ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

မနေ့က မန္တလေး ကျောက်ဝိုင်းအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေ သတင်း....

 ဓာတ်ပုံ ကိုအောင်ရှင်
ဒီနေ့ ၂၇.၆.၂၀၁၁ မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ဈေးထဲမှာ ဖြစ်ပွားခဲ့တာပါ။ ကျောက်ပွဲစားတစ်ယောက်ကို လည်ပင်းညစ်ပြီး ၀ိုင်းထိုးတာပါ။ အဖြစ်အပျက်က ဒီလိုပါ

ကိုမောင် (အမည်လွှဲ)က အဲဒီ တရုတ်တွေဆီမှာ ကျောက်ပြခဲ့ပါတယ်။ ကြိုက်ဈေးမရလို့ ဖြုတ်ခဲ့ပါတယ်။ နောက်ဝယ်လက် တစ်ယောက်ကို ပြတော့ ပိုပေးလို့ ရောင်းလိုက်ပါတယ်။ အဲဒါကို မကျေနပ်လို့ သူတို့ထိုင်တဲ့ အခန်းရှေ့ ဖြတ်သွားတော့ အခန်းထဲကို ခေါ်ပြီးတော့ တစ်ယောက်က လည်ပင်းညစ်ပြီး ကျန်လေးယောက်က ၀ိုင်းထိုးတာပါ။ အဲဒါကို မကျေနပ်တဲ့ အတွက် ဘေးမှာ ရှိတဲ့ မြန်မာတွေက အခန်းထဲဝင်ပြီးတော့ ပြန်ရိုက်ပါတယ် ဖန်ခွက် တွေနဲ့ ၀င်ရိုက်လို့ တရုတ်နှစ် ယောက်ကတော့ တော်တော်လေး ဒဏ်ရာရသွားပါတယ်။ အခန်းပိုင်ရှင်က အခန်းတံခါး တွေ အပိတ်မြန်သွားလို့ သက်သာသွားတာပါ။ အခန်းတံခါးပိတ်သွားတော့ ကျောက်ခဲတွေနဲ့ ဆက်ထုပါတယ်။ မိနစ်ပိုင်းအတွင်းမှာ ကျောက်ဝိုင်း တစ်ဝိုင်းလုံးနီးပါး ရောက်လာပါတယ်။

အခန်းကို ၀ိုင်းထားတဲ့ လူအုပ်ကြီးက တော်တော် များပါတယ်။ ၄၀၀ကျော်လောက်ရှိမယ်ထင်တယ်။ ခဏနေတော့ ရဲတွေရောက်လာပါ တယ်။ ရဲတွေ ၀င်တားပါတယ် မရပါဘူး။ မြို့နယ်မှူး ကိုယ်တိုင်လိုက်လာတာပါ မရပါဘူး။ နောက် တော့ရဲမှူးကြီးရောက်လာပါတယ်လို့ ပြောပါတယ။် လူတွေကွယ်နေလို့ မမြင်လိုက်ရပါဘူး။ နောက်တော့ ရဲတွေက ကားတွေနဲ့ ထပ်ရောက်လာပြီး တရုတ်တွေကို ခေါ်ထုတ်သွားပါတယ် တရုတ် တစ်ယောက်ကို ရဲလေးယောက်က ဒိုင်းနဲ့ကာပြီး ခေါ်ထုတ်သွားပါတယ် တစ်စီးကို နှစ်ယောက်တင်သွားတာပါ။ အဲချိန်မှာ နိုင်ငံတော် သီချင်းကိုဆိုပါတယ် ပြီးတော့ မြန်မာတွေ ခေါင်းငုံမခံဘူးကွ ဆိုပြီးတော့ ခဲနဲ့ထပ်ထုပါတယ် ရဲတွေ လိုက်တော့ လူအုပ်ခွဲပါတယ် ပြီးတော့ လူပြန်စုပါတယ်။ နောက်တော့ သူတို့တွေကို ခေါ်ထုတ်သွားနိုင်ပါတယ်။

ရဲတွေခေါ်ထုတ်သွားပြီးတော့ အရှိန်မသေသေး တဲ့ လူအုပ်ကြီး အခန်းကို ဖျက်ဆီးလိုက်ပါတယ်။ အဖြစ်အပျက် က ၄ နာရီကျော်ကြာပါတယ်။ နေ့လည်တစ်နာရီကျော်တဲ့အထိ လူအုပ်မကွဲသေးပါဘူး။ အပေါ်မှာပြောပြခဲ့တာတွေက သိစေချင်ရုံပါ....။ ကျွန်တော်ပြောချင်တာက အခုလိုအဓိကရုဏ်း ဖြစ်ရတဲ့ အကြောင်းရင်းတွေကိုပါ......

လွန်ခဲ့တဲ့ ၄ နှစ်က ၀ိုင်းထဲမှာ တရုတ်တွေ မရှိဘူး။ နောက်ပိုင်း တရုတ်တွေ ရောက်လာပါတယ်။ သူတို့ ရောက်စက ထိုင်စရာအခန်းတောင် မရှိပါဘူး။ သူတို့ကို ရောင်းတဲ့လူလည်း မရှိပါဘူး။ သူတို့ကပစ္စည်း တန်ဖိုးထက် ဈေးပိုပေးပြီးဝယ်လာပါတယ်။ အဲဒီအချိန်မှာ မြန်မာလူမျိုးတို့ထုံးစံအတိုင်း သူတို့ကိုအခန်းထဲကို ခေါ်ထိုင်ခိုင်းပါတယ်။ ပထမတော့ အခန်းပိုင်ရှင်တွေ ကတရုတ်တွေဝယ်ရင် ရောင်းတဲ့လူဆီက မုန့်ဖိုးဆိုပြီးတော့တောင်းပါတယ်။ နောက်ပိုင်းမှာ ကျွန်တော် မှတ်မိသလောက်တော့ တရုတ်တွေ ရောက်လာပြီး ၇လလောက်အကြာမှာ မြန်မာ ၀ယ်လက်တွေ မရှိသလောက် ရှားသွားပါပြီ။


တရုတ်တွေ ဈေးပေးရင် တန်ဖိုးလျှော့ ပြီးပေးလာပါတယ်။ အခန်းပိုင်ရှင်တွေက သူတို့အခန်းက တရုတ်က ကျောက်ဝယ်ရင် ရောင်းရငွေရဲ့ ၂% ဖြတ်လာပါတယ်။ ဖြတ်ယုံတင်မကဘူး တရုတ်တွေက ကလိမ်ကကျစ်လုပ်ရင် ခေါင်းရှောင်ပါတယ်။ တရုတ်တွေက ဈေးပေးလို့ ပွဲစားက ကျောက်အပ်ထားပြီး ပိုင်ရှင်ကိုသွားမေး ပိုင်ရှင်က ရောင်းဆိုတော့ ပွဲစားကပစ္စည်းအပ်ပြီဆိုတော့မှ တရုတ်တွေ က ကျောက်ကိုမယူတော့တာတွေ လုပ်လာပါတယ်။အဲဒါ ခဏခဏ ပြသာနာ ဖြစ်လာပါတယ်။ အဲ့လိုတွေကြောင့် လွန်ခဲ့တဲ့ တစ်နှစ်ခွဲက ပွဲစားတစ်ယောက် ထောင်တစ်နှစ်ကျသွားပါတယ်။ ပြီးခဲ့တဲ့ အပတ်က ပွဲစား တစ်ယောက် က ကျောက်တွေသွားပြတော့ မြန်မာငွေ မပါလို့ တရုတ်ငွေ ၂၀၀၀၀ ပေးပါတယ် ပွဲစားက ပစ္စည်းအပ်တော့ မယူတော့ပါဘူး။ ပထမက နစ်နာကြေး မြန်မာငွေ ၂၀၀၀၀ ဘဲပေးပါတယ်။ နောက်အကျိုးဆောင် ကော်မတီက ကြားဝင် ညှိပေးလို့ ၂သိန်းခွဲနဲ့ ပြီးသွားတာပါ။

အခုလို ဖြစ်လာတော့ တရုတ်တွေ အကုန်ပြန်ပြေးသွားပါတယ်။ ၀ိုင်းထဲမှာ ၀ယ်မယ့်လူ မရှိတော့ပါဘူး။ ကျောက်သမားတွေ ဘာဆက်လုပ်ရမှာလဲ။ သူတို့အပေါ်မှာဘဲ မှီခိုရမှာလား။ သူတို့ မရှိရင် ဆက်လုပ်လို့မရတော့ဘူးလား။ အခု လောလောဆယ်တော့ သူတို့မရှိရင် လုပ်လို့ မရပါဘူး။ အရင်တုန်းကတော့ ထိုင်းဝယ်လက်တွေ ရှိပါသေးတယ်။ ကျွန်တော်တို့ဟာ ကိုယ်ပိုင်တဲ့မြေမှာ ကိုယ်ပိုင်တဲ့ပစ္စည်းကို ကိုယ့်စိတ်ကြိုက် ရောင်းချလို့မရတာ ဖြစ်သင့်ပါသလား။ ကျွန်တော့်တို့ဆီမှာ ဝယ်တဲ့သူ သူတို့ပဲရှိတယ်ဆိုပြီး လုပ်ချင်သလိုလုပ်နေတာကို ငြိမ်ခံနေသင့်ပါသလား။ မြန်မာနိုင်ငံက ထွက်တဲ့ ကျောက်မျက်ရတနာတွေကို ဝယ်တာ တရုတ်ပဲဖြစ်နေတဲ့ကိစ္စမျိုးမှာ ဘယ်သူ့တွေမှာ တာဝန်ရှိပါသလဲ။

ပိတ်ဆို့ခံထားရတဲ့ နိုင်ငံလား?? ပိတ်ဆို့တဲ့ နိုင်ငံမှာလား?? ကြာရင် မြန်မာလူမျိုးတွေပိုင်တဲ့ မြန်မာနိုင်ငံဆိုတာ ပျောက်သွားနိုင်ပါတယ်။ အခုအချိန်မှာ အစိုးရရော ပြည်သူတွေရော စီးပွားရေးသမားတွေရော အားလုံးပူးပေါင်းပြီး အဖြေရှာပြီး ပြုပြင်သင့်ပါပြီခင်ဗျာ….။

ဆူပါဟီးရိုးရဲ့ မေးလ်ထဲ ရောက်ရှိလာတဲ့ သတင်းကို ပြန်လည် ဖော်ပြလိုက်ပါတယ်...။ နောက်ဆက်တွဲ သတင်းအရ အဆိုပါ တရုတ်ပြည်ကြီးမှ ခေတ္တဗီဇာဖြင့် ရောက်ရှိလာသူ တရုတ်လူမျိုး ၆ဦးအား ပြန်လည် ပို့ဆောင်လိုက်ပြီလို့ ဆိုပါတယ်..။ ရင်းမြစ်ရဲ့ အဓိကတရားခံကတော့ အာဏာရှင် နအဖမှတပါး အခြားမရှိပြီ...