ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

၂၀၁၅သို့ မျှော်မှန်းခြင်း အပိုင်း(၃) (ဆောင်ပါးရှင် ထိန်လင်း) (ဗိုလ်ခင်ညွှန့်အား ဆန်းစစ်ခြင်း)


    ၂၀၁၅သို့ မျှော်မှန်းခြင်း အပိုင်း(၃)     
(ဆောင်ပါးရှင် ထိန်လင်း)
 (ဗိုလ်ခင်ညွှန့်အား ဆန်းစစ်ခြင်း)


၂၀၁၅ ဆိုတာ ဒီကနေကြည့်ရင် ၂ နှစ် လိုသေးတယ်ဆိုပေမယ့် ၁ နှစ်ဆိုတဲ့အတိုင်းအတာဟာဘာမှ မကြာလိုက်တာမို့မျှော်မှန်းချက်ထားသူတွေအတွက်တော့ အခုလောက်ကထဲက ကြိုတင်ပြင်ဆင်မှု လုပ်ထား မှတော်ကာကျမှာဖြစ်ပါတယ်။ အခုဆိုရင်၂၀၁၅အတွက် ကြိုတင်ပြင်ဆင်မှုတွေ၊ ရွေးကောက်ပွဲဝင်ဖို့ တရားဝင် ပါတီမှတ်ပုံတင်နေတာတွေ၊ပါတီဖွဲ့ဖို့ပြင်ဆင်နေတာတွေ၊တချို့က ပါတီစကားလုံးဝမပြောဘဲ လူမှုရေးတွေ လုပ်ဆောင်ပြီးအနီးကပ်မှ ပြေးဝင်ဖို့ပြင်ဆင်နေတာတွေတွေ့မြင်နေရပါတယ်။ ဒီလိုမျိုးတွေထဲမှာမှ အသက်  ကလည်းကြီးနေပြီ၊နိုင်ငံရေးမလုပ်တော့ပါဘူးလို့ပြောပြီးပြည်သူတွေနဲ့နီးနီးကပ်ကပ်ထိတွေ့ဖို့အတွက် ပန်းချီ ပြခန်းတွေ၊ ကော်ဖီဆိုင်ခန်းတွေဖွင့်နေသူလည်း ရှိနေပါတယ်။

ပြောရမယ်ဆိုရင် ၂၀၁၅အတွက် မျှော်မှန်းပြီးလှုပ်ရှားမှုတွေလုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုရင် မငြင်းနိုင်တဲ့အချက်ပါပဲ။သူကတော့ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်ဖြစ်ပါတယ်။တစ်ချိန်တုန်းက ပြည်သူလူထု ရဲ့ရှေ့မှာ တီဗွီမင်းသားလို့ကင်ပွန်းတပ်ခံရလောက်အောင် နိုင်ငံအတွက်စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့သူ ဖြစ်ပါ တယ်။ ထိပ်ပိုင်းလောက်ရောက်ပြီးကာမှ ဂျွမ်းထိုးမှောက်ခုံပြုတ်ကျခဲ့ရတာမို့ အကျနာလွန်းသူတစ်ဦးလို့ပြော လို့ရပါတယ်။မြန်မာ့နိုင်ငံရေးသမိုင်းတကွေ့မှာ ဦးခင်ညွန့်ဟာ သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်ခဲ့ပါတယ်။ ၈၈ ခုနှစ်အရေးအခင်းဖြစ်ပြီး နောက်ပိုင်းမှာ ထင်ရှားကျော်ကြားပြီး လူသိများခဲ့သူ ဖြစ်ပါတယ်။
ဦးခင်ညွန့်ကို နိုင်ငံရေးစင်မြင့်ပေါ်ရောက်အောင် တင်ပို့ပေးခဲ့သူကတော့ ဗိုလ်ချုပ်ကြီးနေ၀င်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းအာဏာရှိစဉ်တစ်လျှောက်လုံးမှာ ဦးနေ၀င်းအားထားရတဲ့ စက်မှုဝန်ကြီး ဗိုလ်မှူးချုပ်တင့်ဆွေရဲ့ အနီးကပ် PSO အဖြစ် ဦးခင်ညွန့်နေခဲ့ရတာမို့  ဦးနေ၀င်းနဲ့ ဗိုလ်မှူးချုပ်တင့်ဆွေ တို့ရဲ့အမွေအနှစ်ပညာရပ်တွေရခဲ့သူဖြစ်ပါတယ်။ အရေးအခင်းကာလတစ်လျှောက်လုံးနဲ့ စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်းတွေမှာ ဗိုလ်ချုပ်ခင်ညွန့်ဆိုတာနဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့သားမက်လို့ပဲ ထင်မြင်ပြောဆို နေကြပါတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံမှာ ဘယ်အဖွဲ့အစည်းကမှ ထိန်းသိမ်းလို့မရဘဲ အကြမ်းဖက် ဖျက်ဆီးမှုတွေများလာတယ်ဆိုတဲ့အကြောင်းပြချက်နဲ့စစ်တပ်ကအာဏာသိမ်းခဲ့ပါတယ်။အဲဒီမှာအဓိကနေရာ ဖြစ်တဲ့ အတွင်းရေးမှူး(၁)ဆိုတဲ့ ရာထူးကို ဗိုလ်ချုပ်ခင်ညွန့်ကို ပေးခဲ့တာပါ။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ်ဗိုလ်ချုပ်ကြီးစောမောင်အမည်တပ် ထားပေမယ့်အရာရာမှာ ကြိုးကိုင်လှုပ်ရှားနေရသူကတော့ ဗိုလ်ချုပ်ခင်ညွန့်ပဲဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး စောမောင်ကိုဖြုတ်ချပြီး ဗိုလ်ချုပ်ကြီးသန်းရွှေကိုတင်ပေးလိုက်သူကလဲ ဗိုလ်ချုပ်ခင်ညွန့်ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လဲနောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီးသန်းရွှေကနေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ်လာခဲ့သလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလဲကျေးဇူးရှိသူ ဗိုလ်ချုပ်ခင်ညွန့်ကိုဗိုလ်ချုပ်ကြီးအဆင့်အထိ တပ်မတော်မှာမရှိဖူး သေးတဲ့ရာထူးကို ရှာကြံပေးခဲ့တာပါ။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလိုပါပဲ။

ပြောရမယ်ဆိုရင် ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ လူသားအားလုံးကို တရားသံဝေဂ ရစေခဲ့ပါတယ်။ ငါမှငါပဲ၊ငါအတော်ဆုံးပဲ၊ ငါလုပ်သမျှအအောင်မြင်ဆုံးပဲဆိုတဲ့မာနတွေထိပ်ရောက်နေတုန်းမှာပဲ ကျရှုံးသွားခဲ့တာဖြစ်ပါတယ်။ တကယ်တော့ဦးခင်ညွန့်ဟာ လူတော်တစ်ယောက်ဖြစ်ပါတယ်။ တော်လွန်းသူ တစ်ယောက်ဖြစ်လို့လဲ ကိုယ့်ကိုကိုယ် အထင်တကြီးဖြစ်၊ ထောက်လှမ်းရေးအဖွဲ့အစည်းနဲ့ တစင်ထောင်ပြီး အာဏာယူဖို့ပြင်ဆင်ထားခဲ့သူဖြစ်တာကြောင့်လဲခုလိုမျိုးအရှိန်နဲ့ပြုတ်ကျခဲ့တာဖြစ်ပါတယ်။ဦးသူအနိုင်ယူဆိုတဲ့အတိုင်းလက်ဦးမှုမယူနိုင်လိုက်တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ထောက်လှမ်းရေးတစ်ဖွဲ့လုံး အရေခွံအစုပ်ခံလိုက် ရတာပါပဲ။

သက်ကြီးဝါကြီးတွေလူကြီးပိုင်းတွေကတော့ဦးခင်ညွန့်ဟာဝဋ်လိုက်တာလို့ပြောဆိုကြပါတယ်။ သူ့ရဲ့မိဘအရင်းလိုဖြစ်နေတဲ့ဗိုလ်ချုပ်ကြီးနေ၀င်းမိသားစုအပေါ်သူ့ရဲ့ရက်စက်မှုဟာ အခုသူပြန်ခံလိုက်ရတာ လို့ပြောကြပါတယ်။ အမှန်တကယ်တော့ ဦးခင်ညွန့်ဟာ အစကတည်းက ရည်ရွယ်ချက် ကြီးကြီးမားမား ထားသူဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ယုံကြည်မှုကို တည်ဆောက်ဖို့အတွက် သူ့ရဲ့အာဏာပါဝါနဲ့ ဖြုတ်သင့်သူဖြုတ်၊ ထုတ်သင့်သူထုတ်၊ လုပ်သင့်တာ လုပ်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာအစိုးရတစ်ဖွဲ့လုံးက ဦးခင်ညွန့်ကို ရွံကြောက်ကြီးဖြစ်ပြီး အခွင့်သာတာနဲ့ ကိုင်လိုက်မယ်ဆိုပြီး ၀ိုင်းကိုင်လိုက်တာပဲ ဖြစ်ပါတယ်။   

ဦးခင်ညွန့်ကိုဆက်ထားရင်စစ်တပ်ပြိုကွဲတော့မယ်ဆိုပြီး ထောက်လှမ်းရေးတွေရဲ့ အခွင့်ထူးခံဖြစ်ရပ်တွေနဲ့ ဆက်စပ်ပြီး ကိုင်ထုတ်လိုက်တာဖြစ်ပါတယ်။ ဘယ်သူမှ ထင်မှတ်မထားတဲ့လုပ်ရပ်တစ်ခုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလုပ်ပြလိုက်တာပါ။ လည်လွန်းတဲ့ဘီး မစင်သင့် ဆိုသလိုပါပဲ… အတ္တလွန်ကဲနေတဲ့ ဦးခင်ညွန့်ကို မင်းမရှိလဲဖြစ်ပါတယ် ဆိုပြီးပြလိုက်တာပါပဲ။ တကယ်တော့ ဦးခင်ညွန့်ရဲ့ လုပ်ရည်ကိုင်ရည်ဟာတော်တဲ့ အတန်းအစားထဲမှာပါပါတယ်။ လူညံ့တစ်ယောက်တော့မဟုတ်ပါဘူး။ 
 
ဦးခင်ညွန့်ဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာပြီးတဲ့နောက်မှာ နိုင်ငံရေးလုပ်မယ်ဆိုတဲ့စကား လုံးဝမပြောခဲ့ပါဘူး။နိုင်ငံရေးလုပ်မယ်လို့အသံထွက်လိုက်ရင်အာဏာပိုင်တွေအနေနဲ့သူ့ကိုစောင့်ကြည့်
 တော့မယ်ဆိုတာသူသိပြီးသားမို့ စိတ်ထဲမှာရှိတာကိုရှိတဲ့ အတိုင်းမပြောခဲ့ပါဘူး။ ဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်း စုကြည် တို့ကိုချီးမွမ်းတဲ့ စကားတွေသာ တွင်တွင်ပြောခဲ့ပါတယ်။ ဒါဟာသူ့ရဲ့လိမ္မာပါးနပ်မှုတွေထဲက တစ်ခုပါပဲ။ နိုင်ငံရေးမလုပ်ဘူးလို့ ပါးစပ်ကပြောပေမယ့် ထောင်ကထွက်ထွက်ချင်းမှာပဲ မီဒီယာတွေနဲ့တွေ့တယ်။ နောက်သိပ်မကြာခင်မှာသူ့ရဲ့ဇာတိမြေဖြစ်တဲ့ သံလျင်ကျောက်တန်းမှာရွှေမှော်ဝန်း လူမှုရေးဖောင်ဒေးရှင်း တစ်ခုဖွဲ့စည်းပြီးအောက်ခြေလူထုနဲ့ စတင် ထိတွေ့ခဲ့တာပါပဲ။ 

အခုတလောမှာပန်းချီပြခန်း၊ ကော်ဖီကော်နာနဲ့ အမှတ်တရ ပစ္စည်းဆိုင်ခန်းတွေ ဖွင့်တာဟာလဲ ရန်ကုန်လူထုနဲ့ ချိတ်ဆက်မှုရယူပြီး ၂၀၁၅ အတွက်ကြိုတင် ပြင်ဆင်လိုက်တာဖြစ်ပါတယ်။
တလောကဘဲ အမျိုးသားနိုင်ငံရေးဘဲ လုပ်တော့မယ်ဆိုပြီး ဂျာနယ်တစ်စောင်ကို ပြောလိုက်လို့ နိုင်ငံရေးလောကမှာ အုံးအုံးကျွက်ကျွက် ဖြစ်ခဲ့ပါသေးတယ်။ 

ရှင်းရှင်းပြောရရင်သူ့လို နိုင်ငံရေးသမားတွေကို နှိပ်ကွပ်ခဲ့တဲ့သူလို လူတစ်ယောက် နိုင်ငံရေးလောကထဲကို ၀င်လာတာ ဘယ်သူမှ မလိုလားပါဘူး။ နောက်တစ်ခုက နိုင်ငံခြား သတင်းထောက်တစ်ယောက်နဲ့ အင်တာဗျူးတစ်ခုမှာ ဒီပဲယင်း အရေးအခင်းမှာ ယခင်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ကြိုးစားချိန်မှာ သူကကယ်တင်ရှင်အနေနဲ့ လုပ်ဆောင် ခဲ့တဲ့ပုံစံမျိုးပြောကြားခဲ့လို့သတင်းလောကမှာအုတ်အော်သောင်းနင်းဖြစ်ခဲ့ပါသေးတယ်။ ယခင်နအဖအစိုးရ ကိုအပစ်ပုံချပြီးနာမယ်ကောင်းလိုချင်တဲ့သဘောလားတော့မသိပါ။ နောက်မှအဲဒီစကားကိုသူပြောတာ မဟုတ် ပါဘူးဆိုပြီး အတင်းပြန်ဖြေရှင်း ရပါသေးတယ်။

သူ့အနေနဲ့ အစိုးရအဖွဲ့မှာလုပ်ကိုင်တုန်းက လာဘ်မစားဘူး၊ စီးပွားရေးသမားတွေနဲ့ပူးပေါင်း ပြီးကြီးပွားအောင်မလုပ်ခဲ့ဘူးလို့ ပါးစပ်ကပြောနေပေမယ့် လက်ရှိနေထိုင်တဲ့ တိုက်အိမ်ခြံကြီးနဲ့ ပိုင်ဆိုင်မှုဟာ ဦးခင်ညွန့် တာဝန်ထမ်းဆောင်စဉ်တုန်းက ရတဲ့ပုံမှန်လစာနဲ့ မဆောက်နိုင်တာတော့အမှန်ပါပဲ။ ဦးခင်ညွန့်အနေနဲ့ ထောက်လှမ်းရေးမှူးချုပ် တာဝန်ထမ်းဆောင်တုန်းက နိုင်ငံရေးလှုပ်ရှားသူတွေ ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခံခဲ့ ရတယ်။သူတို့ရဲ့မိသားစုတွေဘ၀ပျက်ခဲ့ကြတယ်။ အစိုးရအဖွဲ့မှာ ရာထူးကြီးကြီးနဲ့ရှိနေတုန်းကလဲ မလိုရင် မလိုသလို ဖြုတ်ထုတ်ခဲ့တာတွေကြောင့် ခံလိုက်ရတဲ့ ၀န်ထမ်းမိသားစုတွေကတော့ ဦးခင်ညွန့်ကိုမြင်တာနဲ့ နာကျည်းစိတ်၊ ဒေါသစိတ်ဖြစ်နေကြမှာပါ။

အရှင်းဆုံးပြောရရင် ဦးခင်ညွန့်ကိုထောက်ခံသူတွေထက် နာကျည်းမုန်းတီးသူတွေက ပိုများ ပါတယ်။ ဒါကိုလဲဦးခင်ညွန့်သိပါတယ်။ သိလို့လဲ ပါးစပ်ကနိုင်ငံရေးမလုပ်ဖူးလို့ပြောပြီး ၂၀၁၅မှာ နိုင်ငံရေး လောကထဲဝင်ရောက်ဖို့ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတာပဲဖြစ်ပါတယ်။သူ့ရဲ့ပိုင်ဆိုင်မှုဟာတစ်သက်တာစားလို့ မကုန်နိုင်ပေမယ့် သူရဲ့အပြောလေးကချိုသာလှပါတယ်။ ဘဘ..အနေနဲ့ ချမ်းသာတဲ့သူမဟုတ်ပါဘူး။ ပန်းရောင်းပြီးဘ၀ကိုရုန်းကန် နေရပါတယ်။ လူမှုရေးလုပ်ငန်းတွေပဲလုပ်မှာပါလို့ ချိုချိုသာသာပြောပြီး လူကြားထဲဝင်လာနေတာဖြစ်ပါတယ်။ လက်ရှိဖွင့်ထားတဲ့ဆိုင်ခန်းနဲ့ပြခန်းတွေဟာ  အနည်းဆုံးသိန်းထောင်နဲ့ ချီပြီး တန်ပါတယ်။

လောကဓမ္မတာအရပြောရရင် ဦးခင်ညွန့်ကြောင့် ခံလိုက်ရတဲ့သူတွေ၊ သူတို့နဲ့ဆက်စပ်နေတဲ့ မိသားစုတွေရဲ့ ရင်ထဲမှာတော့ ဦးခင်ညွန့်ဟာ နာကျည်းစရာ၊ မုန်းတီးစရာ၊ စက်ဆုပ်စရာဖြစ်နေမှာပါ။ အခုလဲ ထောင်ကထွက်ကြတာချင်းအတူတူ ဦးခင်ညွန့်ကတော့ ဇိမ်ကျကျနေနိုင်စားနိုင်ပြီး ကျန်တဲ့မိသားစုတွေက နေစရာမရှိ၊ စားစရာမရှိဘ၀ဖြစ်နေပါတယ်။ ဘ၀ချင်းကွာခြားလွန်းတာကြောင့် ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ဦးခင်ညွန့်ရုပ်ပုံမြင်တာနဲ့ကိုဒေါသတွေအလိပ်လိုက်ထွက်ရတယ်လို့ပြောနေကြပါတယ်။

 ထောက်လှမ်းရေး ညွှန်မှူး၊ အတွင်းရေးမှူး (၁)နဲ့ ဝန်ကြီးချုပ်တာဝန်တွေကိုယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ သြဇာ အရှိန်အဝါကြီးထွားခဲ့သူ တစ်ဦးဖြစ်ခဲ့ပြီး သူ့လက်ထက်မှာ ရာထောင်ချီတဲ့ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ရဟန်းသံဃာတွေကို အာဏာအလွဲသုံးစား လုပ်ပြီး လက်လွတ်စပယ် အကျဉ်းထောင်တွေထဲ ပို့ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့လည်း နာမည်ကျော်ကြားသူဖြစ်ပါတယ်။ အဲဒီလို ယုံကြည်ချက်နဲ့ လှုပ်ရှားနေတဲ့ သူတွေကို ဖမ်းဆီးနှိပ်စက်ပြီးနှစ်ရှည် ထောင်ဒဏ်တွေချ၊ နှိပ်ကွပ်တာတွေကြောင့် အကျဉ်းကျနေသူတွေဟာ မိသားစုတွေနဲ့ သေကွဲကွဲသူတွေ၊ ရှင်ကွဲကွဲသူတွေ၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုရေးစတဲ့ ကဏ္ဍအသီးသီးမှာ နည်းအမျိုးမျိုး ထိခိုက်ပျက်စီးမှုတွေကို ခါးစည်းခံခဲ့ကြရပါတယ်။ ဒါကြောင့်လဲ ဦးခင်ညွန့်ရဲ့ လက်ရှိနေထိုင်ရတဲ့ဘ၀နဲ့သူတို့ရဲ့ဘ၀တွေကွာခြားနေတာကို ဦးခင်ညွန့်ကတော့…… နတ်ဘုံနတ်နန်းမှာ သူတို့ကတော့အ၀ီစိမှာလို့ နှိုင်းယှဉ်ပြောဆို နေကြပါတယ်။

        ဒီဆိုင်ကို ဖွင့်လိုက်တဲ့ ရည်ရွယ်ချက်ဟာ လူထုနဲ့ပြန်ပြီး ထိတွေ့ပြီး နိုင်ငံရေး လောကထဲကို ဝင်ဖို့မဟုတ်ဘူးလို့တော့ ဦးခင်ညွန့်က ပြောပေမယ့် ဝေဖန်သူ တချို့ကတော့ ဒီဆိုင်ကို ဘန်းပြပြီး ပြည်တွင်း ပြည်ပထောက်လှမ်းရေးကွန်ရက်တွေနဲ့ ဆက်သွယ်ဖို့ အတွက် လွယ်ကူအောင် ပြုလုပ်တာလို့ ပြောဆိုနေကြ တာတွေလည်းရှိပါတယ်။ဒါကြောင့်မို့လာမဲ့ ၂၀၁၅ခုနှစ်မှာတော့ နေရာတစ်ခုခုကို မရ ရအောင်ယူမှသေချာ ပါတယ်။ ပါးစပ်ကနိုင်ငံရေး မလုပ်ဖူးဆိုပေမယ့် ရင်ထဲမှာတော့ နာကျည်းချက်တွေပြည့်နေတာမို့ သူလဲ၂၀၁၅ ကိုမျှော်မှန်းထားမယ်ထင်ပါတယ်။ နောက်တစ်ချက်ကလဲလူမှုရေးလုပ်ငန်းတွေမှာ ကျော်ကြားထင်ရှားလူသိ များတဲ့ကျော်သူနဲ့ဦးခင်ညွန့်ရဲ့သားရဲနိုင်ဝင်းတို့ဟာငယ်သူငယ်ချင်းတွေဖြစ်တာမို့ ကျော်သူရဲ့ အသိုင်းအ၀န်း ဟာ ဦးခင်ညွန့်အသိုင်းအ၀ိုင်းဖြစ်လာနိုင်ပါတယ်။

ဒီကနေ့ ခရိုနီတွေလို့ သိထားတဲ့စီးပွားရေးသမားအများစုဟာလဲ တစ်ချိန်တုန်းက ဦးခင်ညွန့်ရဲ့ မြေတောင်မြှောက်ပေးမှုတွေကြောင့်ကြီးပွားချမ်းသာနေသူဖြစ်လို့ ၂၀၁၅ မှာ ဦးခင်ညွန့်ဘက်တော်သားတွေ ဖြစ်မလာနိုင်ဘူးလို့မပြောနိုင်ပါဘူး။ ဒါကလက်တွေ့ကျတဲ့အဖြစ်မှန်တွေပါပဲ။ သမ္မတကြီးဦးသိန်းစိန်တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ်မှာအကောင်းမြင်စိတ်နဲ့ပြောဆိုနေတာတွေဟာလဲ တကယ်ရင်ထဲကပါတာ ဟုတ်ရဲ့လား၊ ဒါမှမဟုတ်ဒါဟာလဲ ၂၀၁၅ခုနှစ်အတွက် ပြင်ဆင်နေတဲ့ အစိတ်အပိုင်းတစ်ခုလားဆိုတာတော့ ဦးခင်ညွန့်ကလွှဲလို့ ဘယ်သူမှမသိနိုင်ပါဘူး။ 
တိတိကျကျပြောနိုင်တာ တစ်ခုကတော့ ၂၀၁၅ခုနှစ်မှာ မြန်မာ့ဒီမိုကရေစီပွဲကြီးပွဲကောင်းနှစ် ဖြစ်လာမယ်ဆိုတာတော့ သေချာပါကြောင်း…
တင်ပြလိုက်ပါတယ်။

ထိန်လင်း