ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ချိန်ခါသင့်ပြီ ဆောင်းပါးရှင် (အောင်မျိုးထွန်း)

တရုတ်အစိုးရက ရေပြင်ပိုင်နက်အငြင်းပွားမှုဟာ သက်ဆိုင်ရာနိုင်ငံနှစ်ခုရဲ့ အရေးဖြစ်တာကြောင့် တခြားနိုင်ငံတွေ၊ ဒေသအဖွဲ့ အစည်းတွေ လက်ရှောင်နေဖို့  သတိပေးသံ ထွက်လာတာကို ကြားရတဲ့ အခါ အလွန်အံ့သြမိပါတယ်။ မဆိုင်သူဘေးဖယ် ကြားညပ်သွားမယ် ဆိုတဲ့သဘောပါ။ ဗီယက်နမ်အနေနဲ့ ဒီအကြပ်အတည်းကို တစ်ကိုယ်တော် ကြိတ်တာထက်စာရင် သူ့ဘက်ကရပ်တည် နိုင်မယ့် တခြားအစိုးရတွေကို ပါဝင်ပက်သက်စေချင်ပုံ ရပါတယ်။ ကမ္ဘာ့ အင်အားအကြီးဆုံးနိုင်ငံနဲ့ ထိပ်တိုက်တွေ့တော့မှာမို့ စာရွက်တွေပေါ်က စစ်ရေး၊ နိုင်ငံရေးထောက်ပံ့မှုကို လိုအပ်နေပါတယ်။

ဗီယက်နမ်ရော၊ တရုတ်ရော တစ်ပါတီစနစ်နဲ့ မောင်းနှင်နေတဲ့ ကွန်မြူနစ်နိုင်ငံတွေပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း စီးပွားရေးတစ်ဟုန်ထိုး တိုးတက်လာကြပြီး ဒေသတွင်းနဲ့ နိုင်ငံတကာကပါ အာရုံစိုက်ခံလာရတဲ့ နိုင်ငံနှစ်ခု ဖြစ်ပါတယ်။

 (စကားချပ်..... တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ သူပိုင်ငါပိုင် အငြင်းပွားနေတဲ့ Spratly Islands ကျွန်းစုနဲ့ ပိုင်ဆိုင်တယ်လို့ သတ်မှတ်ထားတဲ့ နိုင်ငံတွေရဲ့ နေရာပြမြေပုံပါ..။ အဝေးဆုံးက တရုတ်ပါပဲ ကိုလံဘတ်တို့ ခေတ်ကလို ခေတ်သစ် ကိုလိုနီလာလုပ်တဲ့ ပုံစံပေါ့..။ အဓိကကတော့ အဆိုပါကျွန်းစုတွေမှာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ငါးဖမ်းလုပ်ငန်းတွေနဲ့ ခရီးသွားလုပ်ငန်းတွေ ပြုလုပ်ကြပါတယ်...။ တရုတ်ကတော့ ၁၇၄၂ကတည်းက မင်မင်းဆက် မြေပုံထဲမှာ အဆိုပါ ကျွန်းစုတွေကို နိုင်ငံနယ်နိမိတ်ထဲမှာ ပါဝင်တယ်လို့ ဆိုပြီး ဗီယက်နမ် နိုင်ငံကတော့ ၁၈ရာစု မြေပုံထဲမှာ နိုင်ငံပိုင်ကျွန်းစုတွေလို့ ဆိုထားပါတယ်..။ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ကြည့်ရင်တော့ ငါးဖမ်းသဘောင်္တွေနဲ့ တမင်ဝင်တိုက်တဲ့ လုပ်ရပ်တွေဟာ တမင်ရန်စနည်း ဖော်မြူလာ တရပ်လို ဖြစ်နေမလားပဲ...။ ပြီးခဲ့တဲ့နှစ်ကလည်း ဂျပန် ကမ်းခြေစောင့် သဘောင်္ကို တရုတ်ငါးဖမ်းသင်္ဘောက ဝင်တိုက်ပြီး ရန်စခဲ့တာလည်း တစ်ခုအပါအဝင်ပါ။ .. မြန်မာပြည်မှာ စွမ်းအားရှင်တို့ ကြံဖွတ်တို့ အစိုးရရဲ့ ကျောထောက်နောက်ခံနဲ့ လက်ရဲဇာတ်ရဲ လုပ်သလို ဒီငါးဖမ်းသင်္ဘောတွေဟာလည်း တရုတ်အစိုးရရဲ့ ကျောထောက်နောက်ခံ မရှိပဲနဲ့တော့ မလုပ်နိုင်ပါ.. ရှင်ဘုရင်ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုသလိုပေါ့ ....။ ခုတလော တရုတ် ငါးဖမ်းသင်္ဘောတွေ မြန်မာရေပိုင်နက်ထဲမှာ စော်ကားမော်ကား မထီမဲ့မြင် ဝင်ရောက် ငါးခိုးဖမ်းနေတဲ့ ကိစ္စကလည်း တချိန်ချိန်မှာ ပြသနာမတက်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး...။ ဒီမိုဝေယံ)

နိုင်ငံခြောက်နိုင်ငံလောက် သူပိုင်ကိုယ်ပိုင်အငြင်းပွားနေကြတဲ့ တောင်တရုတ်ပင်လယ်ထဲက ရေပြင် ပိုင်နက်မှာ ဗီယက်နမ် ဘူမိတိုင်းတာရေးသဘောင်္ကို တရုတ်ငါးဖမ်းလှေတွေက ၀င်တိုက်ခဲ့လို့ နှစ်နိုင်ငံတင်းမာမှုတွေ စတင်ခဲ့တာဖြစ်ပြီး အခုဆို ဗီယက်နမ်ရဲ့ဟနွိုင်းနဲ့ ဟိုချီမင်းမြို့ ကြီးတွေမှာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပါတယ်။ ဗီယက်နမ်ကွန်မြူနစ်အစိုးရက အဲဒီဆန္ဒပြမှုတွေကို ခွင့်ပြုထားပြီး တိုင်းပြည်တွင်းမှာနေထိုင်ကြတဲ့ တရုတ်မျိုးနွယ်တွေနဲ့ တရုတ်အစိုးရကိုပါ ရည်ရွယ်ချက်ထားတဲ့ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။

နှစ်နိုင်ငံစလုံးက သူတို့ရဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ ကြေညာလိုက်ပြီး ဗီယက်နမ်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ သေနတ်ကျည်ဆံအစစ်တွေကို အသုံးပြုသွားတယ်။ လို့လည်း နောက်ဆုံးသိရှိရပြီး တရုတ်စစ်တပ်က ဒီလကုန် ပစိဖိတ်သမုဒ္ဒရာအနောက်ဘက်မှာ လေ့ကျင့်မှုတွေ စတင်မှာ ဖြစ်ပါတယ်။ ခွင့်ပြုချက်မရဘဲ ရေနံရှာဖွေဖို့ကို လက်သင့်မခံနိုင်ဘူးလို့ တရုတ်က ပြောဆိုလိုက်ပြီး သံသယဖြစ်ဖွယ် မရှိတဲ့ အချုပ်အချာအတွက် သေချာပေါက် ကာကွယ် သွားရလိမ့်မယ်လို့ ဗီယက်နမ်က တုန့် ပြန်လိုက်ပါ

တယ်။ အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံရဲ့ အရေးကို အာဆီယံအသင်းကြီးက ဘယ်လိုသဘောထားပေး ပါဝင်ပက်သက်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဗီယက်နမ်- တရုတ်အရေးကို မြန်မာပြည်သူတွေလည်း နားစွင့်နေကြပြီး ဘယ်သူလွန်တယ် ဘယ်သူ မလွန်ဘူးဆိုပြီး သုံးသပ်သံတွေ ထွက်ပေါ်လာပါတယ်။ အများစုက ဗီယက်နမ်ဘက်က ရပ်တည်ကြပြီး တရုတ်လှေတွေက အသားလွတ်သွားတိုက် ရန်စတာလို့ ထင်မြင်နေကြပါတယ်။ အားနည်းတဲ့နိုင်ငံဘက် က ဖေးမတဲ့စိတ်အပြင် တရုတ်နိုင်ငံနဲ့ ပက်သတ်လို့ မြန်မာလူမျိုးတွေရဲ့ ရှုထောင့်က တစ်မျိုးတစ်မည် ဖြစ်လာပုံလည်း ရပါတယ်။

မြန်မာနဲ့ တရုတ်အစိုးရတို့ မဟာဗျူဟာမြောက် ဆက်ဆံရေးအဆင့် တိုးမြှင့်လိုက်ပြီး မကြာခင် ဗီယက်နမ်ဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဒု-၀န်ကြီးချုပ်လည်း မြန်မာနိုင်ငံကို ရောက်လာပါတယ်။ စီးပွားရေးစာချွန်လွှာမြောက်မြားစွာကို လက်မှတ် ရေးထိုးသွားကြပါတယ်။ မြန်မာနဲ့ တရုတ်ဟာ အစိုးရချင်း နီးနီးကပ်ကပ် ဖြစ်လွန်းတဲ့အပြင် တရုတ်ကွန်မြူနစ်ပါတီနဲ့ အာဏာရ ကြံ့ခိုင်ရေးပါတီတို့လည်း အပြန်အလှန် ကူညီဆက်သွယ်မှုတွေ လုပ်လာတာကို တွေ့ရပေမယ့် အာဆီယံတစ်နိုင်ငံဖြစ်တဲ့၊ ဘက်မလိုက် မူဝါဒ ချမှတ်ထားတဲ့ မြန်မာနိုင်ငံအနေနဲ့ ဗီယက်နမ်-တရုတ် ရေပြင်ပိုင်နက်အရေးအခင်းမှာ ကြားနေပြီး မျှမျှတတရပ်တည်သွားတာကို မြန်မာပြည်သူတွေက မျှော်လင့်နေကြပါတယ်။ 

အာဆီယံ နိုင်ငံတွင်း အဖွဲ့ဝင်ဖြစ်လာဖို့ မြန်မာနိုင်ငံကို ဗီယက်နမ်က နိုင်ငံရေးအရ ကျားကန်ပေးခဲ့ဖူးပါတယ်။ အနောက်အုပ်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့်၊ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ် ထားတဲ့ မူဝါဒတွေကြောင့် မြန်မာဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးနဲ့ အခုလို ပူးကပ်လွန်းသွားရတာလို့ ဝေဖန်ကြတဲ့ နိုင်ငံရေးသမားတချို့ ရှိပါတယ်။ တရုတ်နိုင်ငံကြီး အခုလိုစီးပွားရေးကြီးထွားလာပြီး နိုင်ငံရေးနဲ့ စစ်ရေးမှာ ကမ္ဘာ့ရှေ့တန်းကို တမုဟုတ်ချင်း ချဉ်းနင်းလာတာကို သွားရည်တမျှားမျှားနဲ့ အားကျနေကြတဲ့ နိုင်ငံရေးသမားတချို့ ရှိပါတယ်။ တရုတ်ရဲ့ စီးပွားရေးအားကောင်းမောင်းသန်ဖြစ်လာရတာဟာ လွန်ခဲ့တဲ့ (၂၅)နှစ်လောက်က စပြီးတရုတ်အစိုးရ ခေါင်းဆောင် အဆက်ဆက်ရဲ့ တရုတ်ပြည် တရုတ်သားတွေ အပေါ်ထားတဲ့ တကယ့်ရိုးသားတဲ့ စိတ်ရင်းစေတနာကြောင့်ပါ။ ဗီယက်နမ်လည်း ထို့အတူပါဘဲ။ အခုလောက် မြန်မြန်ဆန်ဆန်ကြီး ကွန်မြူနစ်စနစ်အောက်မှာ စီးပွားရေး အင်မတန်သန်စွမ်းခဲ့ရတာ ဗီယက်နမ် ခေါင်းဆောင်တွေရဲ့ ဥာဏ်အမျှော် အမြင်ကြီးမှုနဲ့ ပြည်သူတွေအပေါ်ထားတဲ့ ရိုးစင်းဖြောင့်မှန်တဲ့ စိတ်ကောင်း စေတနာကြောင့်ဘဲ ဖြစ်ပါတယ်။

ဒီနှစ်နိုင်ငံစလုံးမှာ တူညီတဲ့အချက်တစ်ခု ရှိပါသေးတယ်။ သူတို့ အမျိုးသားအကျိုးစီးပွားအတွက် မရှိမဖြစ် လိုအပ်တယ်လို့ ယူဆထားတဲ့အချက်က အမေရိကန်နိုင်ငံနဲ့ စိမ်းလန်းတဲ့ဆက်ဆံရေး ရှိနေဖို့ပါဘဲ။ မြန်မာပြည်သူတွေအနေနဲ့ မြန်မာ- အမေရိကန်ဆက်ဆံရေး အထူးကောင်းမွန်ဖို့ လိုလားနေကြတာဟာ ယုတ္တိရှိသလို ချိန်ခါလည်း သင့်နေပါပြီ။ သိသိကြီးနဲ့ ခံနေရတဲ့ ဘ၀များမှ လွန်မြောက်လိုပါပြီ။


အောင်မျိုးထွန်း

၁၄- ၆- ၂၀၁၁