ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မြန်မာပြည်ကလာတဲ့စာ...

“ကျွန်တော်သိသလောက်သာ”

ကျွန်တော်သိသလောက်သာ ဆိုပြီးရေးသားပေးပို့လာတဲ့ ကိုလျှက်တစ်ပြက်ရဲ့ မြန်မာပြည်ကလာတဲ့စာ ကိုဖော်ပြပေးလိုက်ပါတယ်..။

ဒီမိုကရေစီဆိုတာ ဘာလဲဆိုရင်… တိုင်းပြည်ကောင်းစားဖို့ပါ...။ အခုမြန်မာနိုင်ငံအခြေအနေက တိုင်းပြည်သယံဇာတတွေ ကြွယ်ဝလျှက်နဲ့ တိုးတက်မှု အရမ်းနောက်ကျနေတယ်။ ဆယ်နှစ် ၊ အနှစ် (၂၀)လောက်ကို နောက်ကျနေတာပါ။ ဘာလို့နောက်ကျရလဲဆိုရင် တိုင်းပြည်အုပ်ချုပ်တဲ့ သူတွေကိုပဲ အပြစ်တင်ရမှာပဲ ။ ဥပမာ - အိမ်ထောင်တစ်ခုမှာ အိမ်ထောင်ဦးစီးရှိတယ်ဆိုပါစို့။ သူဟာ အဲဒီ့ အိမ်ထောင်တစ်ခုလုံးမှာ အရေးပါတဲ့ သူပါ ။ အဲဒီအိမ်ထောင်ဦးစီးသာ ညံ့ဖျင်းနေရင် အဲဒီအိမ်ဟာလည်း တိုးတက်မှုရှိမှာ မဟုတ်ပါဘူး။ တိုးတက်မှုမရှိတဲ့အပြင် ဆုတ်ယုတ်လာမှာပါ။ ခေတ်ဆိုတာကတော့ အမြဲတိုးတက်နေတဲ့အတွက်သာ မြန်မာနိုင်ငံဆုတ်ယုတ်နေတာ မသိသာတာပါ ။ တကယ်အရေးပါတဲ့အရာတွေ မြန်မာနိုင်ငံမှာ ဘာမှမရှိပါဘူး ။

Satellite တွေလည်း ဌားတင်ထားရတာပါ ။ ကိုယ့်နိုင်ငံကထွက်သမျှတွေကိုလည်း သူများတိုင်းပြည်ကို ရောင်းလို့ ရသလောက်ရောင်းစားပါတယ်။ ရေအားလျှပ်စစ်ကို ရောင်းစားတာမျိုးကို ဆိုလိုချင်တာပါ။ ကိုယ့်တိုင်းပြည်မှာတောင် မီးမှန်မှန်မပေးနိုင်ဘဲ.. သူများတိုင်းပြည်ကိုရောင်းစားတယ်ဆိုတော့ဗျာ။ နည်းပညာ မတတ်နိုင်လို့လား ဆိုပြီးတော့ မေးစရာရှိပါတယ် ။ ဘယ်တတ်နိုင်မလဲ ကျောင်းသားတွေကို အားပေးတာမှ မဟုတ်တာ ။ တကယ်ဆို GTC တို့ IT တို့ လို ကျောင်းသားတွေ ၊ နိုင်ငံခြားပညာတော်သင် လွှတ်တာမျိုးကို လုပ်သင့်ပါတယ်။ အဲ့ဒါမှပဲ နည်းပညာလည်း တိုးတက်မှာပါ ။ စက်မှုလုပ်ငန်းတွေတိုးတက်မှာ တိုင်းပြည်လည်း တိုးတက်မှာဖြစ်ပါတယ်။ ရေကာတာမလုပ်နိုင်ရုံနဲ့ ကိုယ့်မြေကထွက်တဲ့ရေ ၊ သူများတိုင်းပြည် ရောင်းစားနေရတဲ့ အဖြစ်မျိုးပါ ။ အဲ့လိုပါပဲ ဆက်သွယ်ရေးဆိုတာလည်း ကောင်းကောင်း မလုပ်နိုင်ပါဘူး ။ တကယ်ဆို ပြည်သူတွေက အခွန်အခတွေ ပေးနေတာပါပဲ။ ဖုန်းပြောရင် ဖုန်းဘီလ်ဆောင်ရတယ်ဗျာ..။ ကားစီးရင် ကားခွန်ဆောင်ရတယ်ဗျာ။ ပြည်သူတွေကို ဘာတစ်ခုများ အလကားလုပ်ပေးလည်း … လမ်းတွေတောင် ကောင်းကောင်း မပြင်ပေးနိုင်ဘူး ။ ဘယ်မှာလည်း တိုးတက်ခေတ်မှီသော နိုင်ငံတော်သစ်ဆိုတာ …။

ခုခေတ်က အစိုးရ၀န်ထမ်းဆို ပိုကြောက်ရတဲ့ခေတ်ပါ။ ဥပမာ - လ.၀.က ရုံးသွားမလား ။ မှတ်ပုံတင်လုပ်တာ ပိုက်ဆံပေးရပါတယ်...။ ပိုက်ဆံလည်းပေးရသေးတယ် ။ သူတို့ ကထိုင်ဆိုထိုင် ၊ ထဆိုထ လက်ကလေးတွေပိုက်ပြီး … က.ည.န မှာ လိုင်စင်သက်တမ်း တိုးတုန်းကလည်း တစ်ခါတွေ့ရပါတယ်။ သက်တမ်းလာတိုးတဲ့ အဘိုးကြီးက အသက် (၆၀)လောက်ရှိမယ် ။ က.ည.န ဌာနမှူးကောင်မလေးက အသက်(၂၉) (၃၀)လောက်ပဲ ရှိဦးမယ် ။ အဘိုးကြီးက လက်ကလေးပိုက်ပြီး သူ့ရှေ့မှာ မတ်တပ်ရပ်နေတာ … ဗမာလူမျိုးတွေ ဖြစ်ပုံက တော်တော် သနားစရာကောင်းတယ် ။ ကိုယ်ကအခွန်အခ လာပေးရတာတောင် လက်ကလေးပိုက်လို့  ။ အဲ့လို အခွန်ပေးတဲ့ သူတောင် သူတို့ က ဟောက်စား၊ ခြောက်စား လုပ်နေကြတယ် ။ ဆေးရုံ ၊ ဆေးခန်းတွေမှာလည်း အဲ့လိုပါပဲ … အထွေအထူးပြောစရာလိုမယ် မထင်ပါဘူး ။ ကိုယ်မွေးမှ ကိုယ့်သမီး အရွယ်တောင်မရှိဘူး ။ ပိုက်ဆံပေးပြီး လုပ်ရတာကိုတောင် ဘာကိုလက်ပိုက်စရာလိုလဲ ။ မြန်မာလူမျိုးတွေ အဲဒီအကျင့်တွေ ပြင်ပါ... အစိုးရ၀န်ထမ်းတွေ အဆိုးဆုံးပါပဲ ။ စစ်တပ်ကဆို ဒီထက်ဆိုးတာပေါ့..။ စစ်ဝတ်စုံဝတ်ပြီး အပွင့်တွေဘာတွေ ပါလာရင် ပိုဆိုးပေါ့.. ဘယ်သူမှ လူမထင်တော့တဲ့ ခေတ်...။ အဓိကပြောချင်တာကတော့ ဒီမိုကရေစီရယူဖို့ ပါပဲ ။

ကျွန်တော့်အမြင်ပြောရရင် … အင်တာနက်ထဲကနေ ဟိုအော် ၊ဒီအော် လုပ်နေတာထက် ဒီမိုကရေစီ ရဖို့ ဘာက အဓိကကျသလဲဆိုတာ စဉ်းစားသင့်ပါတယ် ။ ခင်ဗျားတို့ ကွန်ပြူတာရှေ့မှာ ထိုင်နေရုံနဲ့ ဒီမိုကရေစီမရ လာနိုင်ပါဘူး။ မြို့နေလူတန်းစား အများစုက နိုင်ငံရေးအကြောင်း တော်တော်သိကြပါတယ်။ နိုင်ငံရေးအမြင်လည်း ရှိကြပါတယ် ။

ရေပေါ်ဆီ နိုင်ငံရေးသမားတွေလည်း အလွန်ပေါပါတယ် ။ အခုခေတ်က မီဒီယာခေတ်ဆိုတော့ သတင်းထောက်တွေက ဘာသတင်းဖြစ်ဖြစ် ၊ သူ့ထက်ငါ အရင်လိုချင်ကြပါတယ် ။ တစ်ချို့ သတင်းထောက်တွေဆို သတင်းမဖြစ် ၊ ဖြစ်အောင်တောင် သူ့ တို့ ဟာသူတို့ လုပ်ကြံ ဖန်တီးကြပါတယ် ။ ကဲ … ဘယ်နိုင်ငံရေးသမားက အစစ်လဲ။ ဘယ်နိုင်ငံရေးသမားက အတုယောင်လဲ.။ ငွေအတွက် လုပ်နေရင် … အဲဒါနိုင်ငံရေးသမား မဟုတ်ပါဘူး ။ နိုင်ငံရေးသမားအစစ်က ငွေအတွက်အလုပ် မလုပ်ဘူး။ ကျော်ကြားမှုအတွက် အလုပ်မလုပ်ဘူး.. တိုင်းပြည်ကောင်းစားစေချင်တာ တစ်ခုတည်းအတွက်ပဲ အလုပ်လုပ်ပါတယ် ။

ဘလော့(ဂ်) တော်တော်များများမှာ ကျော်ကြားခြင်းအတွက် လုပ်နေတာ ၊ တော်တော်လေးတွေ့ ရပါတယ် .။ ကျွန်တော် ဘယ်သူ့ကိုမှ မပုတ်ခတ်ပါဘူး ။ ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးသမား အစစ်လား ၊ အတုလားဆိုတာ ဆန်းစစ်ကြည့်ကြပါ ။ ခင်ဗျားတို့ ကိုဖမ်းမယ်ဆိုရင် ခင်ဗျားတို့ ထောင်ထဲဝင်ရဲလား။ ၀င်ရဲတယ်ဆိုရင် အဲ့ဒါနိုင်ငံရေးသမား အစစ်ပဲ ။ အဖေငယ်ငယ်က ပြောဖူးတဲ့စကားရှိပါတယ် ။ မင်းကောင်းစားဖို့လား .. မင်းမိသားစုကောင်းစားဖို့လား.. မင်းပတ်ဝန်းကျင်ကောင်းစားဖို့လား ..မင်းတိုင်းပြည်ကောင်းစားဖို့လား …ဆို တဲ့စကားလေးပါ ။ ကျွန်တော် ဘယ်သူကောင်းစားဖို့မှ မလုပ်ဖူးပါ။ အခုကျွန်တော့် တိုင်းပြည်ကောင်းစားဖို့ အတွက် လုပ်ချင်ပါတယ် ။ လူပီသချင်ပါတယ် ။ ကျွန်တော် ဘယ်ကနေ စလုပ်ရမလဲ ။ နောက်ဆုံးအနေနဲ့  … ဒီမိုကရေစီအတွက် လိုအပ်ချက်တစ်ခု ပြောချင်ပါတယ် ။

ကျွန်တော် လပွတ္တာဘက်ရောက်တုန်းက မြင်တွေ့ ခဲ့ရတဲ့  ရွေးကောက်ပွဲ အကြောင်းလေး ပြောချင်ပါတယ် ။ အိမ်ရှင် အဒေါ်ကြီးက မနက်၆နာရီ မထိုးသေးဘူး … မဲပေးမယ်ပြီး ရပ်ကွက်ရုံးကို သွားပါတယ်.. ။ သူမဲတော့ အရမ်းထည့်ချင်တယ် ။ ပြန်လာလို့ အန်တီဘယ်သူ့ကို မဲထည့်လာလဲလို့ မေးတော့ ….. ။ “ကောင်းကောင်းမသိဘူး “လို့ပြန်ဖြေပါတယ် ။ အမှန်တော့ခြစ်လိုက်တယ် ။ ဘယ်ပါတီ ၊ ဘယ်အဖွဲ့ အစည်းလဲဆိုတာ သူမသိခဲ့ဘူး ... ။ သူကောင်းကောင်း နားမလည်ခဲ့ဘူး ။ တိုင်းပြည်မှာ ဘယ်သူ အုပ်ချုပ်တယ် ဆိုတာတောင် သူသိချင်မှ သိမှာပါ ။

ဒီမိုကရေစီရဖို့ အတွက် တကယ်လိုအပ်နေတာ ရွာနေလူတန်းစားတွေနဲ့  အခြေခံလူတန်းစားတွေပါ ။ သူတို့တွေ နိုင်ငံရေးအကြောင်း ကောင်းကောင်းသိမှ ၊ ကောင်းကောင်းနားလည်မှ မြန်မာနိုင်ငံ ဒီမိုကရေစီ ရနိုင်မှာပါ ။ အဲလို့ နားလည်အောင်လည်း အဖွဲ့အစည်းတွေလုပ်၊ တစ်ရွာကို တစ်ယောက်နှုန်းလောက်နဲ့ နိုင်ငံရေးသမားတွေ စေလွှတ်ပြီး … နိုင်ငံရေးအကြောင်း ကောင်းကောင်း နားလည်အောင် ရှင်းပြ နိုင်ရမှာဖြစ်ပါတယ် ။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်စဉ်တုန်းက လိုမျိုးပါပဲ ။ အားလုံး…စည်းလုံးပြီဆိုမှသာ တစ်နိုင်ငံလုံး၊ တစ်မြို့ လုံးက ပြည်သူတွေ တစ်နေ့တည်း ၊တစ်ရက်တည်းမှာ စုပေါင်းလို့ အတူတကွ သပိတ်မှောက် ကြမည် ဆိုရင် … ။ Hope Fair။

မောင်လျှက်တစ်ပြက်...
မောင်လျှက်တစ်ပြက် ရေးသားပေးပို့လာတဲ့စာပါ..။ သူ့အမြင်ကို ရေးသားပေးပို့လာသလို စာဖတ်သူတို့ရဲ့ ကိုယ်ပိုင်အမြင်ကိုလည်း.. ရေးသားပေးစေလိုပါတယ်..။