ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ပြည်ခိုင်ဖြိုးရဲ့ အနာဂတ်အား မှန်းဆမျှော်တွေးခြင်း (ဗဟိုကော်မတီဝင်ဟောင်းတစ်ဦး)

ပြည်ခိုင်ဖြိုးရဲ့ အနာဂတ်အား မှန်းဆမျှော်တွေးခြင်း
 (ဗဟိုကော်မတီဝင်ဟောင်းတစ်ဦး)

            ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီဟာ ဆန္ဒမဲရာခိုင်နှုန်း တော်တော်များများနဲ့ အနိုင်ရလာခဲ့တာကို အားလုံးသိပြီး ဖြစ်မှာပါ။ ဒီလို အနိုင်ရလာတာဟာ ကြံ့ဖွံ့ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကပဲ တော်လို့ လား၊ ပြည်သူတွေကပဲ သူတို့ကို အမှန်တကယ် ယုံကြည်ခဲ့လို့လား ဆိုတာကတော့ အထူးစဉ်းစားစရာမလို။ NLD မပါဝင် သည့် ရွေးကောက်ပွဲဖြစ်သဖြင့် ကြံ့ဖွံ့အနေဖြင့် ၂၀၁၀ တွင် အနူတောမှ လူချောဖြစ်တာက ငြင်းစရာမရှိ။ 

ထို့အပြင် ကြံ့ဖွံ့ပါတီ ၂၀၁၀ ခုနှစ်တွင် အမတ်နေရာအများစု နေရာရခဲ့ခြင်းမှာ စစ်တပ်က ကျောထောက်နောက်ခံ ပေးထား သောကြောင့် ဆိုသည့်အချက်ကိုတော့ မည်သူမှ မငြင်းနိုင်။ ယခင် နအဖ အစိုးရက ကြံ့ဖွံ့ပါတီ ရုံးစိုက်ရာ မြေနေရာ မှ အဆောက်အဦ၊ ပရိဘောဂမျိုးစုံအထိပင် ပြင်ဆင်ပေးခဲ့သည့်အပြင် ဒေသခံ စစ်တိုင်းမှူးများ၏ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အလိုက်စည်းရုံးပေးခဲ့ခြင်းကလဲ ကြံ့ဖွံ့ပါတီအနိုင်ရရှိခြင်း၏ အဓိကအကြောင်းတစ်ခုပင်ဖြစ်ပါသည်။

            ကြံ့ဖွံ့ကိုယ်စားလှယ်ဟောင်းများ၏ အရည်အချင်းမှန်အား ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ထင်ထင် ရှားရှား တွေ့လာရတော့သည့် မဲန္ဒနယ် (၄၂) ခု ရှိသည့်အနက် NLD ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့သည့် မဲဆန္ဒနယ် တစ်နေရာကလွဲ၍ ကျန်သည့် မဲဆန္ဒနယ်အားလုံးတွင် ခွက်ခွက်လန် ရှုံးနိမ့်သွားခြင်းက ကြံ့ဖွံ့ပါတီနှင့် အရွေးချယ်ခံ ကိုယ်စားလှယ်များ၏ အရည်အချင်းက ထင်ထင်ရှားရှား ပေါ်လာတော့သည်။ အကယ်၍ ဒီ ၂၀၁၀ တွင် ပြည်သူတို့၏မဲဆန္ဒအတိုင်း၊ ပြည်သူ့ဆန္ဒအတိုင်း ကြံ့ဖွံ့ပါတီရွေးချယ်ခံခဲ့ရခြင်းမှန်ကန်ခဲ့ပါက ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ယခုကဲ့သို့ ခွက်ခွက်လန် ရှက်ဖွယ်လိလိ ရှုံးစရာအကြောင်းမရှိပေ။

            ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံဖွံ့ပါတီ ဘာကြောင့် ခွက်ခွက်လန် ရှုံးခဲ့ရပါသလဲ။ ယခင် နအဖ လက်ထက်က စနစ်တကျ ဖွဲ့စည်းပေးလိုက်သော ကြံ့ဖွံ့ပါတီကြီးသည် အာဏာရပြီး အချိန်တိုအတွင်းမှာပင် ပါတီ ၀င်များအချင်းချင်း ခေါင်းဆောင်ပိုင်းတွင် မညီမညွတ်ဖြစ်လာသည်။ သမ္မတအစိုးရအဖွဲ့နှင့် ပါတီတာဝန်ရှိသူများ အကြား အက်ကြောင်းများ ထပ်လာသည်။ အစိုးရအဖွဲ့ဝင်ဝန်ကြီးဖြစ်သူနှင့် ၀န်ကြီးမဖြစ်သူ နေရာမရသူများအကြား ခွက်စောင်းခုတ်လာကြသည်။ အချင်းချင်းမညီညွတ်တော့ဘဲ တစ်ဦးနှင့်တစ်ဦး ဖော်ကောင်လုပ်လာသည်။ 

သမ္မတက နိုင်ငံကို ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဌက သမ္မတ လုပ်ရကိုင်ရခက်အောင် ထိုးနှက်တိုက်ခိုက်လာတာကို တွေ့မြင်လာရပါတယ်။ နိုင်ငံ စီးပွားရေး နလန်မထူနိုင်သေးခင်မှာတင် ၀န်ထမ်း များ လစာတိုးအောင် ပြည်သူ့လွှတ်တော်ဥက္ကဌမှ သမ္မတအား ဖိအားပေးခြင်း၊ ထို့အပြင် အခြားသော အတွင်း ကြိတ်ပုန်း ပြဿနာများကိုလည်း တွေ့လာရပါတယ်။ ပြည်ခိုင်ဖြိုးပါတီမှ ၂၀၁၀ ခုနှစ်အတွင်း ရွေးချယ်ခံရသော လွှတ်တော် ကိုယ်စားလှယ်အများစုမှာ စစ်တပ်မှ အသွင်ပြောင်းလာသော စစ်ဗိုလ်ချုပ်များဖြစ်ပြီး ၎င်းတို့အနေဖြင့် အရွေးချယ်ခံ ရမှာ သေချာသည်ကို သိရှိနေသည့်အတွက် ပြည်သူလူထု အခက်အခဲနှင့်ပတ်သက်ပြီး ကူညီဖြေရှင်း ပေးတာမရှိပေ။ ဒါ့အပြင် ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်ချိန် ပြည်သူနဲ့ထိတွေ့ပြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်သွားတဲ့အချိန်မှာ ပြည်သူတွေကို လုံးဝလှည့်မကြည့်တော့ပါ။ ဒါကလည်း ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီ ရှုံးနိမ့်ခဲ့ရတဲ့ အဓိကအကြောင်းရင်းတစ်ခုလို့ ဆိုချင်ပါတယ်။
           
ဒါ့အပြင် ယခင်က ကြံ့ဖွံ့ပါတီကြီးရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းတို့ရဲ့ တစ်ယောက်နဲ့တစ်ယောက် ခြေပုန်းခုတ်နေတဲ့ ပြဿနာတွေဟာ အစောပိုင်းမှာတော့ ဦးရွှေမန်းဘက်က မှန်နေတယ်လို့ ထင်ရပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဦးရွှေမန်းရဲ့ အလွန်ဖြစ်လာတာကို သတိ ထားမိလာပါတယ်။ ဦးရွှေမန်းအနေနဲ့ ယခင် နအဖအစိုးရလက်ထက်က နိုင်ငံအဆင့် နံပါတ်(၃) နေရာမှာ ရှိတဲ့သူ တစ်ယောက်ပါ။ နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး နားသွားတဲ့အချိန်မှာ အစိုးရသစ်မှာ သူကလွဲပြီး သမ္မတဖြစ်မဲ့သူမရှိလို့ ယူဆခဲ့ရပေမဲ့ တကယ်ဖြစ်လာတော့ သူ့ထက်တစ်ဆင့် ငယ်တဲ့ သူက သူ့ကို ကျော်တက်သွားတဲ့အတွက် သူ့မှာ ခံစားချက်ရှိပုံ ရပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌ ဖြစ်လာ ကတည်းက အစိုးရအဖွဲ့ကို နည်းအမျိုးမျိုးနဲ့ ဖိအားပေးလာတာကို သတိထားမိလာပါတယ်။ အခုတော့ နောက်ဆုံး အနေနဲ့ ဦးရွှေမန်းတစ်ယောက် သွေးရူးသွေးတန်းလုပ်ရပ်အချို့ လုပ်လာတာကို တွေ့လာရပါပြီ။ သမ္မတဦးသိန်းစိန် အမေရိကား က ပြန်ရောက်လို့ မကြာသေးခင်မှာပဲ အမေရိကားကို ခရီးနှင်ဖို့ ပြင်ပါတော့တယ်။

အမေရိကား ရောက်တော့ အမေရိကန်အကြိုက် ပြောဆိုခဲ့တာတွေ၊ အမေရိကန်ကို အထင်တကြီးနဲ့ စကားပြောဆိုခဲ့တာတွေဟာ တစ်ချိန်က Internet မှာ နာမည်ကြီးခဲ့တဲ့ နအဖအစိုးရရဲ့ ထိပ်တန်းလျှို့ဝှက် ဖိုင်တစ်ခုထဲက မြောက်ကိုရီးယားကို သွားခဲ့တဲ့ ဦးရွှေမန်း ဟုတ်ရဲ့လားလို့တောင် မထင်မှတ်စရာပါပဲ။ ဒါ့အပြင် အမေရိကန်ရောက်တုန်း ၉၆၉ အဖွဲ့တွေ ကို အရေးယူမယ် ပြောခဲ့လို့ ဗုဒ္ဒဘာသာဝင်နိုင်ငံသားတွေရဲ့ စိတ်ကို ဆွပေးသလို ဖြစ်စေခဲ့တဲ့အပြင် ၉၆၉ အဖွဲ့ကို အကြမ်းဖက်သမားလို့ ကမ္ဘာကတောင် ထင်သွားစေပါတယ်။ ဒါ့အပြင် ၂၀၁၅ မှာ သမ္မတ ဖြစ်ချင်တယ်၊ ဖြစ်နိုင်ရင် သမ္မတထက် ပိုမြင့်တဲ့ရာထူးရှိရင် လိုချင်တယ်ဆိုတဲ့ စကားတွေကြောင့် ဦးရွှေမန်းနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေ ကြားမှာ တော်တော်လေး မကျေမနပ် ဖြစ်လာကြတာကို တွေ့လာရပါတယ်။ ဦးရွှေမန်းကို ဘယ်လောက်အထိ ချစ်ကြလဲဆိုရင် သမ္မတထက်မြင့်ချင်ရင် ဘုန်းကြီးဝတ်လိုက်လို့ ဆိုသူကတစ်မျိုး၊ သမ္မတထက်မြင့်ချင်ရင် ဦးသိန်းစိန် မိန်းမလုပ်လိုက် ဆိုသူကတစ်ဖုံ၊ Online မှာ အမျိုးမျိုးဝေဖန် ပြောဆိုလာကြတာကိုလဲ တွေ့လာရပါတယ်။

 ပြည်သူတွေရဲ့ ပို့သတဲ့မေတ္တာကို ရသွားလို့လားတော့ မသိဘူး၊ ဦးရွှေမန်း တစ်ယောက် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ပေးမယ်လို့ ဆိုလာပြန်ပါတယ်။ ဦးရွှေမန်း အခုလို အမေရိကား မှာ ပြောကြားတဲ့စကားတွေဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးခံယူချက်လား၊ ပါတီရဲ့ မူဝါဒလားတော့ ကွဲကွဲပြားပြားမသိရပါ။ ကြံ့ဖွံ့ ဗဟိုကော်မတီဝင်အချို့ကလည်း ဦးရွှေမန်း အခုလို အမေရိကားခရီးစဉ်မှာ ပြောချင်တာ ပြောခဲ့တာနဲ့ ပတ်သက်ပြီး ဘ၀င်မကျ ဖြစ်နေကြပါတယ်။ ဒီမိုကရေစီခေတ်မှာ ပါတီဝင်တစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ အခြားသောပါတီဝင်များ၏ သဘောထားကိုမရယူဘဲ မပြောဆိုသင့်ဘူးလို့ ဝေဖန်ပြောဆိုနေကြသူများလဲ ရှိပါတယ်။ ဒါပေမဲ့ သူစိတ်ကြိုက်ခန့်ထားတဲ့ ကြံ့ဖွံ့ ဒုဥက္ကဌဖြစ်သူ ဦးဌေးဦး ကတော့ ကြံ့ဖွံ့ပါတီအနိုင်ရရင် ဦးရွှေမန်းကို သမ္မတ အမည်စာရင်း တင်သွင်းမယ်လို့ ပြောလိုက်သေးပါတယ်။ 

            ဦးဌေးဦးရဲ့စကားကရော ပါတီကသဘောတူရဲ့လားတော့ မသိ၊ အခုပါတီအတွင်းမှာ ဦးရွှေမန်းကို ထောက်ခံ သူနဲ့ ကန့်ကွက်သူတွေရဲ့ အက်ကြောင်း ဇာတ်လမ်း မကြာခင်ကြားရပါတော့မယ်။ အချို့သော ပါတီကိုယ်စားပြု ပြောရမဲ့စကားများဟာ ပါတီဗဟိုကော်မတီဝင်များတောင်မသိဘဲ ထိပ်ပိုင်းကလူတွေပဲ ဒီမိုကရက်ဆန်ဆန် ပြောချင်တိုင်း ပြောနေကြကြောင်း ဝေဖန်ပြောဆိုနေကြပါတယ်။

 ဦးရွှေမန်း အမေရိကန်ခရီးစဉ်အတွင်း ပြောဆိုခဲ့ သည့် လိုအပ်ပါက NLD ပါတီနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့မယ် ဆိုတဲ့စကားကလဲ ဦးရွှေမန်းရဲ့ တစ်ဦးထဲ သဘောထား ဖြစ်မည်ဟု ယူဆနိုင်သည်။ ၎င်းကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ပါတီအနေဖြင့် ဘာမျှ သိရှိထားခြင်းမရှိသေးကြောင်း ဗဟိုကော်မတီဝင်တစ်ဦးမှ ဆိုပါတယ်။ သို့သော် ဦးရွှေမန်းက ပြောပြီးရက်ပိုင်း အတွင်းမှာပင် NLD မှ ဦးဝင်းတင်က ၂၀၁၅ တွင် NLD အနိုင်ရပါက ကြံ့ဖွံ့နှင့်လက်မတွဲနိုင်ဟု လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည့်အတွက် ဦးရွှေမန်း အနေဖြင့် ရှက်တတ်ရင် ကိုယ့်ဟိုဒင်း ကိုယ်ထု၍သာ သေလိုက်ဖို့ကောင်းသေးသည်။

            အမေရိကန်ခရီးစဉ်အတွင်း ၉၆၉ အား အရေးယူမည်ဟု ပြောဆိုခဲ့သည့်အတွက် မန္တလေးမြို့ မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူမှ ဒီမိုကရေစီအစိုးရ လက်ထက်မှာ အကောင်းမြင်ပြီး ကိုယ့်လူမျိုး ဦးစားပေးမလား၊ မျှမျှတတ ဆက်ဆံမလားလို့ မျှော်လင့်ခဲ့တယ်။ အခု ဦးရွှေမန်းကိုယ်တိုင် အခုလို ပြောလေတော့ နောင် နှစ် ၁၀၀ ကျော်ရင် မြန်မာတွေ လူရုပ်တောင် ပေါ်မှာမဟုတ်တော့ဘူး။ နိုင်ငံ၊ လူမျိုး၊ သာသနာအတွက် ရင်လေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။

            ခြုံပြီး သုံးသပ်ရရင်တော့ ဦးရွှေမန်းတစ်ယောက် ကိုယ်ပိုင်အရည်အချင်းနှင့် မရပ်တည်နိုင်တော့သဖြင့် ဒေါ်စု ထမီနားခိုကာ လူထုထောက်ခံမှုရအောင် ကြိုးစားနေတာ ပိုပြီးပီပြင်လာတာကို တွေ့မြင်လာရပါတယ်။ အဲဒီလုပ်ရပ် က ယိုသူမရှက် မြင်သူကတော့ ရှက်စရာဘဲ။ တကယ်တန်း ဦးရွှေမန်းလုပ်ရဲရင် ကြံ့ဖွံ့ပါတီကထွက်ပြီး သီးခြားပါတီ တစ်ခု ထောင်ပြီး ၂၀၁၅ မှာ အရွေးခံလိုက်ပါလို့ ပြောကြားလိုပါတယ်။ ဒီအခြေအနေနဲ့ ဒီမြေ ဒီရေမှာ ဒီခေါင်းဆောင် ဒီလူတွေနဲ့ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင်တော့ ပါတီဝင်ဟောင်း (၂၆)သန်းကျော် ရှိပါတယ်ဆိုတဲ့ ပြည်ခိုင်ဖြိုးပါတီ ဟာ ၂၀၁၅ မတိုင်ခင် ဒီမှာပဲ ရေစုန်မျောသွားတော့မယ်လို့ သုံးသပ်လိုက်ရပါတယ်။

ဗဟိုကော်မတီဝင်ဟောင်းတစ်ဦး