ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အသိမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှ လုပ်ရဲတဲ့အလုပ်ဖြစ်တယ်... (ဆောင်းပါးရှင် မောင်မောင်ဝမ်း)

အသိမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှ လုပ်ရဲတဲ့အလုပ်ဖြစ်တယ်

(ဆရာတော် ဦးဇောတိက)

ဦးသိန်းစိန် ကြံ့ဖွတ်အစိုးရ တက်လာတော့ ဒေါ်အောင်ဆန်းစုကြည်က အစိုးရတရပ်အဖြစ် ရှုမြင်တယ်ဆိုတာကို ပြောခဲ့တယ်။ မဲလိမ်လို့ပဲတက်လာလာ၊ မတရားလုပ်လို့ပဲဖြစ်ဖြစ် ခပ်တည်တည်နဲ့တော့ အစိုးရဖြစ်လာတာပါပဲ.. (ပြည်သူတွေကမဲပေးလိုက်တာကိုး) ဒါကို ဒေါ်စုသဘောပေါက်တယ်။ လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည် ဖြစ်စေ.. အစိုးရတရပ်တော့ဖြစ်လာပြီ။ ဒေါ်စုဘက်က ရိုးသားတယ် အရှိတရားကို အရှိတရားအဖြစ် မြင်လိုက်တယ်…. ဒါဟာစိတ်သတ္တိတမျိုးပါ။

ဂျွန်မက်ကိန်း မြန်မာနိုင်ငံကိုလာရောက်လို့ ကြံ့ဖွတ်အစိုးရရဲ့ ဒု သမ္မတ ဦးတင်အောင်မြင့်ဦးနဲ့ တွေ့တော့ ဒေါ်အောင်ဆန်းစုကြည်ကို သာမန်အရပ်သား တယောက်လို သဘောထားပါတယ်တဲ့။ သဘောကတော့ သူလိုကိုယ်လိုပါပဲဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တယ်။ သူတို့အနေနဲ့ ထူးထူးခြားခြား လူထုခေါင်းဆောင်တို့၊ ဒီမိုကရေစီခေါင်းဆောင်တို့ သတ်မှတ်ဘို့ အသိမှတ်မပြုပါဘူးပေါ့----ဒါဟာ အရှိတရားကို မျက်ကွယ်ပြုလိုက်ခြင်းပါ။

ကျနော်အရင်က အသိမှတ်ပြုခြင်းရဲ့အနှစ်သာရနဲ့ စိတ်ခွန်အားသတ္တိကို သိပ်သဘော မပေါက်ခဲ့ပါဘူး။ ဆရာတော်ဦးဇောတိကရဲ့ တရားတော်တွေကို စာအုပ်စာပေတွေကနေ ဖတ်ရှုရတဲ့ အခါရောက်မှ ကောင်းကောင်း သဘောပေါက်လာတယ်။ တကယ်တော့ အသိမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှ လုပ်ရဲတဲ့အလုပ်တဲ့၊ သိပ်မှန်လိုက်တဲ့ စကားဗျာ။ ကျနော့်ဘ၀မှာ ဒီအယူအဆလေးက အတော်ကို လွှမ်းမိုးသွားခဲ့တယ်၊ အတိတ်ကိုပြန် စဉ်းစားကြည့်လိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် အတော် ရှက်စရာကောင်းတဲ့ လုပ်ရပ်တွေနဲ့ စိတ်အစဉ်တွေကို ပြေးမြင်မိတယ်။ လူတော်တော်များများဟာ မကောင်းတာများကိုသာ အသိမှတ်ပြုဘို့ ၀န်မလေးတတ်ကြပေမဲ့လို့ ကောင်းကွက်တွေကို အသိမှတ်ပြုဘို့ကြတော့ အတော်ဝန်လေး တတ်ကြတာ မဟုတ်လား။ ဒါဟာ သာမန်စိတ်ပါ။

လူတယောက်ယောက်ရဲ့ ကောင်းကွက် တော်ကွက်တွေကို အသိမှတ်ပြုဘို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တယ်၊ ဆရာတော်ပြောသလို စိတ်ခွန်အား စိတ်သတ္တိတွေလိုတယ်။ ကျနော်ဒီအမှန်တရားကို လက်တွေ့ ကျင့်သုံးကြည့်တယ်၊ကျနော် အင်္ဂလိပ်စာ ကျူရှင်ဆရာ တယောက်အဖြစ် ရပ်တည်တော့ စာတော်တဲ့ ကျောင်းသားတွေကို အရှိကိုအရှိတိုင်း အပိုအလိုမရှိ အသိမှတ်ပြုကြည့်တယ်။ အဲဒီတော့ ဒီကျောင်းသားတွေဟာ ပိုပိုပြီးတော်လာတာကို တွေ့ရတယ်။ လိုအပ်ချက်တွေကိုလည်း စေတနာရှေ့ထား ထောက်ပြတယ်။ ကျောင်းသားတွေဟာ လိုလိုလားလားခံယူပြီး ကြိုးစားလာတာကို တွေ့ရတာအမှန်ပါ။ ဒါကို အသိမှတ်ပြုခြင်းရဲ့ အကျိုးရလာဒ်လို့ ခံယူမိတယ်။ အပြင်လောက လူမူ့ဆက်ဆံရေး နယ်ပယ်မှာလည်း ကျင့်သုံးကြည့်တယ်။ အဲဒီလိုအသိမှတ်ပြု ခံရတဲ့သူတွေဟာ ကိုယ့်ကို ခင်မင်လေးစားလာတာ လက်တွေ့ပါ။

အသိမှတ်ပြုတယ်ဆိုတာ အပိုအလိုမရှိ ကျင့်သုံးရတဲ့ကိစ္စပါ။ ပိုသွားတယ်ဆို မြှောက်ပြောတာ၊ ဘုန်းတော်ဘွဲ့တွေ ချီးကျူးတာဖြစ်သွားမယ် လိုပြောတယ်ဆိုရင်တော့ အသိမှတ်မပြုရဲတာနဲ့ အတူတူပါပဲ၊ အသိမှတ် မပြုရဲတာဟာ မုန်းတီးခြင်းတွေ မနာလိုခြင်းတွေ ယှဉ်တွဲရာက ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်တွေပါ။ ဒါပေမယ့်လို့ အယူအဆတခု လုပ်ရပ်တခု အပေါ်မှာတော့ ရှူထောင့်ဆိုတာ ရှိပါတယ်။ ဘယ်ရှုထောင့်က ရပ်တည် ပြောတာလည်းဆိုတဲ့ အပေါ်တည်မှီပြီး အသိမှတ်ပြုခြင်းတွေ မပြုခြင်းတွေဆိုတာ ကွဲပြားနိုင်ပါတယ်။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ရဲ့ခေါင်းဆောင်ဖြစ်တယ်... တပ်မတော်ဖခင်ဖြစ်တယ်..။ ဒါဟာအသိမှတ် ပြုကိုပြုရမယ့် အရာပါ။ ပကတိတည်ရှိခဲ့တဲ့ အရာတွေမဟုတ်လား။ သူလုပ်ခဲ့တဲ့လုပ်ရပ်တွေ သူပြုမူဆောင်ရွက်ခဲ့တဲ့အရာတွေ ပေါ်မှာတော့ ရှုထောင့်အပေါ် လိုက်ပြီး ကွဲပြားနိုင်ပါတယ်။ ထိုနည်းတူစွာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ခေါင်းဆောင်ဗျာ ရှင်းပါတယ် ဒါတွေဟာ လက်တွေ့ ပကတိအရှိတရားတွေပါ။ သူ့ရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ အသိမှတ်ပြုမယ် မပြုဘူးဆိုတာ ဒါက ရပ်တည်ချက်ရှူထောင့်နဲ့ ဆိုင်သွားပြီ (ဒါသူတို့သဘော)။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မူးကြီးစောမောင် လက်ထက်ကလည်း ဗိုလ်ချုပ်မှူးကြီးစောမောင်လို့ပဲ သုံးတယ် ဦးစောမောင် လို့တောင် မသုံးဘူး။ ထိုနည်းတူစွာပဲ ဗိုလ်ချုပ်မူးကြီးသန်းရွှေ၊ မောင်အေး စသည်ဖြင့်ပေါ့ ...။ ဗိုလ်ချုပ်မှူးကြီးလို့ပဲ ခေါ်ဝေါ်တယ်၊ ဒါဟာအသိမှတ်ပြုရဲတဲ့ စိတ်သတ္တိကို ဖော်ညွှန်းနေတာပဲ စစ်အာဏာရှင်များ ဘက်ကကြတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်ဝေါ်ဘို့သတ္တိတွေ မွေးနိုင်ပါပြီလား... အသိမှတ်ပြုရဲ ပါပြီလား၊ သာမန်ကြည့်မယ်ဆို ဘာမှမဟုတ်သလို ထင်ရပေမယ့် သိပ်အရေးကြီးတဲ့ကိစ္စပါ။ Myanmar ဆိုတာကို မပြောင်းလည်းပဲနဲ့ Burma လို့ ဆက်သုံးစွဲနေတဲ့ နိုင်ငံတကာနဲ့ အတိုက်အခံများကို ရှုံချလိုက်တဲ့ အာဏာရှင် ကြီးများကရော အထက်ဖော်ပြပါ ကိစ္စများကိုပြောင်းလည်းဘို့ အသိမှတ်ပြုရဲဘို့ စိတ်ခွန်အားတွေရှိပါရဲ့လား။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုသမ္မတကြီး ဦးတင်အောင်မြင့်ဦး ပြောသလို သာမန် အရပ်သား တယောက်ပါဆိုရင် ဘာ့ကြောင့်စူပါပါဝါနိုင်ငံကြီးက ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်တယောက်က ရေးကြီးခွင်ကျယ်ပြောဆိုပြီး သမ္မတ ကြီးကရော ဘာလို့ရေးကြီးခွင်ကျယ် စကားထဲ ထဲ့ပြောနေရတာလည်း။ ဒါဟာ အာဃာတွေ အငြိုးတွေ အမုန်းတွေ ကြီးနေဆဲ ဆိုတာကို ဖော်ကျူးလိုက်ခြင်းရဲ့ သင်္ကေတ စကားရိပ်တွေပါ။

ကျနော် အကျဉ်းထောင်တွင်းမှာ ရှိနေစဉ် အခါတုန်းက ထောင်ကျလာတဲ့ တပ်ရင်းမှူးတယောက်နဲ့ ဆုံခဲ့ တယ်။ ကျနော်က သူ့ကို တပ်ရင်းမှူးကြီးလို့ပဲ ခေါ်တယ် (ဒီအခေါ်ဝေါ်ကို သူမငြင်းပယ်ခဲ့ပါဘူး အဲဒီအချိန်မှာ သူဟာ ထောင်ကျလာတဲ့ ထောင်သားတယောက်ပါ) ဒါပေမဲ့လို့ ကျနော်ကထောင်ရဲ့ အကြီးဆုံး အုပ်ချုပ်ရေး အရာရှိကို ထောင်ပိုင်ကြီး ထောင်ပိုင်ကြီးလို့ခေါ်ဝေါ်တဲ့ ကိစ္စကိုကြတော့ သူကတားမြစ်ခဲ့တယ်၊ နံမည်တပ်ခေါ်ပါတဲ့။   ကျနော်သူ့ရဲ့ စိတ်သတ္တိနဲ့ စိတ်ခွန်အားကို သဘောပေါက်လိုက်ပါတယ်။ သူ့မှာလူတွေကို အသိမှတ်မပြုရဲတဲ့ ရောဂါ ဖြစ်နေတာကိုး။ (ကိုယ့်ကို အသိမှတ်ပြုတာကိုတော့ ခံချင်ပြီး ကိုယ်ကသူများ အသိမှတ်ပြုဘို့ ၀န်လေးတတ်တဲ့ အမျိုးစားပါ)

နောက်တခါ နိုင်ငံရေးအကျဉ်းသား ကိစ္စ နိုင်ငံရေး လုပ်ဆောင်ချက်ကြောင့် ထောင်သွင်း အကျဉ်းချခံရတယ်ဆို နိုင်ငံရေးအကျဉ်းသားပေါ့ ဒါရှင်းပါတယ်။ ဒါကိုငြင်းပယ်တဲ့ကိစ္စဟာ အမှန်ကို မျက်ကွယ်ပြုလိုက်ခြင်းပါ အသိမှတ်မပြုရဲခြင်းပါ၊ နိုင်ငံရေး လုပ်ဆောင်ချက်ကြောင့် အကျဉ်းချခံရသူဟာ နိုင်ငံရေး အကျဉ်းသားဖြစ်တယ်။ ယုံကြည်ချက် အကျဉ်းသားတို့ ဘာတို့ဆိုတာ စကားလုံးတွေနဲ့ ရှုပ်ထွေးသွားနိုင်တဲ့ကိစ္စ။

နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးပါလို့ပြောတာ-နိုင်ငံရေး လုပ်ဆောင်ချက်ကြောင့် ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ချထားသော သူများကို ဆိုလိုတာ ဒါကိုဝေ့လည် ကြောင်ပတ်နဲ့ နိုင်ငံရေး အကျဉ်းသားမရှိပါဘူး.. ဆိုတာအသိမှတ်ပြုဘို့ စိတ်ခွန်အားနည်းနေတဲ့ အရာလို့ပဲ စွပ်ဆွဲချင်တယ်။ အသိမှတ်ပြုဘို့ကိုတောင်မှ ၀န်လေးနေတယ်ဆိုရင် ရှေ့ဆက်သွားမယ့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာကို ဘယ်လိုလှမ်းကြမလည်း။ စစ်အာဏာရှင် အဆက်ဆက်ဟာ သူတို့စည်းစိမ်အာဏာ တည်မြဲရေးအတွက် တပ်မတော်ကို အသုံးချသွားကြတယ်။ ကျနော်တို့ အတိုက်အခံများဟာ တပ်မတော်နဲ့ စစ်အာဏာရှင်တစုကို ခွဲမြင်ဘို့တော့လိုတယ်။ နိုင်ငံဝန်ထမ်းဆိုတာ နိုင်ငံရေးသိပ္ပံ အသုံးအနှုန်းနဲ့ပြောရရင် (state)ပဲ၊ နိုင်ငံရဲ့ သယံဇာတတွေ ၊ အရင်းအမြစ်တွေ ၊ လေထု ၊ မြေထု ၊ရေထု စသဖြင့်ပေါ့။  ဒါတွေဟာ တိုက်ရတဲ့ အမျိုးမဟုတ်ဘူး ၊ ကျနော်တို့တိုက်ရမှာ အစိုးရ ( Government ) ၊ state ဆိုတာ ဘယ်အစိုးရ တက်လာလာ သူကရှိနေမှာပဲ။ တပ်မတော်ဟာ နိုင်ငံဝန်ထမ်းဖြစ်တယ်၊ သူကဘယ်အစိုးရတက်လာလာ တပ်မတော်ဆိုတာ ရှိနေမှာပဲ။ ဒါကိုအသိမှတ်ပြုရမယ်။ အသိမှတ်လည်း ပြုရဲရမယ်။

စစ်အာဏာရှင် ကြိုးကိုင်ခံ အစိုးရလို့ပဲပြောပြော၊ ကြံဖွတ်အစိုးရလို့ပဲ ခေါ်ခေါ် သူတို့ကို တခုမေးချင်ပါတယ်။  မြန်မာနိုင်ငံမှာရှိတဲ့ လူထုအများစုဟာဆ င်းရဲတွင်း နက်နေပါတယ်ဆိုတာကို အသိမှတ်ပြုရဲပါသလား။  လူထုကြီး အမှန်တကယ် ဆင်းရဲတွင်းနက်တယ် မနက်ဘူးဆိုတာကို စာဖတ်သူများပဲ သုံးသပ်ပြီး အဖြေမှန်ထုတ်ပေးပါ၊ အမှန်တကယ် အဘက်ဘက်က ယိုယွင်းပျက်စီးပြီး နိမ့်ကျနေတာကို လက်ရှိအုပ်ချုပ်နေတဲ့အစိုးရ အသိမှတ်မပြုနိုင်သမျှ ကာလပတ်လုံး အတိုက်အခံများနဲ့ တွေ့ဆုံဆွေးနွေးရေးတို့၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့ ဆိုတာတွေဟာ အလှမ်းဝေးနေဦးမှာပါ။

တခုတော့ပြောချင်ပါတယ်… ဂျွန်မက်ကိန်းကပြောတယ်။  ပြုပြင်ပြောင်းလည်းရေးတွေ မလုပ်ဘူးဆိုရင် အာရပ်ကမ္ဘာလို လူထုတော်လှန်ရေးတွေနဲ့ ကြုံတွေ့နိုင်တယ်လို့ ပြောဆိုချက်ဟာ.. တန်ခိုးရှင်မို့ ဖောက်ထွင်းမြင်နိုင်လို့ ပြောသွားတာမဟုတ်ဘူး။ ရမ်းတုတ်ပြီး ပြောသွားတာလည်း မဟုတ်ဘူး…… သူဟာနိုင်ငံရေး ကျွမ်းကျင်သူဖြစ်တယ်….။ ရှေ့ကိုကြိုမြင်နေတယ် အတွေ့အကြုံနဲ့ သင်ခန်းစာတွေက ပေးလိုက်တဲ့ ပြဌာန်းချက်ပဲ...။

အသိမှတ်ပြုတယ်ဆိုတာ စိတ်သတ္တိရှိမှလုပ်ရဲတဲ့အလုပ်ဖြစ်တယ်


အားလုံးကိုလေးစားစွာဖြင့်
(မောင်မောင်ဝမ်း)