်လုပ်ပြီးမှ စင်ပေါ်တက်ရတယ်..သူကတော့..တော်တော်ကိုကျေနပ်လို့…ပြီးတော့ပြောလိုက်သေးတယ်

“ သူတို့ကလည်းငါတို့ကို ဗေဒင်၊ ယတြာတွေနဲ့ တိုက်နေတာ.. ငါတို့ကလည်း ပြန်တိုက်စစ်ဆင် ရမယ်လေတဲ့”

ရင်ထဲမှာ သူ့ကိုကြိတ်ပြီးတော့ ချီးကျူးမိတာရှိပါတယ်..။ သူလည်း သူတတ်နိုင်သလောက် တော်လှန်ရေး လုပ်နေတာကိုပါ။ တမြို့လုံးမှာရှိတဲ့ ရပ်ကွက်အသီးသီးက ထမင်းထုတ်တွေ စုပြီးလာပေးကြတယ်..။ ရှစ်လေးလုံး လူထုဆန္ဒပြပွဲ ကာလတွေမှာ လူထုကပေးတဲ့.. ထမင်းထုတ်တွေ စားရတာကိုက သိပ်အရသာ ရှိလှပါတယ်။

သြဂုတ်လ ၁၀ ရက် ၁၉၈၈

ဒီနေ့မှာ.. ရေနံမြေအလုပ်သမားတွေက.. သူတို့ရဲ့ လုပ်ငန်းခွင်တွေကို စွန့်ခွာပြီး..။ ကျောင်းသားသမဂ္ဂရှိရာ သပိတ်စခန်းကို ချီတက်လာကြတယ်..။ ပြီးတော့.. ရေနံမြေအလုပ်သမားသမဂ္ဂ ဆိုတာကို ရေနံမြေ အလုပ်သမားအများစု ထောက်ခံမှုနဲ့ ဖွဲ့လိုက်ကြတယ်..။ ဥက္ကဌက ဦးခင်ဝင်း (ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဥက္ကဌ) အတွင်းရေးမူးက ဦးချစ်ညီညီ (လွှတ်တော် ကိုယ်စားလှယ်လောင်း အမျိုးသားဒီမိုကရေစီပါတီ) ….ရေနံမြေ အလုပ်သမားတပ်ကြီး ချီတက်လာတော့.. မြို့နေလူထုက သောင်းသောင်းဖျဖျ ကြိုဆိုကြတဲ့ မြင်ကွင်းကို အခုထိ သတိရနေဆဲပါ..။ တခါ…ပွင့်ဖြူ၊ စလင်းနယ်ဘက်က လယ်သမားတွေနဲ့ ရေနံချောင်း ပတ်လည်ရွာတွေက လယ်သမားတွေလည်း ချီတက်လာမဲ့ဆိုတဲ့ သတင်းတွေကိုလည်း ရထားတယ်…တချို့ရွာတွေကလယ်သမား တွေ..မော်တော်တွေနဲ့ တက်လာပြီတဲ့… ဒါနဲ့..ကျနော်တို့လည်း သူတို့လာချိန်နဲ့တိုက်ပြီးမှ.. စီတန်းလှည့်လည် ဆန္ဒပြပွဲကို ထွက်ဘို့ ဆုံးဖြတ်လိုက်ကြတယ်….။ မနက်(၉)ရီမှာ စတင်ပြီး သပိတ်ဆန္ဒပြ စစ်ကြောင်းကို စခန်းထဲကနေ စတင် ထွက်ခွာလိုက်ကြတယ်…။ ဒီနေ့နေကလည်း အရင်နေ့ကထက် စာရင် နည်းနည်းပျင်းသလား မသိဘူး.. လူတွေကြည့်လိုက်ရင် ချွှေးသံတရွဲရွဲနဲ့.. ဒါပေမဲ့ဘယ်သူမှ မောရပန်း ရကောင်းမှန်းမသိ.. မြင့်ငွေဆိုရင်.. ရှေ့ကကြွေးကြော် သံတိုင်ရလွန်းလို့ အသံတွေဝင်ပြီး ထွက်တောင် မထွက်တော့ဘူး…။ မြို့လည်ဈေး တနေရာရောက်တော့.. ကျနော်စီးလာတဲ့ ဘိနပ်ကပြတ်သွားတယ်..။ အဲဒါကို သပိတ်တပ်ဦးမှာ အလံကိုင်လာတဲ့.. ကျောင်းသား.. သူ့နံမည်က သန်းဇော်ဦးတဲ့.. ရေနံချောင်း ကောလိပ်မှာ တက်နေတာ.. သူကချက်ခြင်း သူ့ဘိနပ်ကိုချွှတ်ပြီး ကျနော့်ကို ထိုးပေးတော့ ကျနော်ကငြင်းတယ်…။ ဒါပေမဲ့မရဘူး သူကဇွတ် အတင်းထိုးပေးတာနဲ့.. ကျနော်လည်း အားနာပြီး ယူစီးလိုက်မိတယ်..။ ဒါနဲ့… ကျနော်က

ညီလေး မင်းခြေထောက်တွေ ပူမှာပေါ့…နေကပူတယ်ကွ ”ဆိုတော့

ရပါတယ်အကိုရာ.. နေပူတာ.. နေ၀င်းပူတာလောက် မဆိုးသေးပါဘူးတဲ့ ”ဒီစကားလေးက ကျနော့်ရင်ထဲ စိမ့်ကနဲဝင်သွားတယ်…။ နေ၀င်းဆိုတာ အဲဒီအခါက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ ဥက္ကဌကြီးနိုင်ငံအကြီးအကဲ ဦးနေ၀င်းကိုပြောတာ…ဒါပေမဲ့ အဲဒီအချိန်မှာ သူကအနားယူသွားပြီး ဦးစိန်လွင် (ဗိုလ်မူးချုပ်စိန်လွင်) ကို ပါတီဥက္ကဌ ရာထူးရော၊ ကောင်စီ ဥက္ကဌရာထူးရော လွှဲပေးထားခဲ့ပြီး နောက်ကွယ်ကနေ ကြိုးကိုင်တယ်….။ ဒီလိုနဲ့ လမ်းခွဲတနေရာကို ရောက်တော့ စောစောကပြောခဲ့တဲ့ တောင်သူလယ်သမားတွေက.. ဆီးစောင့်နေကြတယ်..။  နည်းတဲ့အင်အားလား တော်တော်များတယ်…။ ကျနော်တို့လည်း တော်တော်လေး ၀မ်းသာကြတယ်…။ တောင်သူ လယ်သမားဦးကြီးတွေကနဲ့ ကျနော်တို့ ပွေ့ဖက်နှုတ်ဆက်ပြီး.. သပိတ်စစ်ကြောင်းကို ဆက်ချီတက်လာတော့ ရှေ့ကလွှတ်ထားတဲ့ ကင်းထောက် လူငယ်တွေက အပြေးအလွှား သတင်းတွေလာပို့ကြတယ်။ ရှေ့မှာ ရဲတွေသေနတ်တွေနဲ့ လမ်းပိတ်ပြီး အဆင်သင့် နေရာယူစောင့်နေကြပြီတဲ့….. ကျနော်တို့အားလုံး ဘာဆက်လုပ်ကြမလည်း ဆုံးဖြတ်ရတော့မယ်…။ ခေါင်းဆောင်တွေ စုစည်းပြီးချက်ခြင်း ဆုံးဖြတ်လိုက်တယ်…။ ရှေ့ဆက်တက်ဘို့ (ဒီဆုံးဖြတ်ချက်ဟာ မှားတယ်လို့ မဆိုနိုင်ပေမယ့် မမှန်ခဲ့တာတော့ သေချာပါတယ်) အားလုံးက သွေးဆူနေကြတာ မဟုတ်လား..။

တရွေ့ရွေ့နဲ့ သပိတ်တပ်ကြီးက မိုးလုံးညံ ကြွေးကြော်သံတွေနဲ့ ချီတက်လာရာကနေ… မြို့နယ်ကောင်စီရုံရှေ့မှာ ရဲတွေကလမ်းကို ကန့်လန့်ပိတ်ပြီး သေနတ်တွေနဲ့ ချိန်ထားတယ်….။ နောက်မှာလည်း သံဆူးကြိုး အထပ်ထပ်ကာလို့… ရှေ့ဆက်တက်မလာဘို့ကို လော်စပီကာနဲ့ အော်တယ်….။ ကျနော်က သပိတ်တပ်ဦးမှာ ရှိနေတော့.. အလံကိုင်အဖွဲ့ကို ခနရပ်တန့်ကြည့်ဘို့ ပြောလိုက်တယ်…။ ဆဲသံဆိုသံ အော်သံတွေနဲ့ ဆူညံနေတော့ ဟိုဘက်က လော်စပီကာနဲ့ အော်နေတာ.. သဲသဲကွဲကွဲမကြားရဘူး… တချက်တချက် ကြားရတာက… အခုပုဒ်မ၁၄၄ ထုတ်ထားကြောင်း (ပုဒ်မ၁၄၄ဆိုတာ ည၆နာရီကနေ မနက်၆နာရီပြင်ပကို ထွက်ခွင့်မပြု၊ လူငါးဦးထက် ပိုမစုဝေးရဆိုတဲ့ ဥပဒေပါ) နောက်ကြွေးကျော်သံတွေ သံပြိုင်တိုင်တယ်….။ ပထမမိုးပေါ်ထောင်ပစ်တဲ့ သေနတ်သံတွေ ထွက်လာတယ်…။ နောက်တော့ လူအုပ်ကြီးရှိနေတဲ့ အနီးနားက တမာပင်ကိုင်းတွေကို လှမ်းပစ်ပြီး ချောက်လှန့်တယ်…။
 
လူအုပ်ကြီးဘက်က လည်းပါလာတဲ့ လောက်လေးဂွတွေ.. ဂျင်ကလိတွေနဲ့ ၀ိုင်းပစ်ကြတယ်…။ ဒါပေမဲ့နည်းနည်း အလှမ်းဝေးနေတော့ မရောက်နိုင်ပါဘူး..။ အပေါ်ကသစ်ကိုင်းတွေ.. သေနတ်မှန်ပြီး… တဖျောင်းဖျောင်းကျလာတာ မနည်းရှောင်လိုက် ရတယ်….။ ရှေ့ဆုံးက အလံကိုင် သပိတ်တပ်ဦးက.. ရှေ့ဆက်တက်ဘို့ ရုန်းထနေတော့.. သေနတ်သံတွေ အဆက်မပြတ် ထွက်လာပြီး ကျည်ဆံတွေ တရွှီရွှီ ပြေးနေတယ်လို့တောင် ထင်ရတယ်…။ အားလုံးက ရုန်းရင်းဆန်ခပ်ဖြစ်နေပြီ တဘက်ကလည်း အဆက်မပြတ်ပစ်နေပြီ။ ရုတ်တရက်.. ကျနော့်ဘေးနားမှာ အလံကိုင်နေတဲ့ စောစောက ကျနော်တင်ပြခဲ့တဲ့.. ကျောင်းသား.. သေနတ်မှန်သွားတယ်..။ ရင်အုံလောက်မှာ ဖြစ်မယ်ထင်တယ်…။ သွေးတွေဖျာကနဲ ထွက်လာတာကို တွေ့လိုက်ရတယ်…။ အလံကိုင်ထားရက်က ကတ္တရာလမ်းမပေါ်ကို မှောက်ရက်ကျသွားတယ်..။ ဒီမြင်ကွင်းကို မြင်လိုက်ရပြီး.. ကျနော့်လည်း ပူထူသွားတယ်..။ ဘေးမှာ လူထုက ကျနော့်ကို ချက်ခြင်းဝိုင်းလိုက်ပြီး.. လှဲချ..အပေါ်ကနေ အုပ်ထားတယ်..။ ပြီးတော့. သေနတ်သံ ယာယီအစဲလောက်မှာ.. ကျနော့်ကို ဆွဲထူပြီး အပြေးအလွှား ခေါ်သွားတော့တာပဲ…။ ကျည်ကွယ်ရာ ကုန်းကမူတခုကို ရောက်တော့မှ အပေါ်စီးကနေ လှမ်းကြည့်နေတော့…. လမ်းမပေါ်မှာ လဲကျနေတာ.. လေးဦးလောက်ရှိမယ်…။ အလံကိုင်ကျောင်းသား သန်းဇော်ဦးကတော့ ချက်ခြင်း..ကျဆုံး သွားတယ်.. ရဲတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ ရောက်လာပြီး.. သူ့အလောင်းနားရောက်တော့..ရဲတယောက်က ဘိနပ်နဲ့မျက်နှာကို ဆွဲလှန်လိုက်တယ်…။ ကျန်တဲ့သူတွေက.. ကျန်တဲ့ အလောင်းတွေ လိုက်ကောက်နေတယ်…။

အဲဒီနေ့က မြင်ကွင်းကိုတော့ ကျနော့်တသက်မှာ ဘယ်တော့မှ မမေ့နိုင်ပါဘူး..။ ကျနော့်ဘ၀မှာ ငိုကြွေးတယ်ဆိုတာ အလွန်မှ ရှားပါးပါတယ်။ ကျနော်သာမက အားလုံးသာ လူထုတော်တော်များများ ၀မ်းနည်းပက်လက် ငိုကြွေးမိကြတယ်..။ တကယ်တော့ ဒီမျက်ရည်တွေဟာ ခံပြင်းနာကျဉ်းလို့ ကျလာတဲ့ မျက်ရည်တွေသာလျှင်ဖြစ်ပါလိမ့်မယ်…လူထုရဲ့ စိတ်ဓါတ်ခွန်အားတွေ ကတော့ မာသထက် မာကျောသွားပြီ..။ ဘယ်လိုနည်းနဲ့ နှစ်သိမ့်မူ့ကိုမှ လက်မခံတော့ဘူး… ပိုပြီးတော့ စုစည်း ကျစ်လစ်လာကြတယ်…။ သပိတ်အမာခံ စခန်းကို အသက်နဲ့လဲ ကာကွယ်ဘို့ ဆုံးဖြတ် ကြတယ်…။ ၁၀ရက်နေ့က လေးဦးကျဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်…။ အဲဒီ့နောက်ပိုင်းမှာတော့.. ချီတက်တန်းစီ ဆန္ဒပြပွဲကို ယာယီရပ်ဆိုင်းထားကြတယ်။

အဲဒီနေ့ညမှာပဲ တခါ… သပိတ်စခမ်းကို ၀င်စီးဘို့ကြိုးစားခဲ့တဲ့.. ရဲတွေကို ပြည်သူလူထုကြီးက.. မောင်းထုတ်နိုင်ခဲ့တယ်..။ ညဘက်မှာ ထိပ်တိုက်တွေ့ကြတယ်…။ သူတို့ရဲတွေက.. သပိတ်စခမ်းရှိရာ လမ်းသွယ်ထဲကို ၀င်လိုက်တာနဲ့.. လူထုက သူတို့ကို ၀ိုင်းပတ်ထားလိုက်ပြီ…။ ရဲတွေက နယ်မြေ မကျွမ်းကျင်ဘူး.. ပြီးတော့ အမှောင်ထဲမှာ… လူထုကတားတယ်..။ ရှေ့ဆက်တက်ရင် ခုခံမယ်ဆိုတာ ပြောတယ်..။ သူတို့ကမရဘူး.. အထက်အမိန့်အရ.. သပိတ်စခန်းကို ၀င်သိမ်းမယ်ဆိုတာ ပြောတော့…. မမြင်ရတဲ့ အမှောင်ထဲက ထွက်လာလိုက်တဲ့.. သံလုံးထဲ့ပစ်တဲ့ လောက်လေးဂွတွေ၊ ဂျင်ကလိတွေနဲ့ ၀ိုင်းအုံပစ်ကြတာ.. ရဲတွေဒဏ်ရာရပြီး.. ကစင့်ကလျား ထွက်ပြေးကုန်ကြတယ်….။ သေနတ်နဲ့တောင် ပြန်မပစ်နိုင်အားဘူး အဲဒီ့နောက်ပိုင်းမှာ.. သူတို့သပိတ်စခန်းကို လာမစီးရဲတော့ဘူး….(နောက်ပိုင်းမှ သိရတာက.. ဒီကိစ္စတွေအတွက် တိုင်းရဲမှူးကြီးနဲ့ သက်ဆိုင်ရာပါတီ၊ ကောင်စီတွေနဲ့ ပြသနာတက်တယ်၊ တိုင်းရဲမှူးကြီး ပြောတာက... အမုန်းခံရ၊ အနာခံရတော့ ကျုပ်တို့ရဲတွေ… ခင်ဗျားတို့က ပါတာမဟုတ်ဘူး..။ စားပွဲပေါ် ထိုင်ရာမပျက် အမိန့်ပေးနေတယ်…။ ကျုပ်တို့ မလုပ်နိုင်ဘူးလို့ အာခံတယ်…)။

နောက်ပိုင်းမှာ ကျနော်တို့ဆီက သတင်းမှားတွေ သူတို့ရတယ်။ ဘာလည်းဆိုတော့.. ကျနော်ကျောင်း သားတွေ လက်ထဲမှာ လက်နက်အချို့ ရောက်နေပြီဆိုတာ သူတို့ကြားမှာ သတင်းကြီးသွားတယ်..။ ဒါ့ကြောင့် ၀င်မစီးရဲတော့တာ လည်းပါတယ်…။ အမှန်က ကျနော်တို့လက်ထဲမှာ လောက်လေးဂွ၊ ဂျင်ကလိ၊ လေးမြှားလို လက်နက်ကလွဲရင် ကျန်တာ ဘာမှမရှိဘူး။ ဖြစ်တာကဒီလိုပါ… ကျနော်တို့အဖွဲ့ထဲက မြင့်ငွေနဲ့၊ ကိုအေးမောင်မောင်ကြည် (ယခုရွှေဝါရောင်တော်လှန်ရေးနဲ့ ထောင်ကျနေသူ)က ညဘက်ရောက်ရင်.. တယောက်တလှည့် လော်စပီကာနဲ့ အော်နေတာ… စကားဝှက်တွေလည်းပါတယ်။ တခါဘာလုပ်သလဲ ဆိုတော့… ကျနော်တို့ကို လူတစုက… ရိုင်ဖယ်ကျည်ဆံတွေ လာပေးတယ်…။ အတောင့်၄၀လောက်ရှိမယ် ထင်တယ်..အဲဒါတော့ရှိတယ်…။ ဒါနဲ့ဘာလုပ်လို့ရမှာလည်း… ဒီတော့ ဘာလုပ်သလည်းဆိုတော့.. လေသေနတ် အလက်လေးလက် လောက်ရှာလာတယ်…။ လုပ်တဲ့သူတွေကလည်း ပေါက်ပေါက်ရှာရှာ လုပ်တတ်တယ်ဗျ။ လေသေနတ် ပြောင်းတံထိပ်မှာ.. စောစောက ရိုင်ဖယ်ကျည်ကို တိတ်စတွေနဲ့ အသာကပ်ထားတယ်…။ ကျည်ဆံဖင်ကို.. လေသေနတ် ကျည်က ရိုက်ထွက်တဲ့ သဘောပေါ့…(လေသေနတ် ကျည်ကကျည် ရိုက်တံလို ဖြစ်သွားတယ်)… ညလူချေ ခပ်တိတ်တိတ် အချိန်ရောက်ပြီဆို မိုးပေါ်ထောင်ပစ်လိုက်တယ်…။ တကယ်သေနတ် ပစ်လိုက်တဲ့အတိုင်း ဟိန်းထွက်နေတာ… တလက်ပစ်ပြီးပြီဆို တခါ..တိတ်နဲ့ပြန်ကပ်ပေါ့… နောက်တခါ တချက်ပစ်လိုက်…. လော်စပီကာနဲ့ကလည်း အော်သေးတာ…။

“ရဲဘော်တို့ ကျည်တွေ သိပ်မဖြုန်းပါနဲ့ တတောင့်ကို တယောက်မှန်အောင်ပစ်ပါ”….

(နောက်မှပြန်သိရတာက.. အဲဒီအချိန်မှာ ရဲစခမ်းအချုပ်ထဲမှာ ဆန္ဒပြပွဲကြောင့် ဖမ်းထားတာ… အယောက်၃၀ လောက်ရှိတယ်..။ သူတို့က ရဲစခန်းမှာ ဖြစ်ပျက်နေတဲ့ မြင်ကွင်းစုံကို အကုန်တွေ့နေရတယ်…။ ကျနော့်တို့ဆီက သေနတ်သံတွေ ထွက်လာပြီဆို.. နေရာတွေယူ.. အသင့်တွေပြင်.. ပျာယာခပ်နေကြတာတဲ့….)

နောက်.. လူထုဟောပြောပွဲကနေ.. ကျနော်က ပြင်းပြင်းထန်ထန် တောင်းဆိုချက်တခုကို တောင်းဆိုလိုက်တယ်….။ ဖမ်းထားတဲ့ သူတွေကို ချက်ခြင်းလွှတ်ပေးပါ..။ လွှတ်မပေးရင်.. ရဲစခန်းအပါဝင်… ပါတီကောင်စီရုံးတွေ… သက်ဆိုင်ရာ အာဏာပိုင်တွေ အိမ်တွေကို အကုန်ဝင်စီးမယ်။ မိရင်မိတဲ့သူ.. အကုန်ရှင်းမယ်ဆို ခပ်တည်တည်ပဲ ကျေငြာလိုက်တယ်။ ညဘက်ရောက်တော့… ကျနော်တို့ ဆရာတွေဖြစ်တဲ့… ဆရာဦးသိန်းနဲ့… ဦးရဲမြင့်တို့နှစ်ဦးကို သက်ဆိုင်ရာ အာဏာပိုင်တွေက အကူညီတောင်းပြီး ကျောင်းသားတွေနဲ့ စေ့စပ် ဆွေးနွေးလိုကြောင်းကို ကမ်းလှမ်းလာတယ်…။ ကျနော်တို့ဆီက လွှတ်လိုက်မယ့် ကိုယ်စားလှယ်ကိုလည်း.. လုံးဝဖမ်းဆီးခြင်း.. အန္တရာယ်ပြုခြင်း မလုပ်မဲ့ အကြောင်းကိုလည်း ကတိက၀တ်တွေနဲ့ မှာလိုက်တယ်…။ ကျနော်တို့ဘက်က ကျောင်းသားသမဂ္ဂ.. တွဲဖက် အတွင်းရေးမှူး (မကွေးကောလိပ်ကျောင်းသား ကျော်စွာ) လိုက်သွားတယ်….။ အေးအေးဆေးဆေးပဲ ပြန်ရောက်လာပါတယ်….။ သူတို့ဘက်က ကျနော်တို့ကို အကြမ်းမဖက်ဘို့ ကတိပေးလာတယ်.။ ကျနော်တို့ကလည်း အကြမ်းမဖက်ဘို့ ပြောတယ်..။ နောက်ဖမ်းထားတဲ့ သူတွေကို မနက်မှာ ပြန်လွှတ်ပေးမယ်ဆို ပြောတယ်။ တွဲဖက်အတွင်းရေးမှူးကလည်း ....

“အန်ကယ်တို့ဘက်က ကတိတည်ရင်.. ကျနော်တို့ဘက်ကလည်း ကတိတည်ပေးပါ့မယ်။ ဒါပေမဲ့ စောင့်ကြည့်လေ့လာဦးမယ်..။ သို့သော် သပိတ်လှန်ဘို့ ကိစ္စမျိုးကိုတော့လုံးဝ.. လုံးဝ လက်မခံပါ” ဆိုပြောလာခဲ့တယ်…. ပြောမယ်ဆို အဲဒီနေ့ညက.. အပစ်အခတ် ရပ်စဲထားတယ်ပေါ့..။ တနိုင်ငံလုံးမှာလည်း မြို့နယ်အသီးသီး ရှစ်လေးလုံး သပိတ်တိုက်ပွဲကြီးကို ဆင်နွဲနေတဲ့ အကြောင်း သတင်းတွေထဲမှာ ကြားနေရပြီ…ကျနော်တို့ တိုက်ပွဲအရှိန်ကလည်း မြင့်သထက်မြင့် လာနေတယ်… ဒီလိုနဲ့… နောက်နေ့ရောက် တော့မြို့ထဲ ဈေးနှစ်ဈေးက ဈေးသူဈေးသားတွေက စုပြီး ကျောင်းသားသမဂ္ဂ သပိတ်စခန်းကို ရောက်လာကြတယ်။ သူတို့က.. ဈေးပိတ်ထားရတဲ့ အတွက်များစွာ နစ်နာနေတဲ့အကြောင်း၊ ဈေးကို ပြန်ဖွင့်ခွင့်ရအောင် ကြိုးစားပေးဘို့ အကြောင်းတွေ တင်ပြလာတယ်။ ကျနော်တို့ ဘာလုပ်နိုင်မှာလည်း… ကျနော်တို့က တော်လှန်ရေးလုပ်နေတာ.. အာဏာပိုင်တွေလည်း မဟုတ်..။ ဒါပေမဲ့.. ဟန်ကိုယ့်ဘို့ဆိုတဲ့ အတိုင်းကျနော်တို့ ကြိုးစားပေးပါ့မယ်... ဆိုပြောလိုက်ကြတယ်…။ သူတို့ပြန်သွားတော့.. ခေါင်းဆောင်ပိုင်းတွေ စုဝေးပြီးတို့ ဘာလုပ်ကြမလဲ..။ ဒီကိစ္စ ဘယ်လိုလုပ်ရပါ့လည်းပေါ့…. ဒါနဲ့ကျနော်က …

“ငါ့အမြင်ကတော့.. ဖြစ်လာတာမလာတာ ခဏထား.. အာဏာပိုင်တွေကို သရော်ချင်တယ်ကွ။ သရော်တယ် ဆိုတာလည်း  တကယ်တော့ အံတုခြင်းတမျိုးပဲ…။ ဘယ်လိုလည်း ဆိုတော့ကွာ..။ ငါတို့က အမိန့်ကြေငြာစာထုတ်မယ်…” ဆိုတော့.. အားလုံးကဟာသ.. သဘောမျိုး.. သရော်တဲ့ သဘောမျိုးထားပြီးချကွာ..။ လုပ်မယ်ကွာဆို သဘောတူခဲ့ကြတယ်..။ ဒါနဲ့ကျနော်တို့ အမိန့်ကြေငြာစာကို လူထုသိအောင် ကြေငြာလိုက်ကြတယ်….

အမိန့်ကြေငြာချက်အမှတ် ၁ / ၈၈

နေ့စွဲ---- +++++++++++++

ဒီကနေ့ (+++++++++++) ရက်နေ့မှစပြီး.. ရေနံချောင်းဈေးကြီးအား တရားဝင် ဖွင့်လှစ်ခွင့်ပြုလိုက်သည်။ ယခုအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်စေရမည်။

ပုံ

ကျောင်းသားသမဂ္ဂ
-----------------------------------------------------------------------------------------
ခပ်တည်တည်ပဲ ကြေငြာလိုက်တယ်…။ တကယ်က.. မဆလ အစိုးရခေတ်မှာ လူတွေ လှောင်ပြောင်ကြတာ တခုရှိတယ်.. ပုံ-စိန်လွင်ဆိုတာ… တခုခုကို အမိန့်ပေးချင်ပြီဆို။ ဥပမာယောကျာင်္းက မိန်းမကို ထမင်းခူး ခိုင်းချင်တယ်ဆို…။

“မိန်းမငါ ထမင်းစားမယ်.. ထမင်းခူးလိုက်ပါ။ ပုံ..စိန်လွင်…. လူတွေက ဟာသလုပ်ကြတယ်..။ ဘာလို့ဒီလို လုပ်ကြတာလည်းဆိုတော့.. ငွေစက္ကူတွေ သိမ်းလည်း ..ပုံ- စိန်လွင် ဆိုပြီး အမိန့်ထုတ်သိမ်း ဟိုဟာအာဏာပြချင်၊ ဒီဟာပါဝါပြချင်လည်း.. ပုံ.စိန်လွင်ဆို အမိန့်ထုတ်နေတော့ လူတွေစိတ်ထဲမှာ နာကျဉ်မှုတွေကို ဖောက်ခွဲဘို့.. ဟာသလုပ်ပစ် လိုက်ကြတယ်..။ ဒါကိုကျနော်တို့က တန်ပြန်သရော်ဘို့ လုပ်လိုက်တာ.. အကျိုးဆက်က ဘာဖြစ်လာသလည်း ဆိုတော့… ကျောင်းသားတွေက ဈေးဖွင့်ခိုင်းလိုက်ပြီ..။ ဖွင့်လို့ရပြီဆို ဈေးကြီးကို စည်စည်ကားကား ပြန်ဖွင့် ရောင်းဝယ် ဖောက်ကား ကြတော့တယ်..။ ကျနော်တို့လည်း တော်တော် အံသြကုန်ကြတယ်..။ ဘာတွေဖြစ်ကုန်မှန်းကို မသိတော့ဘူး….။ ဒီလိုနဲ့ ကျနော်တို့ဆက် အကြံထုတ်တယ်….။ ဆက်အားစမ်းကြည့်ဦးမယ် ဆိုပြီး ဒုတိယအကြိမ်မြောက် အမိန့်ကြေငြာချက် ဆိုတာကို..၂/၈၈နဲ့ ထုတ်ပြီး ကျောင်းသားသမဂ္ဂ ပိုင်နက်ဆိုပြီး နယ်မြေတွေ သတ်မှတ်ပစ်လိုက်တယ်…။ အဲဒီထဲမှာ ဘာပါသလည်းဆိုတော့… ဒီနယ်မြေများအတွင်း သက်ဆိုင်ရာ အာဏာပိုင်များ၊ ရဲများ၊ ယင်းတို့မိသားစုဝင်များ၊ ကူးလူးခြင်း သွားလာခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်း နေထိုင်ခြင်းခွင့်မပြု.. တွေ့ရှိပါက ပြင်းထန်စွာ အရေးယူမည်လို့ ကြေငြာလိုက်တယ်…..။

အပိုင်း (၆) ဆက်ပါဦးမည်

အားလုံးကိုလေးစားစွာဖြင့်

(မောင်မောင်ဝမ်း)