ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာပြည်ကလာတဲ့စာ... (တောင်ဒဂုံက မောင်ယုံရဲ့ အပီထိုင်ခိုးမယ့် ပြည်ခိုင်ဖြိုးနဲ့ ငြုပ်သီးဖတ်ကို အဟုတ်ကြီး မှတ်ခဲ့တဲ့အဖြစ်)

အပီထိုင်ခိုးမယ့် ပြည်ခိုင်ဖြိုး ..

ကမ္ဘာကမသိသေးတဲ့ မြန်မာဒုက္ခသည်များ

ရခိုင်ပြည်နယ်က ရေဘေးဒုက္ခသည်တွေကို တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးက သိကြတယ်။ အဲ့..ဒါပေမဲ့ဗျာ့၊ လူတွေသိပ်မသိသေးတဲ့ ရေဘေးဒုက္ခသည် တွေလည်း ရှိသေးသဗျာ့၊ ကျွန်တော်က တောင်ဒဂုံကဆိုတော့ တောင်ဒဂုံအနေနဲ့ပြောရတာပေါ့ဗျာ၊ အဲ့ဒါက ဒီလိုဗျ၊ ကြံဖွတ်တွေလေ၊ မဲဆွယ်ဖို့လား၊ စည်းရုံးဖို့လားမသိသေးဘူး၊ ကြိုတင်အကြံထုတ်တာလား၊ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကပေါ့၊ ငမိုးရိပ်ကနေ ရေပေးမယ်လို့ပြောပြီး ရေလိုချင်တဲ့အိမ်တွေကနေ တစ်အိမ်ကို တစ်သိန်းခွဲပေးခဲ့ရတယ်။ ရေသွယ်ပြီးတော့၊ အစတစ်လလောက် မှန်နေတော့။ ရေရောင်းတဲ့အိမ်တွေကလည်း သူမှာရှိတဲ့ ရေပိုက်တွေကို ရသမျှနဲ့ ရောင်းထုတ်လိုက်တာပေါ့ .. (ရေတွေလာပြီဆိုတော့ သူတို့ရဲ့ ရေရောင်းဖို့ကလည်း အိမ်တွေမရှိတော့ဘူးထင်ကြတာပေါ့လေ)။

ဒါပေမဲ့ဗျာ…. သူတို့ထင်တာလွဲသွားတယ်။ ရေတွေမှန်တာက အစတစ်လလောက်သာ နောက်ပိုင်းတော့ ရေတွေမရတော့ဘူး။ မမှန်တော့ဘူးပေါ့ဗျာ။ ဒီတော့ ကြံဖွတ်ကပေးတဲ့ရေလည်းမရ၊ ဟိုးအရင်က ရေကို တစ်ရာ၊ တစ်ရာ့ငါးဆယ်ကျပ်ပေးရင် အိမ်တိုင်ရာရောက် လိုက်ရေထည့်ပေးတဲ့ ရေရောင်းတဲ့သူတွေကလည်း ကြံဖွတ်ကို ယုံကြည်ကာ သူတို့ရေပိုက်တွေ အကုန်ရောင်းပစ်လိုက်တော့ သူတို့ဆီကလည်း ရေတွေမရတော့ဘူး “မြွေပါလည်းဆုံး သားလည်းဆုံး” ရတာပေါ့ဗျာ။ နောက်ပြီးတော့ တောင်ဒဂုံကလမ်းတွေက အရင်တုန်းက ကတ္တရာလမ်းတွေလေ.. အထင်မကြီးနဲ့ဗျ ဖိနပ်နဲ့ရွံ့တွေနဲ့ ကပ်ကပ်နေလို့ ကြံဖွတ်က ကွန်ကရစ်လမ်းတွေကို အလကားခင်းပေးမယ်လို့ ရန်ကုန်မြို့ဝန်ကပြောတယ်ဗျ၊ တကယ်တန်း လမ်းတွေကို ကွန်ကရစ်လမ်းတွေ ခင်းတဲ့အခါမှာတော့ တစ်အိမ်ကိုအနည်းဆုံး ခြောက်သောင်း၊ ခုနှစ်သောင်းပေးရတယ်၊ ရွေးကောက်ပွဲမတိုင်ခင်က မဲဆွယ်တာပေါ့ဗျာ၊ အခုလည်းလမ်းတွေက လမ်းကော်မတီတွေဖွဲ့ ပိုက်ဆံတွေကောက်ပြီး တို့လို့တန်းလန်းကြီး ဖြစ်နေတာပေါ့၊ အော်…ဒါနဲ့…ကြံဖွတ်က အခုခင်းပေးထားတဲ့ အချို့လမ်းတွေကဆိုရင် အက်ကွဲလာပြီ၊ အပေါ်ယံတွေ ခင်းသွားတာပေါ့ဗျာ၊ ပြီးတော့ လမ်းတွေ ခင်းပေးတုန်းကလည်း ပေ၁၀၀’’ ကို ဘိလပ်မြေအိတ် ၁၀၀နှုန်းနဲ့ ချပေးမယ်တဲ့၊ တကယ်တမ်း လာခင်းတော့ ဘိလပ်မြေအိတ် ၈၀ပဲရောက်လာတယ်။ ကြားထဲက အိတ်နှစ်ဆယ်က ဘယ်ရောက်သွားလဲ မသိဘူး၊ ကြံဖွတ်က တော်တော်စွမ်းတယ်ဗျ၊ ပစ္စလက်နည်းတွေ တက်တယ်လေ၊ တကယ်ဗျ၊ နောက်ပြီး ကြံဖွတ်က ပစ္စလက်နည်းတွေကို သုံးပြီး ရွေးကောက်ပွဲမှာ မဲတွေကို ပစ္စလက်နည်း သုံးခဲ့လားမသိဘူးဗျာ။

နောက်တစ်ခုကြတော့၊ မှတ်ပုံတင်ကိစ္စပါ၊ အသက်၁၈နှစ်ပြည့်သူတိုင်းကို မဲထည့်လို့ရအောင် မှတ်ပုံတင်တွေကို ရွေးကောက်ပွဲအမှီ အခမဲ့ပြုလုပ်ပေးမယ်လို့ ပြည်ခိုင်ဖြိုးကပြောပါတယ်။ မှတ်ပုံတင်ရလာအခါမှာကျတော့ ပြည်ခိုင်ဖြိုးကို ၃၀၀၀၊ ၅၀၀၀ကျပ်ပေးရတယ်၊ ဒီတော့ “အပီထိုင်ခိုး၊ ပြည်ခိုင်ဖြိုး” တွေဟာ တောင်ဒဂုံမှာ ပြည်သူတွေကို ချယ်လှယ်စိုးမိုး ဂုတ်သွေးစုတ်နေတာ ကြာခဲ့ရင်းနဲ့ “ပုဂံခေတ်က ကျားကြီး၊ ၀က်ကြီး၊ ရှုးပျံကြီး၊ ဗူးကြီး။ အခုခေတ်က ကြံကြီး၊ ဖွတ်ကြီး၊ သူခိုးကြီး၊ ခြင်္သေ့ကြီးရန်က ကင်းဝေအောင်” ပျုစောထီးလို သူရဲကောင်းများကို စောင့်မျှော်လျက်………..။ ။

တောင်ဒဂုံက မောင်ယုံ

ဝိုင်းစုခိုင်သိန်း၏နိမိတ်

ကျုပ်က တောင်ဒဂုံကပါ။ ၂၀၁၀ရွေးကောက်ပွဲနဲ့ပတ်သတ်လို့ ရင်ဖွင့်ချင်လို့ပါ။ ဒီလိုပါ.... ၁၉၉၀ရွေးကောက်ပွဲတုန်းက ဗိုလ်စောမောင်က အနိုင်ရတဲ့ပါတီကို အာဏာလွဲပေးပြီး စစ်တန်းလျားပြန်မယ်လို့ ကမ္ဘာတစ်ခွင်လုံးသိအောင် ပြောခဲ့ပါတယ်။ ကတိတွေပေးခဲ့ပေမဲ့ တကယ်ကျတော့ ဗိုလ်စောမောင်ဟာ စစ်တန်းလျားကို မပြန်ဘဲ ဝေ့လည်ကြောင်ပတ်လုပ်သွားရင်း အ၀ီစိကိုလားခဲ့ရပါတယ်။

ဟော…. ၂၀၁၀ရွေးကောက်ပွဲကြီးလာပြန်ပြီ။ ဗိုလ်ချုပ်သန်းရွှေပြောတဲ့ သူရဲ့ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲကြီးတဲ့။ ဒါပေမဲ့ “ညနိုင်,နေ့ရှုံး၊ ကြိုတင်မဲကိုသုံး၊ နအဖရဲ့ထုံး” ကျွန်တော်သိရသလောက်တော့ တောင်ဒဂုံမှာ NDFပါတီရဲ့ ခမောက်နိုင်တယ်လို့ သိရတယ်၊ ဒါပေမဲ့ သတင်းထုတ်ပြန်တဲ့အခါမှာ ကျတော့ “အပီထိုင်ခိုး၊ ပြည်ခိုင်ဖြိုး” ရဲ့ ကြံဖွတ်ပါတီဟာ အနိုင်ရသွားပါတယ်။ ကျွန်တော်တို့တွေကလည်း ငြုပ်သီးဖတ်ကို အဟုတ်ထင်ကြီး မှတ်ခဲ့တာကိုး။ အနှစ်၂၁အတွင်း န၀တ၊ နအဖရဲ့စကားတွေ၊ ကတိတွေယုံခဲ့မိတာကိုး။ တော်ပါပြီဗျာ နောက်များတော့ စစ်အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲကို ဝေးဝေးကရှောင်တော့မယ်။ ဒီလိုနဲ့ စိတ်ညစ်ညစ်နဲ့ လက်ဖက်ရည်ဆိုင်ကို ရောက်တော့ ၀ိုင်းစုခိုင်သိန်းရဲ့ သီချင်းနဲ့တန်းတိုးတယ်ဗျာ၊ သီချင်းစာသားက “မင်းပေးတဲ့ကတိတွေ မင်းပြောတဲ့စကားတွေ ယုံစားမိလို့မှားပြီနော် .” ကဲဗျာ ကြည့် နအဖရဲ့ ကတိတွေ၊ စကားတွေဟာ ၀ိုင်းစုခိုင်သိန်းရဲ့နိမိတ်လို့ထင်ရတဲ့ သီချင်းနဲ့တိုင်းတိုးတော့ ဟတ်ပါထိသွားတယ်ဗျာ။ ကြိုတင်နိမိတ်တွေပေါ့ဗျာ။ အခုတော့ နအဖက “ခြင်္သေ့အိုကြီးက ၀က်ကြီး(တရုတ်)နဲ့ မျောက်ကြီး(မြောက်ကိုရီးယား) အားကိုးပြီး ပြည်သူတွေကို လက်နက်အားနဲ့ အနိုင်ကျင့်တော့မှာ” ဒါကြောင့် မြန်မာပြည်သူတွေအတွက်???????

တောင်ဒဂုံက မောင်ယုံ
ပေးပို့လာတဲ့ တောင်ဒဂုံမှ မောင်ယုံအား ကျေးဇူးတင်ပါသည်...။