ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

အညံ့ခံကာ နေကြတော့မှာလား ဆောင်းပါးရှင် (မင်းသုည)

အညံ့ခံကာ နေကြတော့မှာလား
 ဆောင်းပါးရှင် (မင်းသုည) 
ရဟန်းရှင်လူ ကျောင်းသား ပြည်သူအပေါင်းတို့ ယနေ့ တိုင်းပြည်ကို ဂုတ်သွေးစုတ်နေသည့် ဗိုလ်စုတ်ကြီးသန်းရွှေခိုင်းတာ မှန်သမျှကို လိုက်လုပ်နေရသော ရုပ်သေးအစိုးရ သမ္မတ ဗိုလ်စုတ်ကြီး သိန်းစိန်တို့သည် တိုင်းသူပြည်သား တွေရဲ့ တနေ့တခြားဆင်းရဲမွဲတေလာတဲ့ ဘ၀တွေကို လစ်လျူရှုကာ မိမိတို့ အာဏာတည် မြဲရေးအတွက် မြောက်ကိုရီးယားမှ ဒေါ်လာသန်းပေါင်း မြောက်များစွာ အကုန်ကျခံကာ စစ်လက် နက်ပစ္စည်းများဝယ်ရန် ကြိုးစားခဲ့သည်။ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးအတွက် ဒေါ်လာသန်းပေါင်းမြောက် များစွာ အကုန်ကျခံကာ တည်ဆောက်နေကြသည်။ 

သူတို့နေထိုင်ရာ ကြပ်ပြေး ကြောက်ပြေး နေပြည်တော်ကြီးကို ဒေါ်လာသန်းပေါင်း ထောင်သောင်း များစွာ အကုန်ကျခံကာ တည်ဆောက်နေကြသည်။ စစ်ဗိုလ်ကြီးများသည် တိုင်းပြည်ရဲ့ စီးပွါးရေးမှန်သမျှကို လက်ဝါးကြီးအုပ်ကာ တနေ့တခြား ကြီးပွါး ချမ်းသာနေကြသည်။ တိုင်းပြည်ဘဏ္ဍာ ငွေများ သယံဇာတများ ကို ခိုးယူဝါးမျို ဂုတ်သွေးစုပ် နေကြသည်။ သူတို့တတွေ ကြီးပွါးချမ်းသာရေးနှင့် အာဏာ တည်မြဲရေး အတွက်ကိုသာ စီမံကိန်း အမျိုးမျိုးချကာ ထင်သလို လုပ်နေကြသော်လည်း တိုင်းသူပြည် သားများအတွက်ကား ဘာစီမံကိန်းမှမရှိ ဗလာနတ္ထိ။ တိုင်းသူပြည်သားများအတွက် စီမံကိန်းတွေကို ကြည့်မည်ဆိုလျှင်....

(၁) တိုင်းသူပြည်သားများ တနေ့တခြား ပိုမို ဆင်းရဲမွဲတေရေး။

(၂) တိုင်းသူပြည်သားများ နိုင်ငံတကာသို့ သွားရောက်ကာ ကျွန်လိုက်ခံရစေရေး။

(၃) တိုင်းသူပြည်သားများ အကျင့်စာရိတ္တပျက်ပြားရေး။

(၄) အမျိုးဂုဏ်ဇာတိဂုဏ်များ နိမ့်ကျပျက်ဆီးရေး။

(၅) တိုင်းသူပြည်သားများ၏ ပညာရေး၊ စီးပွါးရေး၊ သာသနာရေး၊ လူမှုရေးများ ကမ္ဘာ့အောက်ဆုံး အဆင့်သို့ ရောက်ရှိရေး စသည့် အရေးတွေပဲ ဖြစ်ပါသည်။

မြန်မာပြည်သူ ပြည်သားတွေရဲ့ ဘ၀ဒီအတိုင်းသာ ဆက်သွားမည်ဆိုလျှင် တကယ့်ကို ရင်လေးစရာ ကောင်းလှပါသည်။ အရာအားလုံး ပျက်ဆီး ယိုယွင်းလာပေပြီ။ တိုင်းပြည်ရဲ့ တရားခံ အာဏာရှင်ကြီး ဗိုလ်စုတ်နေ၀င်းသည် ကျနော်တို့တိုင်းပြည်ကြီးကို ချောက်ထဲကျရန် လက်နှစ်လုံးလောက် အလိုမှာ ကျနော်တို့ စစ်တပ်ကြီးက တိုင်းပြည်ကို ကယ်တင်ခဲ့ ရပါသည်ဟု အသံကောင်း ဟစ်လိမ်ညာကာ စစ်အာဏာသိမ်းခဲ့သည်။

အမှန်မှာ ထိုစစ်ဗိုလ်စုတ် နေ၀င်းမှစ၍ ယနေ့ စစ်ဗိုလ်စုတ်ကြီးများ ဖြစ်ကြသည့် သန်းရွှေ၊ မောင်အေး၊ သိန်းစိန်၊ ရွှေမန်း၊ ကျော်ဆန်း၊ တင်အောင်မြင့်ဦး စသည့် လူယုတ်မာ စစ်ဗိုလ်စုတ်များသည် တိုင်းပြည်ကို ကယ်တင်ခဲ့သည် မဟုတ်ပဲ တိုင်းပြည်ကို ချောက်ထဲ ဆွဲချခဲ့ခြင်းသာ ဖြစ်ပါသည်။ တိုင်းပြည်ကြီး ချောက်ထဲကျနေတာကို ကယ်တင်နိုင်တဲ့ စစ်ဗိုလ်ကြီးများ ပေါ်မလာပဲ တိုင်းပြည်ကို နစ်သည်ထက် နစ်အောင် ၀ိုင်းဝန်း တွန်းချနေကြသော စစ်ဗိုလ်များကိုသာ တွေ့နေရခြင်းမှာ တိုင်းပြည်အတွက် ၀မ်းနည်းဖွယ် ကောင်းပေစွ။ 

တိုင်းပြည်ကို ကယ်တင်နိုင်မည့် ဖိလစ်ပိုင်မှ ဗိုလ်ချုပ်ကြီးများလို တကယ့်အာဇာနည် စစ်ဗိုလ်ကြီးများ ပေါ်လာမည်ဆိုလျှင် အတိုင်းထက်အလွန် အထူးဝမ်းသာ ကြိုဆိုရပေမည်။ မြန်မာ့စစ်တပ်ကြီး၏ ကျဆင်းနေသော ဂုဏ်သိက္ခာကို ကယ်တင်နိုင်သော စစ်ဗိုလ်များ ပေါ်ပေါက်ဖို့ အချိန်တန်ပါပြီ။ တိုင်းပြည်အတွက် တာဝန်သိသိ သစ္စာရှိရှိ ကယ်တင်နိုင်မည့် အာဇာနည် စစ်ဗိုလ်၊ စစ်သားများ ပေါ်ပေါက်နိုင်ပါစေ။ ပြည်သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ် စောင့်ရှောက်နိုင်သူများ ဖြစ်ကြပါစေ။

တိုင်းသူပြည်သား အပေါင်းတို့ မိမိတို့ တိုင်းပြည်ကြီး ချောက်ထဲမှ ဆွဲတင်နိုင်ဖို့ မိမိတို့ကိုယ်စီ တာဝန်ရှိကြပါသည်။ ဒီတာဝန်ကို ငါတို့မဆိုင်ဟုဆိုကာ ဘေးထိုင် ဘုပြောမနေကြပါနှင့်။ တိုင်းသူပြည်သား အားလုံးနှင့် ဆိုင်ပါသည်။ စစ်ဗိုလ်၊ စစ်သား၊ ရဲ၊ မီးသတ်၊ ကြံ့ခိုင်ရေး၊ စွမ်းအားရှင်၊ ကြက်ခြေနီ၊ ရုံးဝန်ထမ်း၊ အမျိုးသမီးရေးရာ၊ ကျောင်းသား၊ ဆရာ၊ မိဘ၊ တောင်သူလယ်သမား၊ အလုပ်သမား စသည့်မည်သို့ပင် နာမည်တပ်တပ် အားလုံးသည် တိုင်းသူ ပြည်သားများသာ ဖြစ်ကြပါသည်။ စစ်အာဏာရှင် ဗိုလ်စုတ်ကြီးများက အိမ်ကြက်ခြင်း အိုးမဲသုတ် ခွပ်ခိုင်းနေကြခြင်း ဖြစ်ပါသည်။ ယနေ့မှစကာ တိုင်းပြည်ရဲ့တရားခံ စစ်ဗိုလ်စုတ်ကြီးများ ခိုင်းတာ လိုက်မလုပ်ကြပါနှင့်။ ရပ်တန်းက ရပ်ကြပါ။ တိုင်းပြည်ရဲ့ သမိုင်းတရားခံများ မဖြစ်ကြပါစေနှင့် အချင်းချင်း ပြန်လည် စည်းလုံးညီညွတ်ကြပါ။ စည်းစည်းရုံးရုံး နေထိုင်ကြပါ။ သူက ဘာပဲညာပဲ ဆိုပြီး ပစ်မထားကြပါနှင့်။ စည်းရုံးရေးဆင်းကြပါ။

ယနေ့မှစ၍ …နည်းလမ်းနှစ်လမ်းဖြင့် စတင်ကြိုးစား ကြည့်ကြပါစို့ဟု အကြံပေးတင်ပြလိုပါသည်။

နံပါတ်(၁) ယနေ့မှစ၍ ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမဆို ရနိုင်သမျှ စည်းရုံးရေးဆင်းပါ။ စည်းရုံးကြည့်ပါ။ မိမိရဲ့ အရည်အချင်း ဘယ်လောက်ရှိသလဲဆိုတာ အဲဒီနေရာမှာ အဖြေပေါ်ပါလိမ့်မည်။ မိမိသည် ဘယ်သူ့ကိုမှ တိုင်းပြည်အတွက် သူရဲကောင်းများ ဖြစ်လာအောင် မစည်းရုံးနိုင်သေးဘူး ဆိုလျှင် မိမိမှာ ဘာအရည်အချင်းမှ မရှိသေးဘူး ဆိုတာကိုမှတ်ပါ။ ဘွဲ့တွေ ဒီဂရီတွေ ဘယ်လောက်ပဲရရ ဘယ်သူိ့ကိုမှ အကောင်းဘက်ကို ပါလာအောင် မစည်းရုံးနိုင်သေးဘူး ဆိုလျှင် မိမိရထားတဲ့ ဘွဲ့တွေဟာ အလကားဘွဲ့တွေပဲ ဖြစ်နေပါလိမ့်မည်။ ဗိုလ်ချုပ်အောင်ဆန်းကို ဘာလို့ တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်လို့ သမိုင်းမှတ်တမ်း တင်ကြပါသနည်း။ အားလုံး သိကြသည့်အတိုင်း တစ်တိုင်းပြည်လုံးကို တိုင်းပြည် လွတ်လပ်ရေးရရှိဖို့အတွက် ကြိုးစားတိုက်ပွဲ ၀င်လာအောင် ဟောနိုင်ပြောနိုင် စည်းရုံးနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။ အိန္ဒိယပြည်ကြီးရဲ့ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီကို တန်ဖိုးရှိသောပုဂ္ဂိုလ်ကြီးလို့ သမိုင်းမှတ်တမ်းတင်နိုင်ခြင်းမှာ တတိုင်းပြည်လုံးကို လွတ်လပ်ရေးတိုက်ပွဲထဲပါလာအောင် စည်းရုံး ဟောပြောနိုင်ခဲ့ လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ အရည်အချင်းကို စမ်းစစ်သောအားဖြင့် တိုင်းသူပြည်သားများ စစ်ကျွန်ဘ၀မှ လွတ်မြောက်အောင် ၀ိုင်းဝန်းစည်းရုံးဟောပြောကြပါ။ စည်းရုံး ဟောပြောချင်းဖြင့် မိမိတို့ရဲ့ သမိုင်းတန်ဖိုးများကို မြှင့်တင်ကြပါ။ မညာတမ်းပြန်စစ်ကြည့်ပါ… ငါဘယ်နှစ်ယောက်ကို စည်းရုံးကြည့်ပြီးပြီလဲ။ ငါ့နောက်ကို ဘယ်နှစ်ယောက်ပါလာပြီလဲ။ ငါနှင့်အတူ တိုင်းပြည်အတွက် အလုပ်ဘယ်နှစ်ယောက် တွဲလုပ်နေနိုင်ပြီလဲ။ ပြန်လည်ဆန်းစစ်ကြပါ။ မိမိတို့ရဲ့ အရည်အသွေးကို စည်းရုံးဟောပြောခြင်းဖြင့် မြှင့်တင်ပေးကြပါ။

နံပါတ်(၂) ဘယ်လိုမှ စည်းရုံးကြည့်လို့မရပဲ စစ်ဗိုလ်စုတ်ကြီးများ အာဏာတည်ရေးအတွက်နှင့် သူမိသားစုတစ်ခုတည်း ကြီးပွါးချမ်းဖို့ကို သာကြည့်ပြီး တိုင်းသူပြည်သားများကို မတရားနှိပ်စက်နေသော မြို့ရွာ ပြည်နယ် ဥက္ကဌများ၊ ကြံ့ခိုင်ရေးများ၊ စွမ်းအားရှင်များ၊ ရဲများ စသည့်ပုဂ္ဂိုလ်များ၏ မိသားစုစာရင်းများ၊ သူတို့၏ စီးပွါးရေးလုပ်ငန်းများကို စာရင်းများရေး၍ တိုင်းပြည်ကိုဖျက်ဆီးနေသော သမိုင်းတရားခံ လူဆိုးလူမိုက်ကြီးများ စာရင်းဆိုပြီး ခေါင်းစဉ်တပ်ကာ စာရွက်အလွတ်များတွင်ရေး၍ မိမိတို့ ကျေးရွာ၊ ရပ်ကွက်၊မြို့၊ ပြည်နယ်တိုင်းအသီးသီးရှိ နံရံများ၊ လမ်းများ၊ ဓါတ်တိုင်များ၊ အိမ်သာများ စသည့်နေရာစုံတွင် ကပ်ကြပါ။ မိမိဆက်နွယ်ရာ အီးမေးများသို့ ဖြန့်ဝေပေးကြပါ။ ဘလော့ဂ်များ ၀က်ဆိုက်များပေါ်တွင် ၀ိုင်းဝန်းဖြန့်ဝေ ဖေါ်ပြပေးကြပါ။ ထိုဖေါ်ပြခံထားရသော ပုဂ္ဂိုလ်များကို လုံးဝပေါင်းသင်း ဆက်ဆံခြင်းမပြုပါနှင့်။ 

ဘုန်းတော်ကြီးကျောင်းများကိုလည်း ထိုစာရင်းများပို့ပေးကြပါ။ ဆရာတော်များသည် ထိုပုဂ္ဂိုလ်များကို သပိတ်မှောက်ထားပြီးသား ဖြစ်ပါသည်။ ဆရာတော်များသည် ထိုပုဂ္ဂိုလ်များ၏ အမည်စာရင်းများ ရပါက သူတို့နှင့် လုံးဝ ပေါင်းသင်း ဆက်ဆံကြလိမ့်မည် မဟုတ်ပါ။ လူမိုက်ကို မပေါင်းသင်းမဆက်ဆံဖို့ မြတ်စွာဘုရားရှင်က သပိတ်မှောက်ခြင်းဝိနည်းကံ ဥပဒေကိုထားခဲ့ခြင်းဖြစ်ပါသည်။ မင်္ဂလာတရား ၃၈ ပါးတွင် အသေ၀နာစ ဗာလာနံ လူမိုက်ကို မပေါင်းသင်းနှင့် လို့ အစဦးဆုံးထားရခြင်းမှာ အရေးကြီးဆုံး ဖြစ်သည့်အတွက်ကြောင့် ဖြစ်ပါသည်။ လူမိုက်ကို ပေါင်းသင်းမိ၍ လူမိုက်အကျင့်များ လိုက်လုပ်မိပါက ဘယ်မင်္ဂလာတရား ကိုမှ ကျင့်နိုင်တော့မည် မဟုတ်ပါ။ အဇာတသတ်သည် သောတာပန်ဖြစ်နိုင်သည့် ပါရမီရှိပါလျက် ဒေ၀ဒတ်လူမိုက်ကို ပေါင်းသင်းမိသည့်အတွက် အဖကိုပင်ပြန်သတ်မိကာ ငရဲသို့ပင် ကျရောက်ခဲ့ရပေသည်။ မြတ်စွာဘုရား၇ှင်၏ လမ်းစဉ်အတိုင်း လူမိုက်စစ်ဗိုလ်ကြီးများ ခိုင်းတာမှန်သမျှကို လုံးဝ လိုက်မလုပ်ကြပါနှင့် အာဏာဖီဆန် ဆန္ဒပြကြ တိုက်ပွဲဝင်ကြပါဟု တိုက်တွန်းနှိုးဆော်ရင်း……….

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ဝေဖန်အကြံပြုစာများ ရေးပို့မည်ဆိုလျှင်….
king.issariya@gamil.com
www.king-zero.com