ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်ရောက်ဒီမိုကရေစီ လှုပ်ရှားသူများမှ ထောက်ခံကြိုဆို ဂုဏ်ပြုပွဲ အခမ်းအနား..

ဓာတ်ပုံ ဦးသန်းဝင်း၊ ဒီမိုဝေယံ

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်ရောက်ဒီမိုကရေစီ လှုပ်ရှားသူများမှ ထောက်ခံကြိုဆို ဂုဏ်ပြုပွဲ အခမ်းအနား...

တိုကျို၊ နိုဝင်ဘာ(၂၃)
သတင်းရေးသား-သန့်မျိုးထွေး(မိုးသောက်ကြယ်)

၂၀၀၃ခုနှစ် မေလ ၃၀ရက်နေ့ ဒီပဲယင်း နိုင်ငံတော် လုပ်ကြံ့မှုကြီး အပြီး ၇ နှစ်နှင့် ၆ လာကြာ နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံရပြီး ပြီးခဲတဲ့ နိုဝင်ဘာလ ၁၃ရက်နေ့က ပြန်လည် လွတ်မြောက် လာခဲ့ပြီး ဖြစ်သော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှား ဆောင်ရွက်နေသူများက ကြိုဆိုပွဲတရပ်ကျင်းပ၍ ပြည်သူလူထု၏ ခေါင်းဆောင်အဖြစ် ထပ်မံအတည်ပြု ထောက်ခံလိုက်ကြသည်။

တိုကျိုမြို့ ရှီဘူယရပ်ကွက်၌ရှိသော ကုလသမဂ္ဂအဆောက်အဦး အရှေ့တွင် ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်သော ထောက်ခံကြိုဆိုပွဲသို့ ဂျပန်ရောက်မြန်မာနိုင်ငံသား တစ်ရာ့ရှစ်ဆယ်ကျော် တက်ရောက်အတည်ပြု ထောက်ခံကြိုဆိုခဲ့ကြပြီး မကြာသေးမှီက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်အပြီးတွင် လူအများက သူမကိုသာ မေးမြန်းနေကြ၍ သူမကသာ ပြောဆိုနေရပြီး လူအများ၏စကားကိုလည်း ပြန်လည်ကြားလိုကြောင်း ပြောဆိုထားခဲ့သောကြောင့် ကြိုဆိုလှုပ်ရှားသူများက မှတ်စုစာအုပ်ငယ်များတွင် ပြည်သူလူထုမှ လူထုခေါင်းဆောင်သို့ဟု အဓိပ္ပါယ်ရသည့် လူအများမှ ဒေါ်အောင်ဆန်းစုကြည်သို့ ပြောကြားလိုသော ရင်တွင်းဆန္ဒစကားများ ကောက်ယူစုစည်းမှုတရပ်ကို လှုပ်ရှားမှု လုပ်ခဲ့ကြောင်း တွေ့ရပါသည်။

ထောက်ခံလှုပ်ရှားမှုနှင့် ပါတ်သတ်၍ ``ဘာကြောင့် ထောက်ခံရသလဲဆိုသော် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အနစ်နာခံပြီးတော့ ကြိုးပမ်းဆောင်ရွက်မယ်ဆိုတဲ့ အနေအထားဟာ ထိမ်းသိမ်းခြင်း ခံရပြီးတဲ့နောက်မှာဆို ပိုပြီးတော့ကို တွေ့လာရပါတယ်၊ အဲ့ဒိအခါ ပိုပြီးအားတက်ရပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်မှသာလျှင် မြန်မာ့ဒီမိုကရေစီအရေးဟာ ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ အောင်မြင်မှာ ဖြစ်ပါတယ်၊ စနစ်ကျမှာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့က ကြိုဆို ထောက်ခံရခြင်းဖြစ်ပါတယ်´´ဟု စီစဉ်ဆောင်ရွက်ခဲ့သည့် ၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ၏ အဖွဲ့ဝင်တဦးဖြစ်သည့် ဦးလွင်အောင်စိုးကရှင်းပြသည်။

၂၀၁၀ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (2010 Election Boycott Committee-japan) မှာ နအဖစစ်အစိုးရက ယခုလဆန်းပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကို လက်မခံ အယုံအကြည် မရှိဟုဆိုကာ ဆန့်ကျင်ကန့်ကွက် လှုပ်ရှားရေးအတွက် ဂျပန်ရှိဒီမိုကရေစီ အဖွဲ့အစည်းများမှ အဖွဲ့ဝင်များညီညွတ်စွာ ပူးပေါင်းပါဝင် ဖွဲ့စည်းထားသည့် အဖွဲ့တခုဖြစ်ပြီး ရွေးကောက်ပွဲပြီးသည့်တိုင် အဖွဲ့ကိုမဖျက်ဘဲ ဆက်လက်ဖွဲ့စည်း၍ ဒီမိုကရေစီအရေးအတွက် တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသော အဖွဲ့တခုဖြစ်ပါသည်။

ကြိုဆိုထောက်ခံသော ဆန္ဒစကားများ ကောက်ခံရယူမှုတွင် ဂျပန်လူမျိုး(၄၅)ဦးက ၄င်းတို့ယုံကြည်လေးစားသော နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ၀မ်းမြောက်ဝမ်းသာကြိုဆိုထောက်ခံကြောင်း၊ မြန်မာ့နိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီစနစ် အမြန်ဆုံးပေါ်ပေါက်ပြီး လူအခွင့်အရေး အပြည့်အ၀ရှိသော ငြိမ်းချမ်းသော တိုင်းပြည်တခုကို တည်ဆောက် နိုင်ပါစေကြာင်း၊ ဂျပန်ရောက် မြန်မာ့လူမျိုးများနှင့် ဆန္ဒတထပ်တည်းဖြစ်ကြောင်း အားပါးတရ ပါဝင်ရေးသားခဲ့ကြပြီး ယနေ့စုစည်းရရှိခဲ့သော ဂျပန်နှင့်မြန်မာ ဆန္ဒစကားများကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ဝယ်အရောက် ပေးပို့သွားမည်ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ မလေးလေး(တိုကျို)မှပြောပြသည်။

ဂျပန်သတင်းဋ္ဌာန ANN Newsနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမေးမြန်းမှုတွင် ဂျပန်ရောက် မြန်မာနိုင်ငံသားများအား ဒေါ်အောင်ဆန်းစုကြည်က ဘာ့ကြောင့် ကိုယ့်တိုင်းပြည်ကို စွန့်ခွာခဲ့ရကြောင်းနှင့် ကိုယ့်တိုင်းပြည်ကိုမမေ့ရန် မီဒီယာမှတဆင့် အမှာစကားပြောကြားခဲ့သည်။ အဆိုပါစကားအပေါ် ဦးလွင်အောင်စိုးက``အင်မတန်ကောင်းတဲ့မှာကြားချက်ပါ၊ ကျနော်တို့ကို ဘ၀မမေ့သွားအောင် ကျနော်တို့ကို ထိမ်းကြောင်းပေးတဲ့ စကားဖြစ်ပါတယ်၊ ဒီအတိုင်းပဲ ကျနော်တို့ ဂျပန်ရောက်နေလျှက်မှာပဲ မြန်မာ့ဒီမိုကရေစီအရေးအတွက် ကြိုးစားဆောင်ရွက်ရင်း မြန်မာဆိုတဲ့ဂုဏ်ကို ကြိုးစားထိန်းသိမ်းနေပါတယ်´´ဟု လူထုခေါင်းဆောင်၏ စကားကို လိုက်နာလျှက်ရှိကြောင်းပြောပြသည်။

ဒီအပြင် ဂျပန်ရှိ (၄၀)ကျော်သော အဖွဲ့အစည်းအသီးသီးမှ ထုတ်ပြန်ကြေငြာချက်များ၊ အမှာစကားများကို ပြောဆိုဖတ်ကြားခဲ့ကြပြီး အဆုံးပိတ်အဖြစ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ၂၀၀၃ ဒီပဲယင်းအရေးအခင်းအပြီးတွင် ထုတ်ဝေခဲ့သည့် လှောင်ချိုင့်ထဲက အမည်ရှိ တေးစီးရီးမှ ``ဒေါ်အောင်ဆန်းစုကြည်´´ သီချင်းကို PRMG တေးဂီတအဖွဲ့မှ ဦးဆောင်၍ တက်ရောက်လာသူများ တညီတညွတ်တည်း သီဆိုခဲ့ကြသည်။