ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ဖေ့စ်ဘွတ်ခ်ပေါ်မှ သာသနာအနှစ်(၄)ထောင် ပညာရှင်များသို့

ဖေ့စ်ဘွတ်ခ်ပေါ်မှ သာသနာအနှစ်(၄)ထောင် ပညာရှင်များသို့

ဒီနေ့ တွေးမိတွေးရာ တွေးမိရင်းက လယ်တီဆရာတော်ကြီးရဲ့ တရားတပုဒ်ကို သွားသတိရမိတယ်...။

တခါက ဘုန်းကြီးကျောင်း ၁ခုမှာ ကိုရင်(၂)ပါး စကားများရန်ဖြစ်နေရာ ကနေ နပန်းလုံးတဲ့ အထိ ဖြစ်လာတော့...။ ကျောင်းထိုင်ဆရာတော်က ကိုရင်(၂)ပါးကို ခေါ်မေးသတဲ့..။ ဘယ်လိုကနေ ဘယ်လို နပန်းလုံး အထိ ရန် ဖြစ်ရတာလဲပေါ့...။ ဒီတော့ ကိုရင်(၂)ပါးက တပါးဆီလျှောက်ထားကြသတဲ့..။ တပါးက တပည့်တော်က ဘုရားရှင် သာသနာတော် အနှစ်(၅)ထောင်လို့ ဆိုပါတယ်ဘုရား..။ ကျန်တပါးက ဆက်ပြောသတဲ့ တပည့်တော်က ဘုရားရှင် သာသနာတော် အနှစ်(၄)ထောင်လို့ ဆိုတာပါဘုရား အဲ့ဒီကနေ သူမှန်တယ် ငါမှန်တယ် ငြင်းခုံရင်းနဲ့ နပန်းတတ်လုံးတဲ့အထိ ဖြစ်လာတာပါဘုရားလို့ ဆိုသတဲ့..။

ဒီတော့ ဆရာတော်ကြီးက သာသနာ အနှစ်(၄)ထောင်လို့ ဆိုတဲ့ ကိုရင်ကို မင်းသွားနိုင်ပြီလို့ ဆိုပြီး ကျန်တဲ့ သာသနာတော် အနှစ်(၅)ထောင်လို့ ဆိုတဲ့ကိုရင်ကိုတော့ မြေမှာမှောက်ခိုင်းပြီး ကြိမ်နဲ့ သုံးချက် ရိုက်သတဲ့..။
ဒီတော့ သာသနာအနှစ်(၅)ထောင်လို့ ဆိုတဲ့ ကိုရင်က အရှင်ဘုရား ဘုရားသာသနာ အနှစ်(၅)ထောင်လို့ တပည့်တော် အမှန်အတိုင်းပြောတာ ဘာကြောင့် တပည့်တော်ကို အပြစ်ပေးရတာလဲပေါ့..။ ဒီတော့ ဆရာတော်ကြီးက သာသနာအနှစ်(၅)ထောင်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်းသိတယ်..။ ဒီလိုဗုဒ္ဓဘာသာဝင်တိုင်း သိတဲ့ သာသနာအနှစ်(၅)ထောင် ကိုတောင် မသိတဲ့ လူမိုက်နဲ့ ရန်ဖြစ်တယ်ဆိုတော့ မင်းလည်း လူမိုက်နဲ့ အတူတူပဲပေါ့လို့ ဆုံးမတော်မူသတဲ့..။

ဒီနေရာမှာ ဘာစဉ်းစားမိသလဲ ဆိုတော့ တချို့သော ဖေ့စ်ဘွတ်ခ်ပေါ်က ပညာရှင်တွေ ဘာသာအပေါ် အမည်ပြောင်းလိုပြောင်း သာသနာအပေါ်၊ သံဃာတော်တွေ အပေါ်မှာ ဝိနည်းကိုက်မကိုက် ဘယ်လို နေထိုင်သင့်တယ် ပြုမူသင့်တယ် စာအုပ်ကိုင်ပြီး ဘုန်းကြီးစုံထောက် ပမာ ပြောဆိုနေကြတာ မြင်ကြတော့.. သာသနာ အနှစ်(၄)ထောင် ကိုရင်လို ပညာရှိတွေက သာသနာ အနှစ်(၅)ထောင် သံဃာတော်တွေကို စာပြန်ချနေသလားလို့...။

ဆီသည်လည်း ဆီသည်အလျောက် ကျွမ်းကျင်ရာ လိမ်မာသလို အိုးသည်လည်း အိုးသည်အလျောက် ကျွမ်းကျင်ရာ လိမ်မာကြတာပါပဲ...။ နေရာတကာမှာတော့ ပဲခူးဆားလုပ်နေလို့ မရဘူးပေါ့...။

ဒီနေရာမှာ မသိလို့ ပြောတာနေမှာပါ၊ လုပ်တာနေမှာပါဆိုတဲ့ စကားကိုလည်း ပြန်စဉ်းစားကြည့်ကြရအောင်...။ လူ့ပတ်ဝန်းကျင်မှာတော့ မသိလို့ ပြောတာနေမှာပါ၊ လုပ်တာနေမှာဆိုတဲ့ စကားနဲ့ မသိလို့ လုပ်တဲ့ လူကို သာမန်သဘောနဲ့ တော်ရုံတန်ရုံ အပြစ်မမြင်တတ်ကြပါဘူး...။ သို့ပေတည့် ဘာသာရေးအပိုင်းမှာတော့ မသိလို့လုပ်မိတာပါ၊ ပြောမိတာပါဆိုတဲ့ သူဟာ သိလို့လုပ်တဲ့သူ၊ ပြောမိသူထက် အကုသိုလ်ပိုဖြစ်တယ်ဆိုရင် လက်ခံနိုင်ကြမလားပဲ..။
ဘာကြောင့်ဆိုတော့ ဘယ်ဟာကုသိုလ်၊ ဘယ်ဟာ အကုသိုလ်ဆိုတာကိုတောင် မသိပဲလုပ်တဲ့ အတွက် ပိုပြီးအကုသိုလ် ဖြစ်စေပါတယ်..။ ဥပမာ
မြွေဟာအကောင်သေးပေမယ့် အန္တရာယ်ရှိတယ် ဆိုတာတောင် မသိ၊ ဗဟုသုတမရှိတဲ့ အတွက် မသိလို့လုပ်တာ ပိုဆိုးပါတယ်။

ဆီသည်လည်း ဆီသည်အလျောက် အိုးသည်လည်း အိုးသည်အလျောက် မိမိကျွမ်းကျင်ရာမှာ လိမ်မာကြတာပါ။ နေရာတကာမှာ ကိုယ်သိ ကိုယ်တတ်ဆိုပြီး လုပ်လို့မရပါ...။ သာသနာအနှစ်(၄)ထောင် သမားတွေနဲ့ အပြိုင် ငြင်းခုံရန်ဖြစ်နေရင်တော့ ကိုယ်လည်း ကိုယ်လည်း(၄)ထောင်တန်နဲ့ အဆင့်တူ ဖြစ်သွားလေမလားပဲ..။ ကုသိုလ်နဲ့ အကုသိုလ်ကို ခွဲခြားသိမြင်ပြီး သာသနာတန်ဘိုး ထားနိုင်ကြပါစေ..။

တွေးမိတွေးရာလေးပါ... ဆိုကရေတီးရဲ့ စကားလို ကျွန်တော်ဘာမှ မသိသေးဘူးဆိုတာ ကျွန်တော်သိတာပါပဲလို့ ခံယူထားပါတယ်..။

အားလုံးကို လေးစားစွာဖြင့်..

ဒီမိုဝေယံ

ဓာတ်ပုံကတော့ ဖားအောက်တောရမှာ တရုတ်နိုင်ငံက လာရောက် ကိုရင်ဝတ်တဲ့ ကိုရင်ငယ်လေးပါ.. (အားလုံး ငြိမ်းအေးကြပါစေ)