ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အမေရိကန်ဒေါ်လာငွေ ဈေးကျဆင်းမှုဂယက် (၂) (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

အမေရိကန်ဒေါ်လာငွေ ဈေးကျဆင်းမှုဂယက် (၂) 
(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
အခုလို မြန်မာငွေတန်ဖိုး ကမောက်ကမ ဖြစ်လာပြီဆိုတော့ ပထမ ဆုံး ခေါင်းစားရမယ့် သူကတော့ သမ္မတကြီးရဲ့ အကြံပေးဆရာကြီး ဦးမြင့်ပါဘဲ။ ဆရာကြီးဦးမြင့်ကို အထူး ပန်ကြားလိုတာကတော့ ဆရာကြီးဟာ တိုင်းသူပြည်သားတွေ အတွက် တိုင်းသူပြည်သားတွေ အကျိုးကို အမှန်တကယ် ဦးထိပ်ထားပါတယ်ဆိုရင် အခုငွေကြေးရောဂါ ဖြစ်ရတဲ့အကြောင်းကို အရှိအတိုင်း ပြန်သုံးသပ်ပြီး ဆရာသမားဂုဏ်ရည်ကို ထောက်ထားပြီး အရှိကိုအရှိအတိုင်း ဘယ်သူမျက်နှာကိုမှ မထောက်ထားဘဲ ဆရာကြိးအမြင်ကို ရဲဝံ့စွာ ထုတ်ပြန်ပေးပါလို့ဘဲ အထူး ပန်ကြားပါတယ်ခင်ဗျာ။

ကျနော်ကတော့ မကြောက်တတ်သူဆိုတော့ အခုလိုအခြေအနေမျိုးမှာ ဓါးမိုးထားရင်တောင် အပြတ်ဘဲ။ တိုင်းပြည်အရေးဆိုရင် ပြတ်ပြတ်သားသား အမှန်အတိုင်းပြောထဲ့မှာ။ တစက်ကလေးမှ မကြောက်တတ်ပါ။ ဆရာကြီးအနေနဲ့လည်း စေတနာအပြည့်နဲ့ တင်ပြတာကိုမှ ဟိုဟာ မထည့်ပါနဲ့ ဒီဟာ ဖြုတ်ပေးပါတွေ လုပ်လာရင် အကြံပေးဘုတ်ကနေသာ နုတ်ထွက်ပစ်သည်အထိ ခပ်မာမာ လုပ်စေချင်ပါတယ်။ သူတို့အကြိုက် သူတို့ကို ထိမှာတွေ ဖြုတ်မှာ ထုတ်တာ လုပ်လာမှာအသေအချာပါ။ သူတို့မမှန်တာတွေ လုပ်ထားပြီး ဆရာကြီးကို ဖုံးဖိခိုင်းလာရင် ဆရာဂုဏ် သမားဂုဏ်ကို ထောက်ထားပြီး လုပ်မပေးပါနဲ့ တင်ပြပါတယ်ခင်ဗျာ။

နောက် မြန်မာ စီးပွားရေးမှာ ကျနော်တင်ပြခဲ့တဲ့ စတီးရွိုက် ကစားထားပြီး မြန်မာလူထု လက်ထဲက သဲ့ယူခဲ့တဲ့ငွေကြေး ပမာဏ ကိုလဲ ပြန် တွက်ချက်ပေးစေလိုပါတယ်။ ဒါဟာ တိုင်းပြည်အပေါ် စေတနာမဲ့ပြီး ပြည်သူလူထု လက်ထဲက ဓန ကို အသားလွတ် ရိတ်ယူတဲ့လုပ်ရပ်ပါ။ ဆရာကြီးက ဒီကိစ္စကို နှုတ်ဆိတ်နေရင် တချိန် ဒါဟာ အလွန်ဆူညံသော ကိစ္စကြီး အဖြစ်ပြန်လာမှာပါ။  ဆရာကြီးဒါကို ကျော်ပြီး ချန်ထားပြီးသုံးသပ်တာ လုပ်ခဲ့ရင် တိုင်းသူပြည်သားတွေအပေါ် သစ္စာဖေါက်တာအဖြစ် သစ္စာဖေါက်အဖြစ် သမိုင်းမှာ အမဲစွန်းထင် ကျန်ခဲ့ပါမယ်ဆိုတာလည်း အတိအလင်း သတိပေးလိုပါတယ်။ ဆရာကြီးသမိုင်းကို ဆရာကြီးရေးနေတာပါ။ ဒါကို ရေးခွင့် လေ့လာခွင့်မပြုရင် အကြံပေးဘုတ်ကနေ ကြိုတင်သာ နှုတ်ထွက်လိုက်တာ သမိုင်း မသေပါဘူး။

ဒီအသားလွတ် ရိတ်ယူထားတဲ့ငွေတွေ ဘယ်သူ့လက်ထဲမှာ ရှိနေတယ် တိုင်းပြည်အတွက် ပြန်ပေးအပ်ဖို့ ဘယ်လိုစီမံနိုင်မယ် စီမံသင့်တယ်ဆိုတာလဲ ဆရာကြီးတိုင်းပြည်အရေးကို ဦးထိပ်ထားရင် လုပ်ပေးမယ်။ ထည့်စဉ်းစားပေးမယ်လို့ မျှော်လင့်မိပါတယ်။ အဲဒီအတွက် ဆရာကြီးလို အတွေ့အကြုံ အလွန်ရင့်ကျက်သူ ဆရာကြီးတဆူကို ကျနော်အနေဖြင့် အကြံပြုတယ် မလုပ်သင့်လို့ ပန်ကြားမှု သာလုပ်ပါတယ်ခင်ဗျာ။ အောက်ပါတို့ကို မြန်မာနိုင်ငံသားများ ကိုယ်စား ပန်ကြားလိုပါတယ် ခင်ဗျာ။

(၁) အခုဖြစ်နေတဲ့ မြန်မာငွေ ပြန်ခိုင်မာလာသော်လည်း ငွေဖေါင်းဖွမှုက ၁၀-% ကျော်နေပါတယ်။ ငွေဖေါင်းပွမှု ထပ်ဆိုးဝါးမလာစေရန် အစိုးရရဲ့ ငွေစက္ကူရိုက်နှိပ်မှုကို TRANPARENCY ထင်သာမြင်သာ ထိန်းချုပ်မှု စံနစ်လေး လုပ်ထားပေးပါရန်။ ငွေစက္ကူထုတ်လုပ်မှုကို ဘုတ်အဖွဲဖြင့် အဘယ်မျှကို တိုင်းပြည်ကို အမြဲအသိပေး ထုတ်ပြန်ထားလျှင် ငွေကြေးလန့်မှု (SHOCK) မဖြစ်ပေါ်နိုင်ပါ။ မြန်မာငွေလဲ ပြည်တွင်း ပြည်သူလူထု၏ ယုံကြည်မှု ရရှိထားလျှင် ငွေကြေးဖေါင်းပွမှုကိုလည်း အထိုက်အလျှောက် အပြုသဘော ပြုပါသည်။

(၂) ၀န်ထမ်းအားလုံး ( စစ်သည် / ၀န်ထမ်း / ပင်စင်စား ) အားလုံးတို့၏ မိသားစု ၀င်ငွေနှင့် ထွက်ငွေ အနည်းဆုံး ရှိသင့်သည့် ပမာဏကို အမြန်ဆုံးလေ့လာပြီး အစိုးရနင့် ၀န်ထမ်းကြား သမမျှတသော ဖြစ်သင့်သော လစာတခု ကို တင်ပြပေးပါရန်။ ယခု မြန်မာနိုင်ငံ သမ္မတကြီး၏ လစာမှာ သိန်း- ၅၀- ယခင်ဈေး approximately (us $ 5000) ဖြစ်ပြီး ကျေးဇူးရှင်ပင်စင်စား ကျောင်းဆရာကြီးတဦး၏ ပင်စင်လစာမှာ- ကျပ်၁၀၀၀-(us $ 1) ခန့်သာရှိပါသည့် အတွက် သမ္မတကြီးလစာဖြင့် အချိုးချကြည့်ပါက အဆပေါင်း - ၅၀၀၀ - ကွာခြားနေသည်မှာ နိုင်ငံတကာ မီဒီယာများက သတိထားမိလျှင် မေးလာလျှင် အဘယ်သို့  ဖြေကြားကြမည်နည်း။

အမေရိကန်သမ္မတကြီး၏ လစာမှာ ဒေါ်လာအားဖြင့် ၄၀၀၀၀- ခန့်ရှိပါသည်။ သို့သော် သူတို့၏ အမေရိကန် ကျောင်းဆရာတဦး၏ ပင်စင်လစာမှာ ဒေါ်လာ ၁၅၀၀ ခန့်ရှိသည့်အတွက်.. အဆအားဖြင့် ၂၅ ဆ သာကွာခြားပါသည်။

(၃) ယခု အစိုးရသစ်ရဲ့ ဘတ်ဂျက်ကို န.အ.ဖ အစိုးရက ပြဒါန်း ခဲ့ပါသည်။  အစိုးရအသစ်မှ လက်ခံ ယူထားရသော်လည်း တိုင်းနိုင်ငံ မငြိမ်မသက်ဖြစ်လာလျှင် စစ်တပ်အား အာဏာကိုပင်သိမ်းခွင့် ပေးထားရပြီး အစိုးရတွင် ဘတ်ဂျက်ကမောက်ကမ ဖြစ်လာသည့်အတွက် န.အ.ဖ က ဘယ်လိုပင် ပေးထားသော်လည်း ဘတ်ဂျက် ရာထားချက်ကို အရေးပေါ်ပြင်ဆင်ရန် လုပ်ဆောင်ရပါမည်။ မလုပ်ဆောင်ပါက တိုင်းပြည်ဆူပူလာပြီး ယခုဆူပူမှုသည် နိုင်ငံရေး ပရောဂ ကြောင့် မဟုတ်ဘဲ ၀မ်းရေး(ဆန်) အတွက် ဆူပူလာမှု ဖြစ်သည့်အတွက် ဆန်လိုအပ်မှုကို ဆန်မပေးဘဲ ကျည်ဆံဖြင့် ဖြေရှင်းလျှင် ကျနော် အပြတ်ပြောရဲပါတယ်... သမ္မတကြီးရော သန်းရွှေမိသားစုပါ ကမ္ဘာပေါ်မှာ ပုန်းစရာမြေ မရှိစေရပါဘူးလို့။ အာရပ်ကမ္ဘာ ပုံစံအတိုင်း တနိုင်ငံလုံး ဆူပူလာကြပြီး ထိန်းမရဖြစ်ကာ မင်းမဲ့စရိုက်မဟုတ်ဘဲ မင်းဖြတ်ကိန်း ဖြစ်လာပါမယ်လို့။

(၄) အခု တိုင်းပြည်စီးပွားရေး ကမောက်ကမ ဖြစ်မှုတွင် စီးပွားရေး စီမံကွပ်ကဲမှုကို နေပြည်တော်မှာ ထားရှိခြင်းအတွက် ဖြစ်ပေါ်လာရသော ၀န်ထုပ်ဝန်ပိုး အကျိုးဆက်နှင့် အုပ်ချုပ်ရေးများကို ရန်ကုန်ကို ပြန်ရွှေ့လိုက်လျှင် လုပ်ငန်းအပေါ်အကျိုးပြုမှု ရှိမှု မရှိမှုတို့ကိုလည်းလေ့လာ ထုတ်ပြန်ပေးပါရန်။ အနိမ့်ဆုံး ယခုလို အကြပ်အတည်းကာလတွင် အချို့သောလုပ်ငန်းများကို အစမ်းသဘော ရန်ကုန်ပြန်ရွှေ့ခြင်းများ စဉ်းစားပေးပါရန်။ နေပြည်တော် စီမံချက်သည် အမျိုးသားညီလာခံက ကျလာသော ဆုံးဖြတ်ချက် မဟုတ်သည့်အတွက် အစိုးရသစ်မှ ဆက်လက် လက်ခံကျင့်သုံးရန် တာဝန်လည်း မရှိပါ။ နေပြည်တော် စီမံချက်သည် တိုင်းပြည်ဘဏ္ဍာတော်ကိုများစွာ ကုန်ကျစေသည့်အပြင် ဈေးကွက်စီးပွားရေးတွင် နိုင်ငံတကာနှင့် ယှဉ်ပြိုင်မှုကို အထူးဖင့်နှေးစေပါသည်။

(၅) အခုအခြေအနေ အရ နိုင်ငံခြားတိုင်းပြည်ရောက် မြန်မာတွေ အခုရက်ပိုင်းအတွင်း ငွေလွှဲမှု ခေတ္တ ဆိုင်းငံ့နေကြပေလင့်... မကြာခင်အားလုံး ပြန်လွှဲလာကြရပါမည်။ ထိုအခါ ငွေဈေးက ယခုထက် အကျဖက်ကို ပိုယိုင်လာချေ ရှိနေပါသည်။ ဆရာကြီးဦးမြင့် အနေဖြင့် အမှန်တကယ်လည်း ဖြစ်သင့်နေသည်မှာ ကြာပြီဖြစ်သော မြန်မာနိုင်ငံသားများ၏ ငွေလွှဲမှုကို အခွန်ဆောင်ထားသူများကို ဦးစားပေးပြီး တရားဝင်ဘဏ်ကနေ လွှဲတာကို စတင်ဖေါ်ဆောင်ပေးပါက (အခုကျင့်သုံးနေသော မြန်မာပြည် နိုင်ငံခြားဘဏ်ကနေ - ၁၀-% ဖြတ်ခြင်းမလုပ်ဘဲ) လက်ခံသော စံနစ်ထားရှိပေးပါက မြန်မာနိုင်ငံအတွက် တရားဝင်ငွေ (ငွေဖြူ) ပိုမိုရရှိနိုင်သလို နိုင်ငံတော်အတွက်လဲ အခွန်အတုတ်နှင့် ငွေလွှဲခ ရနိုင်ပါသည်။  မြန်မာနိုင်ငံသားတို၏ ဒေါ်လာများ တချိန်တွင် ငွေမည်း ဖြစ်စေနိုင်သော ပြသနာကို ကြိုတင် ကာကွယ်ပြီးလည်း ဖြစ်ပါမယ် ။

နိုင်ငံတော်အတွက်လဲ မြန်မာနိုင်ငံသားများ လွှဲအပ်သော ငွေပမာဏကို သိရသည့်တွက် တိုင်းပြည်၏ ငွေစားရင်အင်းအမှန်ကို ပိုမိုတိတိကျကျ တွက်ချက်နိုင်ပါသည်။ နောင် အခုလိုငွေကြေး အတက်အကျ ကြိးမားသောနှုန်း သက်ရောက်မှုမျိုးကို ကာကွယ်ပြီးသားလည်း ဖြစ်စေပါမည်။ ယခုငွေလွှဲ ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူတို့သည် ငွေလွှဲသောလုပ်ငန်းဖြင့် အလွန်ဝင်ငွေ ကောင်းနေကြသော်လည်း နိုင်ငံတော်ကို ၎င်းတို့ဝင်ငွေထဲမှ တပြားတချပ်မှပင် ၀င်ငွေခွန် ဆောင်ထားခြင်းမရှိပါ။ နိုင်ငံတော်အတွက် နိုင်ငံခြားငွေအခွန် အသင့်အတင့်ပင် ရစေပါမည်။

ဥပမာ ဖိလစ်ပိုင် နိုင်ငံသည်..၂၀၀၇- ခုနှစ်အတွက် နိုင်ငံရပ်ခြား ထွက်အလုပ် လုပ်သူများမှ မိသားစုထံ ပြန်ပို့ငွေ (တရားဝင်လမ်းကြောင်းဖြင့်) ငွေပမာဏမှာ ဒေါ်လာအားဖြင့် (၁၃- ဘီလျှံ) အထိပင် ပမာဏကြီးမားပါသည်။ သူတို့ နိုင်ငံမှ -၃ -% ဖြတ်သည်ဟု သိရပါသည်။ တခြားရွှေငွေ လက်ဆောင်ပါးသည်များ မပါသေးပါ။ သူတို့နိုင်ငံတွင် အမေရိကန်ဒေါ်လာကို တရားဝင် ကိုင်ဆောင်ခွင့် ပေးထားပါသည်။ မြန်မာနိုင်ငံတွင်လည်း စဉ်းစားသင့်ပါပြီ။

(၆) အထူးပန်ကြားလိုသည်ကတော့ တိုင်းပြည်တိုင်းတွင် နိုင်ငံအရေးနှင့် စီးပွားရေးဆိုသည်မှာ ဒင်္ဂါးပြားတခု ၏ ပန်း နှင့် ခေါင်း နှစ်ခြမ်းပူးနေတာဖြစ်ပြီး ခွဲခြားလို့ မရနိုင်ဆိုတာကို သမ္မတကြီးနှင့် ပြည်ခိုင်ဖြိုး အမတ်တို့ နားလည်လာရန် ဆရာကြီးမှ ခိုင်ခိုင်မာမာရပ်တည်ပြီး ပြတ်ပြတ်သားသား ပြောကြားသင့်သော အချိန်သည် လွန်ပင် လွန်ခဲ့ပြီ ဖြစ်ပါသည်။ သမ္မတကြီးအနေနှင့် တိုင်းပြည်အရေးကို န.အ.ဖ ခေတ်ကလို တဖက်သတ် ကိုယ်စိတ်ထင်တိုင်းလုပ် နိုင်သောအခြေအနေ မရှိတော့သည့်အတွက် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး အဆင်ပြေချောမွေ့လာစေရန် နိုင်ငံရေးအရ ပြုပြင့်သင့်သည်များကို မပြုပြင်လျှင် မြန်မာနိုင်ငံသားတို့  လက်ကိုင်ထားသော စီးပွားရေး အခြေအနေများမှာ သဲသောင်ပေါ် ဆောက်ထားသည့် သဲအိမ်များပမာ ပြိုလဲသွားသည်အထိ အခြေအနေယိုင်သွားနိုင်ပါသည်။

ဥပမာ န.အ.ဖ. လက်ထက်က နိုင်ငံတော်က အားပေးခဲ့သော တိုင်းတပါးမှ ကားများကို ပြန်လည်တပ်ဆင်သော ကားထုတ်လုပ်မှု တွင်မြုပ်နှံခဲ့သည့် စက်မှုအရင်းအနှီးအလုပ်များမှာ ယခုအခါတွင် အလဟသ ရင်းနှီးမှု လွှဲမှားသောရင်းနှီးမှုဟု သုံးသပ်လာနေကြရပါပြီ။ ထိုလွှဲမှားမှုမျိုးကို ယခုအခါမျိုးတွင် ထပ်မံ အားမပေးမိရန် ဆရာကြိးများမှ လိုအပ်လာပါလျှင် ပြတ်ပြတ်သားသား ထောက်ပြသင့်ပါသည်။

(၇) နေပြည်တော် စိမံကိန်း ကို အတင်းကာရော တွန်းဆောက်လုပ်စဉ်ကလည်း ဆောက်လုပ်မှုအတွက် ကုန်ကျငွေ ကျပ်ငွေ ဘီလျှံပေါင်းများစွာ ထုတ်ပေးခဲ့ပါသည်။ ထိုငွေပမာဏသည် မြန်မာငွေကို ဖေါင်းပွနေစေခဲ့ပါသည်။ ယခု န.အ.ဖ သည် အစိုးရသစ်လက်ကို အာဏာ မလွှဲပြောင်းပေးမှီ အချိန်ပိုင်းအလိုတွင် ကျပ်ငွေ ကုဋေပေါင်းများစွာတန် အစိုးရပိုင် အဆောက်အဥိးများကို လေလံပစ်ခဲ့ရာ ဈေးကွက်အတွင်းရှိ ငွေများခန်းခြောက် သွားမှုကလည်း မြန်မာငွေဈေးကို ထိုးတက်စေခြင်း တကြောင်းဖြစ်ပါသည်။ ယခုအခါတွင် နေပြည်တော်စီမံကိန်းများလည်း နည်းလာပြီး အခြားလုပ်ငန်းများပါ ထိုးရပ်လာပါလျှင် လည်ပတ်နိုင်သော မြန်မာငွေ ရှားပါးလာလေ မြန်မာငွေ ခိုင်မာလာလေ ဖြစ်လာပါမည်။

သို့ပါသဖြင့် နိုင်ငံတော်မှ နိုင်ငံအတွက် တကယ်လုပ်သင့်သော မြို့တော်တိုးချဲ့ရေး စီမံကိန်းဖြစ်သော ရန်ကုန်မြို့တော်ကို ဒလ-ဘက်သို့ တံတားထိုးတိုးချဲ့သော စီမံကိန်းကို ဖေါ်ဆောင်ပေးလာပါလျှင် မြန်မာငွေများ ပြန်လည် သွက်လက် လှုပ်ရှားလာနိုင်ပါသည်။ ဒလ စီိမံကိန်းကို ၁၉၉၄-ခုနှစ်တွင် နိုင်ငံတော်လူကြီများ ထံသို့ နိုင်ငံခြားကုမ္မဏီကြီိးများ ပူးပေါင်းအဖွဲ့မှ စီမံကိန်းကိုတင်ပြခဲ့ဘူးပြီး ပျက်ခဲ့ရဖူးပါသည်။ (စကားချပ်..... ၁၉၉၄ခုနှစ်က ရုရှား၊ သြစတေးလျနှင့် နိုင်ငံစုံမှ ပါဝင်လုပ်ဆောင်မည့် ဒလစီမံကိန်း အသေးစိတ်အား ထပ်မံတင်ပြပေးပါမည်။ လူနေအိမ်အဆောက်အဦးများ၊ ရေကန်များ၊ တောင်ကုန်းများ၊ တံတား၊ ဆိပ်ခံတံတား၊ မြေအောက်ရထားလမ်း၊ ရန်ကုန်မြစ်ရေအား ကြည်လင်စေပြီး ပင်လယ်ဝမှ သောင်ထွန်းနေမှုအား ဖယ်ရှားနိုင်မည့် နိုင်ငံစုံ ပါဝင်လုပ်ဆောင်မည့် အဆိုပါ ဘက်စုံစီမံကိန်းမှာ ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၄ခုနှစ်တွင် လွှတ်ပေးရန် ပျက်ကွက်ခဲ့သဖြင့် ပျက်ခဲ့ရပါသည်) နိုင်ငံတော်၏ စီးပွားရေး တိုးတက်ရန်မှာ မြန်မာနိုင်ငံ၏ အထက်တန်းလွှာ အိမ်ယာဈေးကွက်မှာ လာရောက်ရင်းနှီးသူ နိုင်ငံခြားသားများ အိမ်ငှားစရိတ်က နိုင်ငံခြားတိုင်းပြည် အချို့ထက်များနေခြင်းကလည်း ရင်းနှီးမှုများကို နောက်ပြန်ဆုတ်စေသော အချက်တခုဖြစ်နေပါသည်။ နိုင်ငံတော်တွင် လုပ်အားခ ဈေးသက်သာသော်လည်း အခြားစားရိတ်များက နိုင်ငံခြားရင်းနှီးသူများကို တွက်ခြေမကိုက်ဖြစ်နေသည်ကို လေ့လာလျှင် တွေ့ မြင်လာပါမည်။

၎င်းအပြင် ယခုကဲ့သို့ ဝေးလံသော ရွှေပြည်သာ လှိုင်သာယာ ကဲ့သို့ သောနေရာများမှ ကုန်ပစ္စည်း အသွား နှင့်အပြန် သယ်ယူရသော အပိုအကုန်အကျများကို ရေရှည်တွင် လျှော့ချရန်မှာ ဒလကို မြို့တော်တိုးချဲ့ပြီး ကုန်များကို သဘောင်္ပေါ်သို့ အနီးဆုံး တင်ချစေခြင်းသည်သာ စီးပွားရေးကို နိုင်ငံတကာနှင့် ပြိုင်ဆိုင်စေနိုင်ပါမည်။ ယခုအတိုင်း ငွေဈေးမှာ လန့်လျှက်ဖြစ်ပြီး တက်လိုက်ကျလိုက် ဆက်လက် ဖြစ်နေမည်ဆိုလျှင် အစိုးရတည်မြဲရေးကိုပင် ထိခိုက်လာနိုင်ပြီး အာရပ်ကမ္ဘာ နွေဦးလေပြင်းမျိုးပင် ကျရောက်လာနိုင်ချေ ဆိုက်နေပြီ ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး တည်တံ့ခိုင်မြဲရေးမှာ အာဏာရှင်သော ..အစိုးရသော ဒီမိုကရေစီသော မခွဲခြားဘဲ အားလုံး လက်တွဲညီညီ ကာကွယ်သင့်သော အမျိုးသားရေး တာဝန်ဖြစ်ပါသည်။ အမျိုးသား အကျိုးစီးပွားနှင့် သက်ဆိုင်လာလျှင် အဖြူအမဲ ခွဲခြားသူသည် တိုင်းပြည်အရေးကို ထိပ်တန်းဦးစားမပေးသူ တကယ်ကောင်း အတ္တလွှမ်းမိုးသူသာ ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းဖြစ်ပါသည်။

အာလုံးကိုလေးစားလျှက်

လှိုင်မြင့်

အမေရိကန်ဒေါ်လာငွေ ဈေးကျဆင်းမှုဂယက် (၁) ပြန်ဖတ်ချင်ရင် Click