ဒီမိုဝေယံ သို့ ပေးပို့သော တိုင်ကြားစာများ သတင်းများ ကို microsoft word ဖိုင်များဖြင့် ပေးပို့ပေးပါရန် လေးစားစွာတောင်းပန်အပ်ပါသည်။ ပေးပို့လာသော စာများကို အချိန်မှီဖော်ပြပေးနိုင်ရန်ကြိုးစားပါမည်။

ကျေးဇူးမေမေ ကျေးဇူးပါမေမေ...♫ ♫ ♫

 ကျေးဇူးမေမေ ကျေးဇူးပါမေမေ... ♫ ♫ ♫
(၆၆)နှစ်ပြည့် မွေးနေ့ရှင် အမေစုအတွက်...

ဒီနေ့ ဇွန်လ (၁၉)ရက်နေ့ (၆၆)နှစ်ပြည့် အမေစုမွေးနေ့...။ ကျွန်တော်တို့ ပြည်သူတွေရဲ့ ရင်ထဲမှာ စွဲကျန်နေရစ်မယ့် ထူးခြားတဲ့ နေတစ်နေ့ပါပဲ..။ ဘာရယ်မဟုတ် အခုတလော မိဘမေတ္တာဘွဲ့ အမေသီချင်းတွေ နားထောင်နေမိပါတယ်...။ အင်မတန်မှ လေးစား နှစ်သက်ခဲ့ရတဲ့ ကွယ်လွန်သူ နိုင်ငံကျော် အဆိုတော် ကိုထူးအိမ်သင်ရဲ့ ကျော်ကြားခဲ့တဲ့ အမေမေတ္တာဘွဲ့ သီချင်းတွေထဲက အကြိုက်ဆုံးတစ်ပုဒ်ဖြစ်တဲ့ ကျေးဇူးပါမေမေ ဆိုတဲ့ သီချင်းလေးပါပဲ.. ရေးစပ်သူက ကိုလေးလွင်ပါ..။ 

အမေလို့ စတင်ပြီး ခေါ်ဝေါသုံးစွဲပါရစေ အမေ။ အမေစု ကျွန်တော်တို့ ပြည်သူတွေ အားလုံးအတွက် အပင်ပန်းခံ၊ နေအိမ် အကျယ်ချုပ်အဖြစ်  နှစ်ပေါင်းများစွာ စတေးခံခဲ့ရ ပေးဆပ်ခဲ့ရတာတွေ များနေပါပြီအမေ..။ ကျွန်တော်တို့ ပြည်သူတွေ လေးစားချစ်ခင်ရပြီး နိုင်ငံတကာက လေးစားချစ်ခင်ရတဲ့  အမေစုဟာ ကျွန်တော်တို့ နိုင်ငံရဲ့အလင်းရောင်ပါ အမေ။ အမေစုဟာ ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူတွေရဲ့ အားကိုးရာပါ အမေ..။ နိုင်ငံတကာ လေးစားချစ်ခင်မှုရရှိတဲ့ အမေစုသာ မရှိရင် ကျွန်တော်တို့ ပြည်သူတွေရဲ့ ဘဝဟာ အာဏာရှင်အောက်မှာ မတွေးဝံ့စရာပါအမေ..။  

အမေစုကို လေးစားချစ်ခင်တဲ့ သားတွေထဲက တစ်ယောက် အနေနဲ့ ထပ်ပြီး ပူဆာ တောင်းဆိုပါရစေ အမေ...။ အမေဆက်လက်ပြီး ကျွန်တော်တို့ ပြည်သူတွေရှေ့မှာ မားမားမတ်မတ် ရပ်တည် ပေးပါဦးအမေ..။ အမေရဲ့ ဆုံးဖြတ်ချက်တွေ လမ်းညွှန်ချက်တွေ နောက်မှာ တသွေမသိမ်း လိုက်နာဆောင်ရွက်ပါ့မယ် အမေ...။ ၂၃နှစ်လုံးလုံး တိုင်းပြည်တွေအတွက် မိသားစုနဲ့ ပျော်ရွှင်ရမယ့် ဘဝတွေ အချိန်တွေကို စွန့်လွှတ်ပြီး နိုင်ငံနဲ့ ပြည်သူအတွက် ဘဝကို နှစ်မြုပ်ထားခဲ့ရတဲ့ အမေစုကို သားတို့ လေးစားစာနာမိပါတယ်.. အမေ။ သားတို့ အမေစု အပေါ်မှာ ကံသုံးပါးနဲ့ ပြောမှားဆိုမှား ရှိခဲ့တာတွေ ရှိရင် အမေမွေးနေ့မှာ ခွင့်လွှတ်ပါလို့လည်း တောင်းပန်ပါတယ် အမေ..။

အမေစုရဲ့ (၆၆)နှစ်ပြည့် မွေးနေ့အခါသမယမှာ....
(ကျေးဇူးပါမေမေ♫ ♫ ♫ ) သီချင်းလေးထဲက အကြိုက်ဆုံး စာသားလေးတွေဖြစ်တဲ့
ဟိုအရင်တုန်းကလိုတော့ မမိုက်ဘူးအမေ ...♫ ♫ ♫

ဟုတ်ပါတယ် အမေစု ကျွန်တော်တို့ အမေစုသားတွေ ဖြစ်ဖို့အတွက် သတ္တိနဲ့ မိုက်ရူးရဲစိတ် (၂)ခုထဲက မိုက်ရဲရူးရဲစိတ်ဓာတ်ကို ဖယ်ထုတ်ပြီး အမှန်တရားအတွက် သတ္တိရှိရှိနဲ့ ရင်ဆိုင်ပါ့မယ်.. အမေ..။

ကျွန်တော်မေမေ အသက်ရာကျော်ဖို့ ဆုတောင်းနေ..♫ ♫ ♫

ဆိုတဲ့ စာသားအတိုင်း အမေစု မွေးနေ့မှာ  သားတို့ မြန်မာနိုင်ငံသားတွေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက အမေ အသက်ရာကျော် ရှည်စေဖို့ ဆုမွန်ကောင်း တောင်းပေးနေပါတယ် အမေ။

ကျွန်တော်မေမေ ပန်းကြာရေတွေ ရွှင်လန်းစေ ♫ ♫ ♫

ဆိုတဲ့ စာသားလေးအတိုင်း အမေစု ပိန်းကြာရွက်တွေပေါ် ရေမတင်သလို ဘေးအန္တရာယ် ကင်းပါစေအမေ။ ကြည်လင် အေးမြတဲ့ ရေအလျဉ်လို အေးချမ်းပါစေအမေ...။

ကျေးဇူးမေမေ ကျေးဇူးပါမေမေ ♫ ♫ ♫

ကျွန်တော်တို့ အဝေးရောက် သား၊သမီးတွေကနေ အမေ့စုရဲ့ (၆၆)နှစ်ပြည့် မွေးနေ့အတွက် ထပ်လောင်း ပြောပါရစေ... ကျေးဇူးမေမေ... ကျေးဇူးပါမေမေလို့......♫ ♫ ♫

ဒီမိုဝေယံ